သရော်စာ

မောင်သန်း – ရူးရုံလေးပဲ ရူးပါ

မောင်သန်း – ရူးရုံလေးပဲ ရူးပါ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၄

အခန်း (၁)

ကျေးငှက်သာရကာတို့၏ သာယာနာပြောဖွယ်တေးသွားများဖြင့် အိပ်ယာမှနှိုးထလာသော “မောင်သန်း” တစ်ယောက်၊ ခြံတွင်း သစ်ပင်ပန်းမန်များ၏ ပရစ်ဖူးလေးများကိုငေးကြည့်ရင်း မျက်နှာသစ်၊ သွားတိုက် စတဲ့ တစ်နေ့တာကိစ္စများကို စတင်ဆောင်ရွက်နေပါတယ်။ တစ်လက်စတည်းဆိုသလို သြော်… တတိယနိုင်ငံကိုရောက်တာ ဘာလိုလိုနဲ့ လေးနှစ်ကျော်သွားပါပြီလားလို့ ဘာသာ တွေးနေ မိပါ တော့ တယ်။

အတွေးပင်လယ်တွင်းဝယ်၊ ဒီနိုင်ငံကိုရောက်ကာစက ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲလေးတွေ၊ စိန်ခေါ်မှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေ၊ စတဲ့အသစ်သစ်ကိစ္စတွေကို ချောကလက်ရေနူး ပြန်စဉ်းစားလိုက်တော့၊ သူ့အလိုလို မခေါ်ဘဲ “ကိုသန်း” ခေါင်းထဲရောက်လာသူကတော့ ကျောင်းသားခေါင်းဆောင် “မိုးကောင်းကင်” ရဲ့တပည့်လို့ သူ့ကိုသူ ကင်ပွန်းတပ်လေ့ရှိတဲ့၊ “မောင်သန်း” တို့ရွာလေးက “အရူးဘခက်” ပါပဲ။

အခန်း (၂)

“မောင်သန်း” တို့တတိယနိုင်ငံကိုစရောက်ကာစကပေါ့ – အသိအကျွမ်းကလည်းမရှိ၊ စီးတော်ယာဉ်လည်း မ၀ယ်နိုင်သေးတဲ့ကာလဆိုတော့၊ တစ်နေ့တစ်နေ့ မောင်သန်းတို့မိသားစုက ဧည့်မျှော်တဲ့အလုပ်ကိုပဲ ဇောက်ချပြီးလုပ်ပါတယ်။ ကျောင်းတွေကလည်းပိတ်ထားတဲ့ကာလ၊ ဘေးအိမ်တွေကလည်း မိသားစုအားလပ်ရက် ရက်ရှည်အပန်းဖြေခရီးတွေထွက်နေတဲ့ နွေကျောင်းပိတ်ရက်ဆိုတော့၊ ခြံထဲရှင်းလိုက်၊ ဧည့်မျှော်လိုက်ပေါ့။

တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ခြံရှင်းရင်း ဧည့်မျှော်နေတုန်း – ဗြုန်းဆိုကားလေးတစ်စီးခြံရှေ့ထိုးဆိုက်လာပြီး၊ လူသုံးယောက်ဆင်းလာပါတယ်။ သြော်၊ ဒီမြို့ကမြန်မာအစ်ကိုကြီးပဲ။ “မောင်သန်း”က၀မ်းသာလွန်းလို့ နှုတ်ကလဲ ပျူပျူငှာငှာ …

“၀မ်းသာလိုက်တာဗျာ၊ ဧည့်မျှော်နေတာဗျ။ အိမ်ပေါ်တတ်ပါဗျာ။ ကျွန်တော် လုပ်လက်စလေးတွေသိမ်းပြီးအိမ်ပေါ်လိုက်ခဲ့ပါ့မယ်”။

ဇနီးသည်ကတော့ ၀မ်းသာအားရ ဦးဆောင်ပြီး အိမ်ပေါ်ကိုခေါ်သွားပါတယ်။ “မောင်သန်း” လည်းခြေလက်ဆေးကြောပြီး၊ အိမ်ပေါ်တတ်တော့ ဧည့်သည်သုံးယောက်ထဲက တစ်ယောက်ကမိတ်ဆက်ပေးပါတယ်။ အဲ့ထဲကမှ တစ်ယောက်က စကားလည်းသိပ်မပြောဘူး၊ ပြီးတော့လည်း နည်းနည်း မာရေကြောရေနိုင်တဲ့မျက်နှာပေးနဲ့၊ မာမှာပေါ့လေ- သူက ကျောင်းသားခေါင်းဆောင် “မိုးကောင်းကင်” ရဲ့တပည့် “ဘခက်” ဆိုပဲ။

ဧည့်သည်တွေပြန်သွားတော့မှ၊ “မောင်သန်း” ဇနီးသည်ကပြောပြတယ်- အဲ့မျက်နှာထားခပ်တင်းတင်းလူက အဖွဲ့တွေအများကြီးထောင်ခဲ့တာ၊ အဖွဲ့ပေါင်း (၁၀) ဖွဲ့လောက်ရှိတယ်၊ သူမှာအတွေ့အကြုံတွေ အများကြီးရှိတယ်။ “မောင်သန်း” က-

“မိန်းမ မင်းတစ်ထိုင်တည်းနဲ့ သိလှချည်းလား” ဆိုတော့၊ “ရှင်ခြံထဲကတတ်မလာသေးခင်မှာ သူကိုယ်သူမိတ်ဆက်ရင်း ပြောပြတာ …” တဲ့ဗျာ။
အခန်း (၃)

ရက်ကိုလစား၊ လကိုနှစ်စားရင်း တဖြည်းဖြည်းနဲ့ နေရာသစ်မှာ အသားကျစ ပြုလာပါပြီလို့ ဆိုရမလိုအချိန် –

တစ်နေ့ “မောင်သန်း” တစ်ယောက် လူမှုကွန်ယက်စာမျက်နှာထက်မှာ မိတ်ဆွေအပေါင်းအသင်းယောင်းရင်း တို့ရဲ့ လှုပ်ရှားမှုတွေ၊ တင်သမျှ၊ ဝေါပေါ်ပေါ်လာသမျှတို့ကို ကြည့်နေရင်း၊ ကျောင်းသားခေါင်းဆောင် “မိုးကောင်းကင်” ဆိုတာနဲ့ အဲ့ဗီဒီယိုကလစ်လေးကို ဇနီးသည်နဲ့အတူတူကြည့်နေရင်း၊ ဗီဒီယိုကလစ်ထဲမှာ“ဘခက်” ပါ ပါလာတယ်။ “ဘခက်” က တက်တက်ကြွကြွနဲ့ အလုပ်ကြီးအကိုင်ကြီး အလှူခံနေတာ၊ ပွဲစားကျနေတာပါပဲ … လက်ပစ်ဗုံးတစ်လုံးကို ဘယ်လောက်၊ အေကေတစ်လက်ကို ဘယ်ဈေးနဲ့။

အဲဗျာ… ကြည့်နေရင်းနဲ့ ဘယ်သူက လက်ဆော့ထားတယ်မသိဘူး၊ “ဘခက်”စကားပြောနေတဲ့ အခိုက်မှာ အောက်ကစာတန်းတွေပေါ်လာတယ်ဗျာ။

ဟာဗျာ … ခင်ဗျားတို့ကလည်း သိချင်ပြန်ပါ ပြီ။ မပြောပြဘူးဗျာ သတ်ချင်သတ်။  ၀ိုင်းစုခိုင်သိန်းလို ပြောလိုက်မယ် “လူလိမ်” ။

အမယ် … ပွဲကကြည့်လို့တော့ ကောင်းသား … “ဘခက်” က သူသံရုံးရှေ့မှာ- ဓာတ်ပုံကင်မရာ ရှေ့တည့်တည့်မှာ အာကြီးပြဲလို့ အော်ပြီး ဆန္ဒပြနေတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ တင်တယ်ခင်ဗျ။ နဖူးမှာလည်း ရဲရဲတောက်ခွပ်ဒေါင်းနဖူးစီးနဲ့၊ လက်မောင်းမှာလည်း ခွပ်ဒေါင်းလက်ပတ်နဲ့။ သူ့ဓာတ်ပုံကိုကြည့်ပြီး  “မောင်သန်း” တောင်မှ တော်တော်လေးစားသွားတာ။

နောက်ထပ်ဗီဒီယိုကလစ်တစ်ခုကို “ဘခက်” ကလူမှုကွန်ယက်စာမျက်နှာပေါ် ပြန်တင်တယ်ခင်ဗျ… လှချင်တိုင်းလှပြီပေါ့ဗျာ – ဗီဒီယိုထဲမှာ “ဘခက်” ကပင်နီတိုက်ပုံ၊ ရဲရဲတောက်ခွပ်ဒေါင်းနဖူးစီး၊ လက်မောင်းနှစ်ဘက်မှာလည်း ခွပ်ဒေါင်းလက်ပတ်နဲ့ဗျို့၊ ခန့်ချင်တိုင်းကို ခန့်နေတော့တာပါပဲဗျာ။

အခန်း (၄)

“မောင်သန်း” တို့ရွာလေးမှာ၊ မြန်မာအမျိုးသား ကြက်ဖခွပ်အသင်းဖွဲ့တော့ “မိုးကောင်းကင်” တပည့် “ဘခက်” မပါရင် ပွဲမစည်းဘူးရယ်လို့ ကာလသားတစ်သိုက် ကြားမှာပေါ့ဗျာ။ မြိ့တတ်ပြီး မြန်မာအမျိုးသားကြက်ဖခွပ်အသင်းပြိုင်ပွဲဝင်မယ်လည်း လုပ်ရော၊ အသင်းရဲ့အားကစားဝတ်စုံလိုပြီပေါ့။ မှန်တာပေါ့ဗျာ … ၀တ်စုံအတွက်သိုင်းကြ၀ိုင်းကြရင်း၊ နောက်ဆုံး အသင်းအားကစားဝတ်စုံဟာ ပီပီပြင်ပြင်ဖြစ်ပေါ်လာပါပြီဗျာ …

အသင်းရဲ့ဝတ်စုံလှလှလေးပေါ်မှာ၊ ဆွမ်းဆန်ထဲကြွက်ချေးရောဆိုသလိုပဲ-  နီ၊စိမ်း၊၀ါ အောက်ခံပေါ်မှာ ကြယ်ဖြူကြီးတစ်လုံးပါတဲ့အလံက ပြူးလို့။ တော်လှန်ရေးမိသားစုဝင်အချို့က ဒီအလံကိုရင် ဘတ်ပေါ်တင်ပြီး မကစားနိုင်ကြောင်းပြောတော့၊ “ဘခက်” က ရှုးရှုးရှဲရှဲနဲ့ နှာတွေမှုတ်ရင်း သောက်ရူးတွေ၊ ကိုယ့်နိုင်ငံကို ကိုယ်မချစ်တဲ့ကောင်တွေ၊ ဒါနိုင်ငံရေးပွဲမဟုတ်ဘူး၊ ဒါ အားကစားကွ နားလည်လား- ဒီအလံနဲ့ပဲကစားမယ် ဆိုပဲ။

တော်လှန်မိသားစုအားလုံးကတော့ ရင်နာနာနဲ့ပဲ ညှိနှိုင်းလို့မရတဲ့အဆုံး ကိုယ်ဘာသာကိုယ် အေးအေးဆေးဆေးပဲ နောက်ဆုတ်ပေးခဲ့ကြပါတယ်။

အခန်း (၅)

လူမှုကွန်ယက်စာမျက်နှာကလည်း တော်တော်ဝန်ဆောင်မှုကောင်းတယ်ဗျာ-   “မောင်သန်း” ရဲ့ဝေါပေါ်မှာ ပေါ်လာတယ်… “ဘခက်” တစ်ယောက် ရှယ်ထားတဲ့ ဓာတ်ပုံ တစ်ပုံ …

ဓာတ်ပုံက ဗကသညီမငယ်လေး ဖြူနှင်းထွေးရဲ့ပုံ- ခေါင်းစဉ်က “ဖြူနှင်းထွေးကို ချက်ချင်းလွှတ်” တဲ့။

အောက်ကမှတ်ချက်မှာလည်းရေးထားသေးတယ်- “ဖြူနှင်းထွေးကို ချက်ချင်းမလွှတ်ရင် ဘခက်နဲ့တွေ့မယ်”။

“မောင်သန်း” တစ်ယောက်ဝမ်းသာကျေနပ်မယ်ပဲရှိသေး … အောက်ကနောက်ထပ် ထပ်ပေါ်လာတဲ့ ဓာတ်ပုံကြောင့် တော်တော်စိတ်ပျက်သွားတယ်။ စာရှုသူများစဉ်းစားကြည့်ပါဗျာ … “ဘခက်” က –  နီ၊စိမ်း၊၀ါ အောက်ခံပေါ်မှာ ကြယ်ဖြူကြီး အလံပါတဲ့ အားကစားဝတ်စုံကို ပြုံးပြုံးကြီးဝတ်ထားရုံမျှမက၊ အသင်းသားတွေရှေ့မှာ အဲ့ဒီ့ နာဂစ်အလံတော်ကြီးက တလွင့်လွင့်နဲ့ ငှားငှားစွင့်စွင့်ကြီးဗျာ။

“မောင်သန်း” စိတ်ထဲ မျက်နှာသစ်ရင်း တစ်ကိုယ်တည်းတီးတိုးရေရွတ်မိတာကတော့ “ဘခက်” ရာ ရူးရုံပဲ ရူးပါကွာ၊ ပေါတော့မပေါပါနဲ့လို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts