ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ချိုးငှက်ဖြူအတွက် စပါးနှံ

ကျော်ဟုန်း – ချိုးငှက်ဖြူအတွက် စပါးနှံ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၄

စိတ်ကူး ၂ ထပ်နဲ့ 

ရစ်ပတ်ထားတဲ့ ကာလ။

ဘာသာဗေဒ ၂ ရပ်

အပြန်အလှန် ဓာတ်ပြုနိုင်လျက်နဲ့ 

ဘာသာပြန်ဖို့ 

ခက်နေကြတဲ့ ကာလ။

ချိတ် ချိတ်ချင်းမှ ငြိတာမဟုတ်

ကြိုး ကြိုးချင်းလဲ ရစ်တာပဲ။

ချိတ်ကောက်ကို

မီးမြိုက်ပြီးမှ

ဖြောင့်ရမှာလား။

ကြိုးထုံးကို

ဓါးခွဲပြီးမှ

ဖြီရမှာလား။

ဒိပြင် နည်းလမ်း

မရှိတော့ဘူးလား။

ချိတ်ကောက်ကို ဖြောင့်စေ၊

ကြိုးထုံးကို ပြီစေ။

ယမ်းငွေ့ များနဲ့ 

စပ်လောင်နေတဲ့ မျက်ဝန်း

အမြင်ကြည်လင်မှု မရှိနိုင်။

တိုက်ပွဲတွေ ရပ်ပစ်၊

ရန်ပွဲတွေ ရပ်ပစ်၊

ပစ် .. ပစ်.. ပစ် ..

သေနတ်တွေ  လွှတ်ပစ်၊

ကလိမ်ကကျစ်တွေ လွှတ်ပစ်။

ပြည်တွင်းစစ်အေးကို ပူအောင်ဆွ

ငြိမ်းချမ်းရေးစကားတွေပြောပြီး

ငြိမ်းချမ်းဖို့ ပယ်ချ။

အပစ်အခတ်ရပ်ရေးဗန်းပြ

ရွေးကောက်ပွဲကို

ပြန်ပေးဆွဲဖို့ ကြံနေတဲ့ ကာလ။

ဘာသာရေးစစ်ပဲ ဖြစ်မယောင်

ဆန္ဒပြသူတွေကိုပဲ အမှည့်ခြွေမယောင်

အပစ်ရပ်တွေနဲ့ စစ်ထပ်ဖြစ်သယောင်

ယောင်တော်ပြန်တွေ ဇွတ်လွှတ်နေတဲ့ ကာလ။

အရူးပါး အကွက်နင်း

ကလိမ်ကကျစ်တွေ

ဟိုတစ ဒီတစ ထွက်ကျ။

ခုတော့ ..

တရားမျှတမှုနဲ့ 

တရားဥပဒေ စိုးမိုးမှု

ဒမြတိုက်ခံနေရ၊

အပင်းလျှို ခံနေရ၊

စစ်ကျွန်ဇာတ် ဆက်သွင်းဖို့ 

စိတ်ကူး ၂ ထပ်နဲ့ 

ရစ်ပတ်လို့ ကောင်းနေကြ။

ပြောလိုက်မယ်၊

ဟိုဘက် ဒီဘက်မှာ ..။

ငြိမ်းချမ်းချင်ရင်

တရားမျှတမှု လိုမယ်။

ဒီမိုစစ်ဖို့ အတွက်

တရားဥပဒေ

စိုးမိုးဖို့ လိုတယ်။

(အဲဒါတွေ အရင်လုပ်ကြည့်လိုက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts