သူတို့အာဘော် စောငို

ဇင်လင်း – “ငတေမာရေးလမ်းစဉ်” မစွန့်လွှတ်သမျှ ငြိမ်းချမ်းဖို့ လမ်းမမြင်

ဇင်လင်း – “ငတေမာရေးလမ်းစဉ်” မစွန့်လွှတ်သမျှ ငြိမ်းချမ်းဖို့ လမ်းမမြင်
(ဒီလှိုင်းဂျာနယ်) အောက်တိုဘာ ၁၄၊ ၂၀၁၄

လက်ငင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကို လေ့လာအကဲခတ်နေသူတို့က မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဘယ်လဲ၊ ဘာလဲလို့ မေးခွန်းထုတ်လာကြပါပြီ။ သမ္မတ ဦးသိန်းစိန်က  မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီအလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူအဆတွေကို ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာသဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်တွေကို လက်မခံနိုင်တဲ့ အစွန်းရောက် နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဆိုးကျိုးကြီးမားနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု လက်ငင်းဖြစ်ပေါ်နေတဲ့ ဆွေးနွေးပွဲကာလ သဘောကွဲလွဲမှုတွေကို လွတ်လပ်ငြိမ်းချမ်းစွာ ဆွေးနွေးငြင်းခုံခွင့် ပေးနိုင်မည်လားဆိုတဲ့ ပြဿနာတစ်ခု ပေါ်ထွက်လာ နေတာတွေ့ရပါတယ်။

အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင် အပစ်အခတ်ရပ်ထားတဲ့ ကြားက လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေတာတွေ့ရ ပါတယ်။ တပြည်လုံး ငြိမ်းချမ်းဖို့အတွက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ အစိုးရက စိုင်းပြင်းနေသော် လည်း၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက လက်မခံတာတွေ့နေရတယ်။ လက်မှတ် ရေးထိုးပွဲပြီးမှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ပွဲကြီးတခု စမယ်လို့အစိုးရဘက်က ပြောနေပေမယ့်၊ တိုင်းရင်းသားတွေဘက်က ယုံကြည်ပုံမရ ပါဘူး။

တိုင်းရင်းသားတွေ ယုံကြည်မှုပျက်ပြားရတာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အောက်တိုဘာလဆန်းမှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က (၂) ယောက်ကျဆုံးပြီး (၃)ယောက်ဒဏ်ရာရခဲ့ပြီး၊ အစိုးရတပ်ဖွဲ့ဘက်က (၅) ယောက်ကျဆုံးပြီး (၅၇) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ SSPP အထွေထွေအတွင်းရေးမှူးက ပြောကြောင်း လွတ်လပ်တဲ့အာရှအသံရေဒီယိုသတင်းအရ သိရှိရပါ တယ်။ အစိုးရ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ကို နာခံခြင်း မရှိဘူးလို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA) ရဲ့ အထွေထွေ အတွင်းရေးမှူးက စစ်မြေပြင်သတင်းတွေကို ကိုးကားပြီး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့က အဲဒီနေရာကနေ ဒီလ (၃) ရက်က ဆုတ်ခွာပေးလိုက်ပြီ။ သူတို့ (အစိုးရစစ်တပ်) က အခုအချိန် အထိ တပ်စွဲထားတုန်းပဲ။ ဒါသမ္မတရဲ့ အမိန့်ကို မနာခံဘူးဆိုတာ ပြနေတာပဲ” လို့ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ SSPP/SSA ရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဧရာဝတီသတင်းဌာနကို ပြောပြတယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက တာ့ဖာဆောင် တံတားအနီးမှာ အစိုးရ စစ်တပ်နဲ့ SSPP/SSA ရှမ်းတပ်တို့ အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့အတွက် အဲဒီနေရာကနေ ဆုတ်ခွာပေးကြဖို့  သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။ ဒါပေမယ့် ရှမ်းတပ်တွေက ဆုတ်ခွာပေးခဲ့သော်လည်း၊ အစိုးရ စစ်တပ်က မဆုတ်ဘဲ တပ်စွဲထားတယ်လို့ SSPP/SSA ဘက်က ပြောဆိုပါတယ်။ ရှမ်းပြည်နယ်အတွင်း ကျေးသီးမြို့နယ်ထဲက တာဖာဆောင်းမှာ အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက် ရေးပါတီ SSPP/SSA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချူပ် (၂) လက်အောက်ခံ တပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက် လာတဲ့အတွက်  ရှမ်းပြည် တိုးတက်ရေးပါတီ SSPP က အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူခဲ့ပြီး၊ တာ့ဖာဆောင်းတပ်စခန်းမှ  အောက်တိုဘာ (၃) ရက်နေ့မှာ ဆုတ်ခွာပေးလိုက် တာဖြစ် တယ်လို့ SSPP အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ ဒါကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲသွားခဲ့ပါတယ်။

“ဒီနေ့မနက် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျနော်တို့ က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကို အလေးထားတယ်၊ ဒါကြောင့် စစ်ရေးနဲ့ ဖြေရှင်းနည်းဟာ ဖြေရှင်းနည်းမဟုတ်ဘူး၊ နှစ်ပေါင်း (၆ဝ) ကလည်း ဖြေရှင်းလာခဲ့ပြီ၊ ဘယ်သူ့ ဘယ်သူမှ မနိုင်ဘူး၊ ကောင်းမွန် တဲ့ရလာဒ်လည်း မထွက်လာဘူး၊ ကျနော်တို့ကဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ပဋိပက္ခ ကြီးထွား မလာအောင် ဖြစ်ပါတယ်။”

မဇ္ဈိမသတင်းဌာနရဲ့ သတင်းအရ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ အောက်တိုဘာ (၆) ရက်က စတင်ပြီး နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက ပြောတယ်လို့ဆိုပါတယ်။ SSA မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့အကြောင်း အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဦးသိန်းဇော်ထံ တယ်လီဖုန်းနဲ့ အကြောင်းကြားခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် အစိုးရဘက်က တုန့်ပြန်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ကျေးသီးမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက အစိုးရတပ်မတော် နဲ့ (SSPP/SSA) တို့ အောက်တိုဘာလ ၂ ကျေးသီးမြို့နယ် တာဖာဆောင်တိုက်ပွဲမှာ အစိုးရတပ်မတော်မှ တပ်မတော်သား (၁၁) ဦး ကျဆုံးခဲ့တယ်လို့ မဇ္ဈိမသတင်းဌာနကို ပြော ကြောင်းသိရပါတယ်။ ရှမ်းတပ်ဖွဲ့တွေဘက်က အကျအဆုံးတော့ မသိရပါ။ ဘယ်ဘက်က စစ်သားပဲ ကျကျ သူတို့အားလုံးဟာ မြန်မာ နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းရဲ့ မာနနဲ့ အာဃာတတွေကြောင့် ကြားထဲက အကျိုးမဲ့ အသက်စွန့်ခဲ့ ကြရတဲ့ မြေဇာပင်တွေလို့ဆိုနိုင်ပါတယ်။

တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ (၂) ရက်မှာပဲ SSPP/SSA ဘက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ထံ တိုက်ပွဲတွေ ရပ်တန့်ပေးရေးအတွက် တောင်းဆိုခဲ့တယ်လို့  ဧရာဝတီသတင်းက ဆိုပါတယ်။ ရှမ်းပြည်နယ်မှာ အပစ်ရပ်ထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSPP/SSA) အပေါ် အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို အမြန်ဆုံး ရပ်တန့်ပေးဖို့ သမ္မတ ဦးသိန်းစိန်ထံ ရှမ်းခေါင်းဆောင်တွေကလည်း စာပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ဆင်ကျော့ဌာနေ ပြည်သူ့စစ်အဖွဲ့ ဒုဥက္ကဋ္ဌ စဝ်ကိုင်ဖ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဦးဟန်ယောင်ဝေတို့ က လက်မှတ် ထိုး တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ငင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ဆိုတာ မလွယ် ကူတဲ့အခြေအနေပါပဲ။ တိုင်းရင်းသားတွေဘက်က နိုင်ငံရေးအရ တစုံတရာ အာမခံချက်မရရှိဘဲ၊ လက်မှတ်ထိုးရမယ့်အရေး ဖြစ်နေလို့ တွန့်ဆုတ်နေကြတာတွေ့နေရတယ်။ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO ကတော့ တလျှောက်လုံး သူတို့မူအပေါ်မှာရပ်နေတာ တွေ့နေရပါတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေးထက်၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကသာ အရေးကြီးကြောင်း အလျဉ်းသင့်တိုင်း ပြောနေခဲ့တာဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးဟာ နိုင်ငံရေး ဖြေရှင်းမှုရဲ့ လက်အောက်ခံ ပြဿနာဖြစ်တယ် လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောခဲ့ဖူးပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်မှသာ နိုင်ငံရေးအရ သဘောတူညီချက် တွေ ရရှိနိုင်ပြီး၊ အာမခံချက် လည်းရှိမှာဖြစ်တယ်။ ဒါမှသာ အစိုးရဘက်က မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်ပေါ်လာ နိုင်မှာ ဖြစ်ကြောင်း KIO/KIA ဘက်က အဆိုပြုနေခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်လာတဲ့ စစ်ရေး ပဋိပက္ခသတင်းတွေအရ အောက်တိုဘာမှာ အစိုးရလုပ်ချင်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ဖြစ်နိုင်ခြေ မရှိတာတွေ့ရပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အများစုရဲ့ သဘောထားက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အသိအမှတ် မပြုလိုကြတဲ့ အချက်ဟာ အဓိက ကျနေပါတယ်။

လက်ရှိအစိုးရအနေဖြင့် သတိပြုသင့်တဲ့ အချက်က တိုင်းရင်းသားတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက် (Political Aspiration) ကို အလေးဂရုပြဖို့ပါပဲ။ သြဂုတ် (၁၀)ရက်နေ့ (၃၉) နှစ်မြောက် ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရာက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် မြန်မာအစိုးရသည် စစ်မှန်သည့်နည်းလမ်းဖြင့် ဆွေးနွေးရန်၊ နိုင်ငံရေးဆွေးနွေးမှုတွင်လည်း လက်နက်ကိုင် တိုင်းရင်းသားများ လိုလားချက်များကို အသိအမှတ်ပြုပြီး ဆက်လက် အကောင်အထည်ဖော်သွားရန်တာဝန်မှာ အစိုးရတွင် အဓိကရှိသည်”  သဘောထားထုတ်ဖေါ် ပြသခဲ့တာကို သတိပြုသင့်ပါတယ်။ အခြားတိုင်းရင်းသားအင်အားစုတွေကလည်း ဒီသဘောထားအတိုင်း မကြာမကြာ ဖေါ်ပြခဲ့ကြတာတွေ့ရပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်ရင်၊ ပြဿနာခပ်သိမ်းရဲ့ မြစ်ဖျားခံရာဟာ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေတာ အထင်အရှားတွေ့နေရပြီဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သာမန် လွှတ်တော်ထဲမှာ ပြင်ဆင်ရုံနဲ့ မလုံလောက် ဘူးဆိုတာ ထင်ရှားလာပါတယ်။ အကြောင်းကတော့ လက်ရှိလွှတ်တော်ကိုယ်နှိုက်က ဒီမိုကရေစီဆန့်ကျင်ရေး ဖွဲ့စည်းပုံကို သစ္စာခံနေ ကြလို့ပါပဲ။ ဒါကြောင့်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဒီဖွဲ့စည်းပုံအရ ကျင်းပကြမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အစဉ်တစိုက် ဝေဖန်ပြောဆို နေတာဖြစ်ပါတယ်။

တကယ်တော့ မြန်မာ့ နိုင်ငံရေးပြဿနာဟာ နာတာရှည် လူမမာကြီးတယောက်လို ဖြစ်နေပေမယ့်၊ အနာရောဂါ မသိတာမဟုတ်ဘဲ၊ သိနေကြပြီး ဖြစ်ပါတယ်။ ဆေးလည်း ရှိပြီးဖြစ်ပါတယ်။ စိတ်ရင်းစေတနာ စင်ကြယ်စွာနဲ့ တိုင်းပြည်နဲ့လူထုအပေါ် မေတ္တာထားကြဖို့သာ လိုအပ်နေတယ် ထင်ပါတယ်။ အာဏာမြဲရေး တစ်ခုကိုပဲ အဓိကထားပြီး၊ ဘယ်သူသေသေ ငတေမာရင် ပြီးစတမ်းဆိုတဲ့ လမ်းစဉ်ကို စွန့်လွှတ်ကြမှသာ မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေ ချုပ်ငြိမ်းပြီး အမှန်တကယ် တည်ငြိမ်အေးချမ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့အရေး အရာအတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်များအနေနဲ့ မိမိတို့မာန်မာန၊ အယူအစွဲပြင်းတန်မှုတွေကို ချိုးနှိမ်ပြီး ပြည်သူလူထု အကျိုးစီးပွားကို ထမ်းရွက်ချိန် တန်ပြီ ဖြစ်ကြောင်းပါ။

((အောက်တိုဘာလ (၁၃) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts