မျက်မှောက်ရေးရာ သူတို့အာဘော်

လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament

ငြိမ်းချမ်းအေး
မေ ၇၊ ၂ဝ၁၂(photo: REUTERS/Soe Zeya Tun)“—ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်—“

 

လက်ရှိ ဗမာပြည် လွှတ်တော် နိုင်ငံရေးမှာ အဓိက ဒီမိုကရေစီ ဦးဆောင်ပါတီကြီးက ဝင်ရောက် လှုပ်ရှားပြီ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု အပြည့်ရှိတဲ့ အရည်အချင်းရှိ ခေါင်းဆောင်က ဦးဆောင်ပြီးတော့ လွှတ်တော် နိုင်ငံရေးလမ်းစဉ်မှတဆင့် ဗမာပြည် ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှ အကျိုးခံစားခွင့်ရှိရေး စတဲ့ မြောက်များစွားသော လုပ်ငန်းတွေကို ဆောက်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါတွေ လက်တွေ့ ဖြစ်နိုင်ဖို့က အရင် စစ်တပ်အစိုးရ လက်ထက်မှာ လိုသလို အချက်တွေ ထည့်သွင်းပြီး စိတ်ကြိုက် ရေးဆွဲထားတဲ့၊ တိုင်းပြည်ရဲ့ မူရင်း အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒေမှ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်များစွာကို ပြင်နိုင်မှ ရမယ် ဆိုတာ ဧကံ မုချ ဆိုပြီး နားလည် လက်ခံထားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေခံဥပဒေပြင်ရေး အပါအဝင် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင် လက်တွေ့ ဖြစ်နိုင်ဖို့က အခက်အခဲ အတားအဆီး အမျိုးမျိုးကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

 

“—တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင်—”


ဒါကြောင့် ပထမဦးဆုံးအနေနဲ့က လွှတ်တော် နိုင်ငံရေးမှာ ပါတီအားလုံး အငြင်းပွားဖွယ် ဖြစ်စရာ နည်းတဲ့၊ လက်ရှိ အခြေခံဥပေဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကထဲကနေပြီး ပြည်သူအများစု အကျိုးရှိအောင် ဥပဒေတွေ ပြဋ္ဌာန်းတာ၊ အစိုးရရဲ့ လုပ်ငန်းတွေကို မေးခွန်းတွေ ထုတ်တာ စတာတွေနဲ့ စရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာသာမက ဒေသဆိုင်ရာ ပြည်နယ်၊ တိုင်း လွှတ်တော်တွေမှလည်း လက်ရှိ အခြေခံဥပေဒေမှ ပေးပြီး ဖြစ်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချပြီး ပြည်သူများ လူနေမှု အဆင့်အတန်းမြင့်ဖို့၊ ရေ၊ မီး အပြည့်အစုံရဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ကျန်းမားရေး စောင့်ရှောက်မှု ပိုမို ရရှိဖို့၊ ပညာရေး အဆင့်အတန်းမြှင့်ဖို့ စတဲ့ လူမှုဘဝ သာယာဝပြောရေးကို အရေးပေးပြီး ပြည်သူအများစု ဒီမိုကရေစီရဲ့ အသီးအပွင့်တွေ (နည်းကောင်း နည်းနိုင်ပေမယ့်) ခံစားနိုင်အောင် စတင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ စစ်တပ်ထောက်ခံမှုရှိတဲ့ လက်ရှိအာဏာရပါတီမှ ကိုယ်စားလှယ်များ၊ စစ်တပ်က တိုက်ရိုက်ခန့် ကိုယ်စားလှယ်များကို တိုင်းပြည်ရေရှည် အကျိုးကျေးဇူး ရှိစေချင်ရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်မှ ဖြစ်မယ် ဆိုတာကို သိစေပြီး နားချ၊ စည်းရုံးသိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ စတင် အကောင်အထည် ဖော်လာနိုင်ရင် ဒီမိုကရေစီအင်အားစုအပေါ် ပြည်သူအများစု ထောက်ခံမှုကလည်း ဆက်လက် တည့်တံ့နိုင်မယ့်အပြင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုမို အနိုင်ရပြီး လွှတ်တော်မှာ နေရာအများစုယူလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် အပိုအကျိုးကျေးဇူးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ နေရာအများစု အနိုင်ရရှိခဲ့တဲ့ လက်ရှိ အာဏာရပါတီကိုလည်း “လမ်းတစ်ခြမ်းခင်း” နည်းတွေ၊ “မဲပေးမှ ရေပေး၊ မီးပေးမယ်” ဆိုတဲ့ နည်းတွေ အလုပ် မဖြစ်မှန်း၊ ပြည်သူ့အကျိုးကို တကယ် စိတ်စေတနာသန့်သန့်နဲ့ ထမ်းနိုင်မှ ဒီမိုကရေစီစနစ် နိုင်ငံရေးမှာ ရှင်သန်နိုင်မယ်မှန်း သင်ခန်းစာပေးပြီး ဖြစ်နိုင်ပါတယ်။ ခု ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာကို အာဏာရပါတီအနေနဲ့ သင်ခန်းစာ ယူတတ်ရင် သင်ခန်းစာတွေ အများကြီး ရသင့်နေပါပြီ။ တကယ် သင်ခန်းစာရလို့ အာဏာရပါတီက ပြည်သူအကျိုးပြုလုပ်ငန်းတွေ တကယ် အကောင်အထည်ဖော်ရင်လည်း တိုင်းပြည်အကျိုးရှိမှာဖြစ်ပါတယ်။

ဒီလိုဖော်ဆောင်နိုင်ပြီးတဲ့ အချိန်ကာလတစ်ခုမှာ ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်မှာ အင်အားရှိလာမယ်၊ စစ်တပ်ထောက်ခံမှု ရထားတဲ့ ပါတီကလည်း ဒီမိုကရေစီ နိုင်ငံရေးသဘော၊ အကျိုးကျေးဇူးကို သိလာမယ်၊ ဒီအချိန်ရောက်ရင်တော့ အခြေမခိုင်တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့လမ်းစ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

“—စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်—“


ကောင်းပြီ.. အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဘာတွေ ပြင်ရမလဲ ဆိုတာ ခု လွှတ်တော်နိုင်ငံရေး ထောက်ခံသူတွေ၊ မထောက်ခံသူတွေ၊ သာမန် ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ စတဲ့ အင်အားစု၊ အဖွဲ့အစည်းအသီးသီက ဝိုင်းဝန်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စဖြစ်ပါတယ်။

ဒါကြောင့် စာရေးသူရဲ့ တစ်ဦးတည်း အမြင်နဲ့ ဘာတွေတော့ ပြင်နိုင်ရင်ကောင်းမယ် ဆိုတာကို အောက်မှာ တင်ပြဆွေးနွေးပါမယ်။

အခန်း(၁) နိုင်ငံတော်အခြေခံမူများ (Chapter I: Basic Principles of the Union)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်က သွားမယ့်လမ်းစဉ်မူဝါဒမှာ အခြေခံမူတစ်ချက်က ပုဒ်မ (၆) (ဃ) ပါ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” ဆိုတာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မူရင်း သဘော၊ အနှစ်သာရ၊ အဓိပ္ပာယ်ဟာ ပြည့်စုံကုံလုံပြီးဖြစ်တဲ့အတွက် ဒီဝေါဟာရရဲ့ ရှေ့မှာ ကောက်ချက်အမျိုးမျိုးဆွဲနိုင်တဲ့၊ အဓိပ္ပာယ် အကောက်လွဲနိုင်တဲ့ မည်သည့် နာမဝိသေသနမှ ရှိစရာမလိုဟု ယူဆမိပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့၊ ပြည်သူ့အတွက်၊ ပြည်သူ့အစိုးရတစ်ရပ် ဖြစ်ရမယ် ဆိုတဲ့ သဘော၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စတဲ့ လောကပါလတရားတွေ ထွန်းကားရမယ်ဆိုတဲ့ သဘော၊ လူအများစု ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်တဲ့ စနစ်ဖြစ်ပြီး လူနည်းစု ဆန္ဒ၊ အခွင့်အရေးကိုလည်း အသိမှတ်ပြု အလေးထားတယ် ဆိုတဲ့သဘော စတဲ့ ဒီမိုကရေစီရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အနှစ်သာရတွေဟာ ဘာအထူးပြုချက်၊ တနည်းအားဖြင့် ဘာကန့်သတ်ချက် စကားလုံးမှ မလိုအပ်ဘဲ ဒီမိုကရေစီ ဆိုပြီး တစ်လုံးတည်း ထည်းထည်းချည်း ရပ်တည်နိုင်ပါတယ်၊ ရပ်တည်နိုင်ရပါမယ်။ နိုင်ငံတကာက ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်း အောင်မြင်နေတဲ့ တိုင်းပြည်တွေ၊ ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းပြည်တွေမှာလည်း ဒီလို ကန့်သတ်စကားလုံးမျိုး မတွေ့ရပါ။

ဗမာပြည်နဲ့ သမိုင်းအရ သဘောသဘာဝချင်း နီစပ်တဲ့ အင်ဒိုနီးရှားမှာတော့ ဦးဆောင်လမ်းညွှန်မှု သဘောပါတဲ့ အသုံးအနှုံး “Democracy Guided By” ဆိုပြီး သူတို့ရဲ့ အခြေခံမူမှာ ထည့်ထားပါတယ်။ ဒါလည်း “နိုင်ငံရဲ့ ပြည်သူအားလုံးကိုယ်စားပြုတဲ့ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီးမှ စဉ်းစားဆင်ခြင်၊ ဆွေးနွေးဆုံးဖြတ်မှုတွေရဲ့ ရလဒ်၊ ညီညွတ်တဲ့၊ တန်းဖိုးရှိတဲ့ တွေးခေါ်မှု အတွင်း ပညာဉာဏ်မျိုးပါတဲ့ လမ်းညွှန်ဦးဆောင်မှု” ဆိုပြီး သေချာ ရှင်းထားတဲ့အတွက် ယခု ဗမာပြည်က စစ်အုပ်စုလိုလားသူတွေ အဓမ္မ တင်သွင်းခဲ့တဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာလောက် အငြင်းပွားစရာ၊ ဝေဝါးစရာ မရှိပါ။

ဒါကြောင့် အခြေခံမူမှာ ဖွင့်ဆိုရှင်းလင်းချက် အတိအကျမပါဘဲ လိုသလို ယူသုံးနိုင်ဖို့ ဒီမိုကရေစီရဲ့ ရှေ့ကနေ ပိတ်ထည့်ထားတဲ့ အထူးပြု စကားလုံးကို ဦးစွာပထမ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အခန်း(၁) နိုင်ငံတော်အခြေခံမူများမှာ ဒုတိယအချက်အနေနဲ့ မပြင်မဖြစ် ပြင်ဖို့လိုတာက ပုဒ်မ (၆) (စ) လုံးပါ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ အချက် ဖြစ်တယ်။

 

“—အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ—“


ဒီလို တပ်မတော်က အမျိုးသားနိုင်ငံရေး၊ တနည်းအားဖြင့် တိုင်းပြည်ရဲ့ နိုင်ငံရေး လမ်းစဉ်၊ မူဝါဒကို အမြဲ ဦးဆောင်၊ ဦးရွက်ပြုမယ်ဆိုတာမျိုးဟာ ဘယ်ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံမျိုး၊ ဘယ်ဒီမိုကရေစီစနစ်မျိုးမှာမှ မရှိတဲ့ အချက်ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလို စစ်တပ်က အာဏာ ခဏခဏ သိမ်းလေ့ရှိတဲ့ တိုင်းပြည်မျိုးမှာတောင် ခုနောက်ဆုံးရေးဆွဲတဲ့ ၂၀၀၇ အခြေခံဥပဒေမှာ ဒီလို ဗြောင်ကျကျ နောင်ကိုလည်း စစ်တပ်ကပဲ ဦးဆောင်မယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားတာမျိုး မရှိပါ။ စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်။ အင်ဒိုနီးရှားကို ကြည့်ပြန်ရင်လည်း တရားမျှတပြီး ယဉ်ကျေးတဲ့၊ လူ့အခွင့်အရေးကိုလည်း အပြည့်အဝ လေးစားလိုက်နာတဲ့၊ နိုင်ငံသားအားလုံး လူမှုဘဝ သာယာဝပြောလာအောင် တန်းတူအခွင့်အရေး ပေးတဲ့ မူဝါဒ၊ လမ်းစဉ်တွေ ချမှတ် အကောင်ထည်ဖော်ရမယ်ဆိုပြီးပဲ အခြေခံမူထဲမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။

တပ်မတော်ရဲ့ အဓိကနဲ့ တစ်ခုတည်းသော တာဝန်ဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့သာဖြစ်ပြီး မဆိုင်တဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်စရာ အကြောင်းမရှိပါ။ ဒါဟာ အခြား ဒီမိုကရေစီ တိုင်းပြည်တွေနဲ့ စနစ်တွေမှာ မရှိလို့ဆိုတာရယ်ကြောင့်သာ မဟုတ်ပါ။ အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ။ ဘာကြောင့်လဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်က နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ ကိစ္စအဝဝကို ဝင်ရောက် ကိုင်တွယ် စီရင် ဆုံးဖြတ်တဲ့အတွက် တိုင်းပြည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရတဲ့ ခါးသီးတဲ့ ကိုယ်တွေ့သမိုင်းသင်ခန်းစာကြောင့် ဖြစ်ပါတယ်။

ဒီအခန်း(၁) အခြေခံမူများ အောက်မှာပဲ ပုဒ်မ (၂၀) မှာ ပါတဲ့ တပ်မတော်ရဲ့ ကိုယ်ပိုင် အင်အားတောင့်တင်းဖို့၊ တိုင်းပြည် လုံခြုံဖို့ စတာတွေအတွက် ပြဋ္ဌာန်းထားတဲ့ စစ်တပ် အခန်းကဏ္ဍတွေကို လက်ခံ နားလည်ပေးနိုင်ပေမယ့် အထက်မှာ တင်ပြတဲ့ ပုဒ်မ (၆) (စ) ပါ စစ်တပ်က တိုင်းပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကိုပါ ဦးဆောင်မယ် ဆိုတဲ့ အချက်ကတော့ နိုင်ငံမှာ ဒီမိုကရေစီ စနစ်တကယ် ရှင်သန်စေချင်ရင်၊ တိုင်းပြည် တကယ် ငြိမ်းချမ်း သာယာ ဝပြောစေချင်ရင် မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်ဖြစ်တယ် ဆိုတာကို နှစ်ငါးဆယ်ကျော် စနစ်ဆိုးရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ပြည်သူအားလုံး နားလည်သဘောပေါက် လက်ခံနိုင်မယ်လို့ ယူဆပါတယ်။

အခန်း(၂) နိုင်ငံတော်ဖွဲ့ စည်းတည်ဆောင်ပုံ (State Structure)

ဒီအခန်းမှာလည်း အချက်တော်တော်များဟာ တိုင်းပြည်ရဲ့ ဌာနေ တိုင်းရင်းသား၊ လူနည်းစု လူမျိုးစု အားလုံးကို တကယ်ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သေချာဆွေးနွေးတိုင်ပင်၊ နှီးနှောပြီး ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ သတ်မှတ်ပုံ၊ နယ်မြေခွဲဝေပုံ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ အုပ်စုအသီးသီးမှာ အာဏာခွဲဝေပုံ စတာတွေဟာ အဖွဲ့အစည်းတစ်ခု (စစ်တပ်) ရဲ့ သဘောဆန္ဒနဲ့သာ အများစု ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံမျိုးနဲ့က စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး၊ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တန်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက်က ရေမှာအရုပ်ရေးဖို့ ကြိုးစားနေသလို လုပ်သလောက်၊ အရာမထင် အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

အခန်း (၃) နိုင်ငံတော် အကြီးအကဲ (Chapter III: Head of State)

ဒီအခန်းမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် အကြီးအကဲ၊ သမ္မတတစ်ယောက်မှာ ရှိရမယ့် လိုအပ်ချက် အချက်အလက် နဲ့ အရည်အချင်းတွေမှာ မလိုလားအပ်တဲ့၊ တိုင်းပြည်အတွက် တကယ်အသုံးမဝင်တဲ့ ကန့်သတ်ချက်တွေအများကြီးပါနေတာ တွေ့ရပါတယ်။

ပထမဦးဆုံးအနေနဲ့ ပုဒ်မ (၅၉) (ဃ) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ ” နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမယ်” ဆိုတဲ့ အချက်ကို စတင် ဆွေးနွေးပါမယ်။

ဒီအချက်မှာ စစ်ရေးအမြင်ဆိုတဲ့ အချက်က ထောက်ပြစရာ၊ အငြင်းပွားစရာ အများကြီးရှိတယ်။ ကတ်ကတ်သတ်သတ် စကားလုံးတစ်လုံးကို အခြေပြုပြီး ပြောလာရင် “စစ်တိုက်ဖူးရမယ်၊ စစ်တပ် ရာထူး၊ တာဝန် ထမ်းဆောင်ဖူးရမယ်” ဆိုတာအထိ အဓိပ္ပာယ် သက်ရောက်လာစေပြီး အခြေအတင် ဖြစ်လာနိုင်ပါတယ်။

စစ်ရေးအမြင်သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စတဲ့ အမြင်တွေ ရှိမရှိဆိုတာက အခြေခံဥပဒေနဲ့ ကန့်သတ်ထားရမယ့် ကိစ္စမဟုတ်၊ ပြည်သူလူထုက (သို့) သူတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သမ္မတနေရာနဲ့ ထိုက်တန်သူ ဟုတ်၊ မဟုတ် ဆုံဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့အချိန်မှာ ဒီပုဂ္ဂိုလ်ရဲ့ ပညာအရည်အချင်း၊ နောက်ကြောင်း သမိုင်း၊ အတွေးအခေါ်၊ အမျှော်အမြင် ကိုကြည့်ပြီး သမ္မတ တာဝန် ကျေအောင် ထမ်းနိုင်၊ မထမ်းနိုင်၊ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သူ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမှာသာ ဖြစ်ပါတယ်။

ဗမာ စစ်ဗိုလ်ချုပ်ကြီးများ နှင့် သူတို့ရဲ့ အခါတော်ပေး ပညာရှိကြီးများ စနစ်တကျ လေ့လာအတုယူပြီး ဒီမိုကရေစီအသွင်ပြောင်းရေး ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ။ “သမ္မတရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အမျှော်အမြင်၊ ရည်မှန်းချက်၊ အစီအစဉ်တွေ ရှိရမယ်” ဆိုတဲ့ အချက် သာပါ ပါတယ်။ ပညာအရည်အချင်း သတ်မှတ်ချက်မှာလည်း အတန်းပညာ အနည်း၊ အများနဲ့ လူ့ရဲ့ အရည်အချင်းက တိုက်ရိုက် အချိုးမကျတဲ့အတွက် အခြေခံပညာ အထက်တန်းအောင်ရမယ် လို့သာ သတ်မှတ်ထားတယ်။

 

“—ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ—“


အင်ဒိုနီးရှား ဖွဲ့စည်းပုံမှာ အာဏာရှင် တဖြစ်လဲ တိုင်းပြည်တွေအတွက် ပိုအရေးကြီးတဲ့ “သမ္မတအရွေးခံမယ့်သူဟာ သူ့ရဲ့ စည်းစိမ်၊ ဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ကြေညာပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်အရှေ့မှာ အစစ်ခံရမယ်”၊ “ဝင်ငွေခွန်ကို အနည်းဆုံး ကပ်လျက် (၅) နှစ် ဆောင်ထားပြီးသူ ဖြစ်ရမယ်” စတဲ့ ကျင့်ဝတ်၊ သီလ ပိုင်းဆိုင်ရာ အချက်တွေကို သေသေချာချာ သတ်မှတ်ထားတယ်။ နောက်တစ်ခု သူ့မှာ ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာ့ပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အခြေခံဥပဒေမှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ အခြားအချက်တွေကတော့ “နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံကို သစ္စာမဖောက်သူ ဖြစ်ရမယ်” စတာတွေလို ပါရိုး၊ ပါစဉ် အချက်တွေသာ ဖြစ်ပါတယ်။

အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ။ အမေရိကန် သမ္မတတွေထဲမှာ စစ်တပ်ရာထူးထမ်းဆောင်ဖူးတဲ့ သူတွေရှိတယ်။ ဒါပေမယ့် စစ်တပ် တာဝန်ထမ်းဆောင်ချိန်နဲ့ သမ္မတဝင် အရွေးခံတဲ့ အချိန်ဟာ သပ်သပ်စီဖြစ်တယ်။ အများအားဖြင့်လည်း တိုင်းပြည်မှာ စစ်ပွဲကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ ဝင်ရောက်ပြီး တိုင်းပြည်ရဲ့ စစ်ရေးတာဝန် ထမ်းဆောင်ကြတာသာ ဖြစ်တယ်။ သူတို့ကို သမ္မတအဖြစ် ပြည်သူက ရွေးကောက်တင်မြှောက်ကြတာကလည်း စစ်တပ်ကလာလို့ (စစ်ရေးအမြင်ရှိလို့) ဆိုတာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ အထွေထွေ အရည်အချင်း၊ သူတို့ရဲ့ ရိုးသားမှု၊ သူတို့တင်ပြတဲ့ မူဝါဒ တို့ကို သဘောကျ ကျေနပ်နှစ်သက်လို့သာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာမည်ကြီးခဲ့တဲ့ စစ်သူကြီး အိုင်စင်ဟောင်းဝါး တစ်ယောက်သာ ကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်ခဲ့တဲ့ ခေါင်းဆောင်ထဲက တစ်ယောက်အနေနဲ့ လူကြိုက်များပြီး မဲပေးကြလို့ ၁၉၅၀ ပြည့်လွန်နှစ်များမှာ သမ္မတ ဖြစ်ခဲ့ဖူးတယ်။ သို့သော် သူလည်း သမ္မတ တာဝန်တွေ ထင်သလောက် အောင်မြင်အောင် မထမ်းနိုင်လို့ သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရခဲ့တယ်။

အမေရိကန် သမ္မတတာဝန်ကို စံချိန်တင် (၃) ကြိမ်ထမ်းဆောင်ဖူးတဲ့ ဖရန်ကလင်း ရူစဗဲ့ (FDR) ဆိုရင် စစ်တိုက်ဖူးဖို့နေနေသာ လမ်းတောင်မှ မလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ဦး ဖြစ်တယ်။ ရူစဗဲ့ နောက်ပိုင်းမှာ အခြေခံဥပဒေကို သမ္မတတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိဆိုပြီး ပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ ရူစဗဲ့ မတိုင်ခင်ကလည်း စာနဲ့ သေချာ ပြဋ္ဌာန်းထားခြင်းမရှိပေမယ့် ပထမဆုံးသမ္မတ နဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်က တတိယအကြိမ်မြောက် သမ္မတဝင် အရွေးခံဖို့ ငြင်းခဲ့ဖူးတဲ့ အစဉ်အလာကြောင့် ဘယ်သမ္မတမှ သက်တမ်း နှစ်ကြိမ်ထက် ပိုပြီး တာဝန် မထမ်းဆောင်ဖူးခဲ့ဘူး။ ကိုယ်ခန္ဓာမသန်စွမ်းပေမယ့် ဉာဏ်ရည်၊ ဥာဏ်သွေးပြည့်စုံ၊ အရည်အချင်းရှိတဲ့ ရူစဗဲ့ လက်ထက်ကျမှသာ ပြည်သူလူထုတောင်းဆိုမှုကြောင့် တတိယအကြိမ် သမ္မတ ဝင်အရွေးခံပြီး ရွေးကောက်ပွဲနိုင်ခဲ့တယ်။ ဒုက္ခိတ သမ္မတဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အန္တရာယ် ဖြစ်တဲ့ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် နဲ့ ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်နိုင်ခဲ့တယ်။ စစ်မတိုက်ဖူးပေမယ့် အရည်အချင်းရှိရင် စစ်ရေးအမြင်ရှိနိုင်တယ် ဆိုတာကို အင်အားကြီးမားတဲ့ နာဇီ ဂျာမဏီ နဲ့ ဖက်ဆစ် ဂျပန်ကို နိုင်အောင်တိုက်ဖို့ဦးဆောင်ခဲ့တဲ့ ရူစဗဲ့ က သက်သေပြုပါတယ်။

ဒါကြောင့် ဗမာပြည်က ဖွဲ့စည်းပုံအခြေခံဥပေဒေပါ “သမ္မတတစ်ယောက်မှာ စစ်ရေးအမြင် ရှိရမယ်” ဆိုတဲ့ အချက် ပါသင့်၊ မပါသင့်၊ ဆက်လက် ရှိသင့်၊ မရှိသင့် အခြေခံကျကျ စဉ်းစားနိုင်ကြမယ်လို့ ထင်ပါတယ်။

ဒုတိယအနေနဲ့ ပုဒ်မ (၅၉) (င) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နဲ့ တစ်ဆက်တည်း အနည်းဆုံး အနှစ် (၂၀) နိုင်ငံတော်အတွင်း အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။ ခြွင်းချက် – နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရမည်” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။

ဒီလိုကန့်သတ်ချက်မျိုး နိုင်ငံတချို့မှာ နှစ်အရေအတွက် ကွားခြားပေမယ့် ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် (၁၀) နှစ် အနည်းဆုံးနေရမယ် ဆိုပြီး သတ်မှတ်ထားတယ်။ အမေရိကားမှာလည်း (၁၄) နှစ်ဆိုပြီး ရှိတယ်။ ဒီလို သတ်မှတ်တာကို အကြီးအကျယ် အငြင်းပွားစရာ အကြောင်းမရှိပေမယ့် အစိုးရပညာတော်သင် မဟုတ်ဘဲ၊ အစိုးရတာဝန်နဲ့ မဟုတ်ဘဲ နိုင်ငံတကာမှာ ပညာသင်၊ အလုပ်လုပ်နေတဲ့ အတွေ့အကြုံရှိ၊ ပညာတတ် လူလတ်ပိုင်း အရွယ်တွေအတွက် ပိုပြီး အခွင့်အရေးရှိ၊ အဆင်ပြေနိုင်စေအောင် နှစ်ကန့်သတ်ချက်ကို (၁၀)နှစ်အထိ လျှော့ချသင့်တယ်လို့ ယူဆပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး တိုင်းပြည်ပြင်ပ ထွက်ခွာသူ အားလုံး ခြွင်းချက်မှာ အကျူံးဝင်၊ မဝင်လည်း သေချာ မရှင်းပါ။

တတိယအနေနဲ့ ပုဒ်မ (၅၉) (စ)မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမ်၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။

 

“—အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ—“


ဒီအချက်ဟာ သမ္မတရဲ့ အရည်အချင်းနဲ့ မဆိုင်ဘဲ လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတွေထဲမှာ အဓိက ပြင်ကို ပြင်ရမယ့် အချက်ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာက အခြေခံဥပဒေတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး လုံးဝ မရှိပါ။ ဝင်ရောက် အရွေးခံမယ့် (သို့) နာမည်စာရင်း တင်သွင်းမယ့် သမ္မတလောင်း ပုဂ္ဂိုလ်တစ်ဦးတည်းသာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နယ်နိမိတ်မှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် စတာမျိုး ယေဘုယျ သဘောပါလေ့ရှိတယ်။ အခုလို တစ်စုံတစ်ယောက်ကို ကန့်သတ်ချင်လို့ စနစ်တကျ ထည့်သွင်း ကန့်သတ်ထားတာမျိုးဟာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အချက်ဖြစ်ပါတယ်။

အစဉ်အလာ ထုံးစံကို အလေးထား၊ ကိုယ်ပိုင် ယဉ်ကျေးမှုမြင့်မား၊ တန်ဖိုးထားတဲ့အပြင် ကိုးကွယ်ယုံကြည်မှု အယူဝါဒပေါင်းမြောက်များစွာ ထွန်းကား၊ ဘာသာတရားကိုင်းရှိုင်း၊ ရှေးရိုးစွဲတဲ့ အိန္ဒိယမှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီးအထိလိုက်ပြီး နိုင်ငံခြား တိုင်းပြည်တစ်ခုခုနဲ့ တစ်နည်းနည်း မပတ်သက်ရဘူး ဆိုတာမျိုး ကန့်သတ်ထားချက် မတွေ့ရပါ။

အိန္ဒိယ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဆိုရင် သမ္မတဖြစ်နိုင်ဖို့ အချက်တွေကို အဓိက (၃) ချက် သတ်မှတ်ထားတယ်။

အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၃၅) နှစ် နှင့် အထက် ဖြစ်ရမယ်။

အောက်လွှတ်တော် (ပါလီမန်) အမတ် တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံရမယ်။

အိန္ဒိယ အောက်လွှတ်တော် အမတ် ဖြစ်ဖို့ ပြည့်စုံဖို့က –
အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၂၅) နှစ် နှင့် အထက် ဖြစ်ပြီး စိတ်ရောဂါ ဝေဒနာမရှိသူ ဖြစ်ရမယ်။

ပေးစရာ အကြွေးများ မပေးနိုင်သဖြင့် လူမွဲစာရင်း (Bankrupt) ကြေညာဖူးသူ၊ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားရုံး အဆုံးအဖြတ်ခံဖူးသူ မဖြစ်စေရ၊ တရားရုံးတစ်ခုခုမှာ လက်ရှိ တရားရင်ဆိုင်နေသူဖြစ်ပါက ရင်ဆိုင်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးထားရမယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက အမတ်နေရာမှ ဖယ်ပေးရမယ်။
လူမှုအလွှာအမျိုးမျိုး၊ မျိုးနွယ်စု အမျိုးမျိုးအတွက် ကြိုတင်သတ်မှတ်ထားတဲ့ နေရာ (Reserved Seats) အတွက် ဆိုရင် သက်ဆိုင်ရာ လူမှုအလွှာ၊ မျိုးနွယ်စု မှ ဖြစ်ရမယ် –
လို့သာ အထက်မှာ ဖော်ပြသလို သမ္မတဖြစ်မယ့်သူ (သို့) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ဦးတည်ပြီး ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

အိန္ဒိယမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာအရ ပိုအရေးပါတဲ့ ဝန်ကြီးချုပ်နေရာအတွက် သတ်မှတ်ချက်တွေမှာလည်း သမ္မတနဲ့ သဘော၊ သဘာဝတူတူသာ ဖြစ်ပြီး မလိုအပ်တဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးနဲ့ ပတ်သက်လို့ ကန့်သတ်ထားချက်တွေ မပါပါ။ သမ္မတ (သို့) ဝန်ကြီးချုပ် ဟာ တိုင်းပြည်နယ်နိမိတ်အတွင်းမှာ မွေးရမယ့် ဆိုတဲ့ အချက်တောင် မပါပါ။

ဒါကြောင့် အရင်ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီလူမျိုး၊ အီတလီ နိုင်ငံမှာ မွေးတဲ့ ဆိုနီရာဂန္ဒီဟာ အိန္ဒိယရဲ့ အင်အားအကြီးမားဆုံးဖြစ်တဲ့ အပြင် အိန္ဒိယလွတ်လပ်ရေးသမိုင်းမှာ ရှေ့တန်းကဦးဆောင်ခဲ့တဲ့ အမျိုးသာကွန်ဂရက်ပါတီကို နှစ်ပေါင်းများစွာ ခေါင်းဆောင်နေပြီး ခုနောက်ဆုံး ၂၀၀၄ သူ့ပါတီ ရွေးကောက်ပွဲအနိုင်ရတော့လည်း သူသာ ဆန္ဒရှိရင် အခြေခံဥပဒေက ကန့်သတ်ထားခြင်းမရှိတဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို တက်ယူနိုင်တယ်။ ဒါပေမယ့် အဲ့တုန်းက အတိုက်အခံတွေ၊ ရှေးရိုးစွဲတွေနဲ့ မလိုလားအပ်ဘဲ အငြင်းမပွားချင်လို့ သူ့ပါတီက မန်မိုဟမ်ဆင်း (လက်ရှိဝန်ကြီးချုပ်) ကို ဝန်ကြီးချုပ်ရာထူးပေးပြီး ကိုယ်တိုင်က တိုင်းပြည်မှာ တကယ်အရေးပါတဲ့ အာဏာရပါတီခေါင်းဆောင် နေရာ၊ လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကိုသာယူပြီး နောက်ကွယ်က တိုင်းပြည်ကို စီမံအုပ်ချုပ်နေတယ်။

အင်ဒိုနီးရှားမှာလည်း သမ္မတရွေးခံမယ့် ပုဂ္ဂိုလ်တစ်ယောက်ကိုသာ နိုင်ငံမှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် ဆိုပြီး ကန့်သတ်ထားပြီး ဇနီး၊ ခင်ပွန်း၊ သားသမီးကို ကန့်သတ်ထားတာမျိုး မတွေ့ရပါ။ အမေရိကားမှာလည်း အလားတူပါပဲ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုသဘောမျိုး လုံးဝမရှိပါ။

ဒါကြောင့် သမ္မတတစ်ယောက်ဖြစ်နိုင်ဖို့ လိုအပ်ချက်သတ်မှတ်ချက် “ပုဒ်မ (၅၉) (စ)” ဟာ လျော်ကန်၊ သင့်မြတ်မှု ရှိ၊ မရှိကို အားလုံး လက်ခံစဉ်းစား ဆင်ခြင်နိုင်ကြမယ်လို့ ယူဆပါတယ်။

“—မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်—“


အထက်မှာ တင်ပြခဲ့တာတွေဟာ အခြေခံဥပဒေ အခန်း (၁၊ ၂၊ ၃) မှာပါတဲ့ ပြင်ဆင်သင့်တဲ့ ပုဒ်မ တချို့ဖြစ်ပါတယ်။ ဒီအခန်း (၃) ခန်းမှာပဲ အခြား ဆွေးနွေးသင့်တဲ့ ပုဒ်မတွေ ကျန်နေသေးလို အခြား အခန်းတွေမှာလည်း အသေးစိတ် ဆွေးနွေး ထောက်ပြစရာ အချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါကို ဆက်လက် မသွားသေးခင် အခြေခံဥပဒေပြင်ချင်ရင် ပြင်နိုင်ဖို့ သတ်မှတ်ထားတဲ့ အခန်းမှ ပုဒ်မတွေကို ဆွေးနွေးပါမယ်။

အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း (Chapter XII: Amendment of the constitution)

အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အခန်း (၁၂)၊ ပုဒ်မ (၄၃၅) မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပေဒမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်” ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါဟာ ဆွေးနွေးခြင်းအတွက်သာ ဖြစ်ပြီး အတည်ပြုချက်ယူဖို့က ပုဒ်မ (၄၃၆) (က) မှာ အရေးကြီးတဲ့ အခန်းမှ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆိုင်နိုင်လို့ သတ်မှတ်ပြီး အခြား အရေးမကြီးတဲ့ ပုဒ်မတွေအတွက် ပုဒ်မ (၄၃၆) (ခ) မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒနဲ့ ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

အင်ဒိုးနီးရှား၊ ထိုင်း နဲ့ အခြားနိုင်ငံတကာ မှာလည်း ဒီလောက်လိုအပ်ချက်များတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် ကန့်သတ်ချက်မျိုး မရှိပါ။ နိုင်ငံအလိုက် ပြင်ဆင်ခွင့် စနစ်ကွဲပြားကြသော်လည်း လိုအပ်တဲ့ ပြင်ဆင်ခွင့် ထောက်ခံသူ ရာနှုန်းဟာ ဗမာပြည်မှာလို လေးပုံသုံးပုံ အထိ မလိုအပ်ဘဲ အများဆုံး သုံးပုံနှစ်ပုံသာ လိုအပ်တာကို တွေ့ရပါတယ်။

ဒါကြောင့် မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်တဲ့အကြောင်း အကြံပြုဆွေးနွေးတင်ပြရင်း စာရေးသူရဲ့ ပုဂ္ဂိလိက ခံယူချက်ဖြစ်တဲ့ လွှတ်တော်နိုင်ငံရေးလမ်းခရီးဟာ အမြင်နီးတယ်လို့ ထင်ရသလောက် လက်တွေ့ ခရီးဝေးနေဦးမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ရေရှည်အကျိုး မျှော်ကိုးပြီး လွှတ်တော် ပြင်ပ နိုင်ငံရေးကိုပါ တပါတည်းတွဲလျက် အခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ကြဖို့ ဒီမိုကရေစီအင်အားစုဟု အမည်ခံထားသူအားလုံးကို တိုက်တွန်းရင်းနဲ့ ယခု ဆွေးနွေးတင်ပြချက်ကို နိဂုံးချုပ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို နောင်မှာ အလျင်းသင့်သလို ဆက်လက် တင်ပြဆွေးနွေးပါမယ်။

ငြိမ်းချမ်းအေး
၀၇၊ မေ၊ ၂၀၁၂

ကိုးကား။ ။

၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ်။
၂) နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကြောင်းရေးထားတဲ့ အွန်လိုင်းစွယ်စုံကျမ်းများ။

ဤဆောင်းပါး ဖော်ပြပြီး မိနစ်ပိုင်းအတွင်း စာရေးသူ ပေးပို့လာသော အမှားပြင်ဆင်ချက်။ ။ အိုင်စင်ဟောင်းဝါးက သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ယူဖူးပါတယ်..။ ဒီ အမှား ယိုယွင်းချက်က စာရေးသူ တင်ပြတဲ့ သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက် အခြေခံဥပေဒေမှာ မထည့်သွင်းသင့်ဘူးဆိုတာကို ပြောင်းလဲမှု မရှိစေပါ။ ဘာကြောင့်လဲဆိုတော့ ဆောင်းပါးမှာ ရှင်းလင်းခဲ့သလို စစ်တာဝန်ထမ်းဆောင်ဖူးတဲ့သူတွေ နောက်ပိုင်း သမ္မတဝင်အရွေးခံတော့ အနိုင်ရတာဟာ သူတို့တင်ပြတဲ့ တိုင်းပြည်မှာ ဖော်ဆောင်မယ့် မူဝါဒ တွေကို သဘောကျနှစ်သက်လို့သာ ဖြစ်ပြီး စစ်တိုက်ဖူးလို့ဆိုတဲ့၊ စစ်ရေးအမြင်ရှိလို့ဆိုတဲ့ အချက်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament
  1. I just want to comment on one thing. It’s about Thailand. Do you know why Thai Army is not mentioned in their constitution? who is in control of their Army? The King has the complete control over the Army and it is mandatory for the Army to take an oath and they will obey and be loyal to the King. In other words, not even the Prime Minister but the Monarch/ King is the Chief of Staff . It is therefore a widely acknowledged truth that all the coup d’etat taken place in their history could not have been successful without the blessing from the King.

    Just to clarify something incorrect for the interest of the online readers.

    1. >> Ko Ye Soe
      I’m fully aware about the Royal family’s influence on Thai Politics as well as the Army. My point here is that the Thai Army takes control the Power lately, their intention is purely for a short transitional period for the sake of the nation’s economy as they have well realised that more time they are in Power, more likely to be worsen in Business because of lack of trust from the world.
      Thanks for the comment.
      NYEIN CHAN AYE

Comments are closed.