သတင်းပဒေသာ

အခက်အခဲကြားထဲကကျင်းပနိုင်ခဲ့သည့် မကွေးမြေက ယဉ်ကျေးလိမ္မာသင်တန်းမြင်ကွင်း

ဘကျော် (မကွေး)
မေ ၇၊ ၂၀၁၂

ဒုတိယအကြိမ်၊ မြို့နယ်လုံးကျွတ်ဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းကို (၂၅ – ၄ – ၂၀၁၂) နေ့မှ (၂၉ – ၄ – ၂၀၁၂) နေ့အထိ မကွေးမြို့ အောင်မြေရတနာစာသင်တိုက်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ (၂၄ – ၄ – ၂၀၁၂) နေ့တွင် ဖွင့်ပွဲသဘောမျိုးဖြင့် မနက်ပိုင်းကို သက် ငယ်တန်း (၅-၆-၇) အတန်းကလေးများကို လက်ခံပြီး၊ ညနေပိုင်းတွင် (၉-၁၀) တန်းနဲ့ တက္ကသိုလ်တန်း လက်ခံခဲ့ပါသည်။ နံနက် (၇) နာရီမှ နေ့လည် (၁၁) နာရီထိ သက်ငယ်တန်း၊ နေ့လည် (၁) နာရီမှ ညနေ (၆း၃၀) အထိ သက်ကြီးတန်းဟု နှစ်ပိုင်းခွဲကျင်းပနိုင်ခဲ့သည်။

သင်တန်းဆရာများအား ဆရာတော်ဦးဝိစိတ္တသာရ (လေးအိမ်စု)၊ ဦးကောသလ္လ၊ ဓမ္မစက္ကဦးမောင်မောင်၊ ဆရာလေးဟေမာစာရီတို့မှ ဦး ဆောင်သင်ကြားပို့ချဖို့ တာဝန်ယူစေခဲ့သည်။ သင်တန်းဖြစ်မြောက်ရေးကော်မတီအနေဖြင့် သင်တန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင် သော ဆန္ဒက စာရေးစရာတွေကို အပိုဖိတ်ကြား ဟောပြောစေခဲ့ခြင်းဖြစ်သည်။ ဆရာမသန်းမြင့်အောင်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု)၊ ဇော် ခိုင်ဦးတို့အား ဟောပြောပို့ချစေခဲ့သည်။

သင်တန်းဖြစ်မြောက်ရန်ကြိုးပမ်းရသည်မှာ အချိန်တာ (၅) လကြာအောင် ကိုလင်း (ကားဘော်ဒီ) နှင့် ဦးကျော် (အငြိမ်းစား) တို့ (၂) ယောက်မှ ကြိုးစားအားထုတခဲ့မှုကို မှတ်တမ်းပြုထိုက်သည်။

အိုင်တီပညာရှင်များ၊ ကွန်ပျူတာမှတ်တမ်း၊ ဆလိုက်၊ အသံပိုင်းဆိုင်ရာ၊ ပြန်ကြားရေးအစရှိသဖြင့် ပညာရှင်လူငယ်တွေတက်တက်ကြွကြွနဲ့တာဝန်ကိုယ်စီထမ်းရွက်သွားကြသည်။ အင်မတန်ပျော်စရာကောင်းပြီး ဈေးအဖွဲ့မှ ကိုကြူ၊ ကိုသန်းစိုး၊ မပေါက်ပေါက်တို့မှလည်း အသံချဲ့ စက်ပိုင်းဆိုင်ရာနဲ့ ပြန်ကြားရေးကို လိုလေသေးမရှိ တာဝန်ယူသွားသည်။ နေရာဌာနကျင်းပမည့် အောင်မြေရတနာကျောင်းတိုက်မှတိုင်းသံဃာ့နာယကဆရာတော် ၊စာသင်စာချ ဦးစီးပဓာန နာယကဆရာတော်များ၊ ဖြစ်မြောက်ရေးကော်မတီလူကြီးမင်းများ၊ ပါရမီရှင်၊ ပါရမီသွေး၊ လူမှုရေးအသိစိတ်ပြည့်ဝကြသည့်သူများအားလုံး မိမိမြို့ရွာ၊ ဒေသအတွက် လုံးပမ်းနေကြသည်မှာ အားရစရာကြီးပင်ဖြစ်သည်။

ပထမဆုံး ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာအခြေခံသင်တန်းကို သင်ရိုးညွှန်းတန်းနှင့်သင်နိုင်အောင် ဦးဝိစိတ္တသာရ (လေးအိမ်စု)ဆရာတော်၊ ဦးကောသလ္လ (ကမ္ဘာအေး)၊ သီလရှင်ဆရာလေး ဒေါ်ဟေမာစာရီ (လေးအိမ်စု)၊ ဓမ္မစက္ကဦးမောင်မောင်စသည်ဖြင့် အထိုင်ချပြီး၊ စာပေဟော ပြောပို့ချမည့်စာရေးဆရာများကို လိုက်လံဆက်သွယ်ရသည်။ အချိန်နဲ့ကိုက်ညီစွာ အားလပ်ရက်ရှိမယ့် စာရေးဆရာများကိုဆက်သွယ်ရင်းနဲ့ကျင်းပမယ့်အစီအစဉ်မှာ ထည့်သွင်းကြေညာနိုင်ခြင်းမရှိပဲ မြို့နယ်အုပ်ချုပ်ရေးမှူးထ ခွင့်ပြုမိန့်တောင်းခံခဲ့ရသည်။

ကျင်းပဖို့ အများသိရှိဆက်သွယ်၍သင်တန်းတက်နိုင်အောင် ပိုစတာဗီနိုင်းစများကိုထောင်ခြင်း၊ အလှူခံစခမ်းတွေဖွင့်ဖို့ စတင်ကြိုးပမ်းနေခြင်း များကြောင့်၊ သင်တန်းစတင်မည့်ရက်နီးကာမှ စာပေပွဲအတွက် ရန်ကုန်မှ ဆရာမသန်းမြင့်အောင်၊ မောင်သာချို (ဂျက်ကွမ်းခြံကုန်း)၊ မန္တလး မှ ဦးဘုန်း (ဓာတု)၊ ဇော်ခိုင်ဦး စသဖြင့်ရလာသောအခါ အုပ်ချုပ်ရေးပိုင်းမှ နီးကပ်စွာတင်လာသောကြောင့် ခွင့်ပြုမိန့်မပေးနိုင်၊ ကျင်းပရေး ကော်မတီကလည်း စာရေးဆရာတွေဖိတ်ကြားထားပြီးဖြစ်၍ မဖြစ်ဖြစ်အောင်ကျင်းပချင်၊ တဖက်နဲ့ တဖက်အကြိတ်အနယ်ညှိနှိုင်းခဲ့ရသည်။

ဆရာတော်ဥိးဝိမလနဲ့ ဦးလှဆန်း (ဧကမ္ဘာ) တို့မှာ တိုင်းဒေသကြီးရုံးပြေးလိုက်၊ မြို့နယ်ဘက်သွားလိုက်၊ ခရိုင်ဒေသကြီးလိုက်လိုက်နှင့် တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပနေချိန်လည်းဖြစ်နေသည်။၊

၂၄၊ ၄၊ ၂၀၁၂ ညနေ (၄း၃၀) လောက်ကျမှ နှစ်ဘက်ညှိနှိုင်းမှုဖြင့် စာပေဟောပြောပွဲပုံသဏ္ဍာန်မှ သင်တန်းချိန်တွင် သင်တန်းသဘောမျိုး ဟောပြောပို့ချပေးပါဟု လူကြီးမင်းများမှတောင်းဆိုလာသဖြင့် သဘောတူလိုက်ကြရသည်။ ပထမအစတွင် ပွဲဖျက်လိုက်ရမလိုလို၊ ကလေး တွေကို ဖွင့်ပွဲလောက်ပဲကျင်းပပေးပြီး ကျင်းပခွင့် ဟောပြောခွင့်အကုန်မရသည့်အတွက် သင်တန်းရပ်စဲကြောင်းကြေညာမည်။ တဖက်က လည်း သူ့အခက်အခဲကို ပြောပြရာတွင် “ကျနော်က ကြားညပ်နေလို့ပါ” ဆိုသောကြောင့် သဘောထားကြိးစွာညှိနှိုင်းကျင်းပလိုက်ကြရသည်။ အထက်နဲ့အောက် အပြန်အလှန်နားလည်သဘောပေါက်ဆောင်ရွက်ရမည်ဆိုသည်မှာ ထင်ရှားခဲ့သည်။ မြို့ရွာဒေသကိုအုပ်ချုပ်တဲ့ အရာရှိများနှင့် မြို့ခံလူထုအကြားဆက်နွယ်မှုမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေရှိဖို့လိုကြောင်း အထင်အရှားပြလိုက်ခြင်းဖြစ်ပေသည်။

အုပ်ချုပ်ရေးပိုင်းလူကြီးမင်းများကလည်း ပြည်သူများရဲ့လိုလားနှစ်သက်မှုကို ဂရုပြုနိုင်ရပါမည်။ မိမိတို့ဘက်ကအခက်အခဲကို နားလည်သ ဘောပေါက်အောင်ရှင်းပြ၊ “ငါပြောသလိုလုပ်” ဆိုတာမျိုးကိုတော့ ခေတ်ဆွေးစနစ်ဆွေးမှာထားရစ်ခဲ့ဖို့တော့လိုပါပြီ။ အချိန်အခါနဲ့ကိုက်ညီတဲ့အပြောင်းအလဲမျိုးကို လက်ခံကျင့်သုံးလိုက်နာကြရမည်ဖြစ်သည်။ တစ်ဦးနဲ့တစ်ဦးနားလည်သဘောပေါက်စွာ မြို့ရွာကောင်းကျိုး လူထုကောင်းကျိုးတွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုလျှင် အထက်အောက်အပြန်အလှန်လေးစားလိုက်နာပါဆိုတဲ့ အချက်ပီပြင်သွားမည် ဖြစ်သည်။ လူထုကလည်း အုပ်ချုပ်ရေးပိုင်းကိုချစ်ခင်မည်။ လူကြီးမင်းများကလည်း ရပ်ရွာကောင်းကျိုးသယ်ပိုးမည်။ တဖက်နှင့်တဖက် အ တိုက်အခံတွေလုပ်နေလျှင် ဘယ်ဘက်က မှ ကောင်းကျိုးမရနိုင်ဆိုသည်ကို သတိချပ်သင့်သည်။

သင်တန်းလာတက်ကြတဲ့ ကလေးတွေများလည်း ပျော်မှပျော်၊ အဖျော်ရည်မုန့်မျိုးစုံနဲ့ဧည့်ခံမှုကလည်းပါသည်။ ကူညီလုပ်ကိုင်ပေးကြတဲ့လူငယ်တွေလည်း ကြည်ကြည်နူးနူး၊ ထူးထူးခြားခြား ဟောပြောပို့ချခဲ့ကြသော ဆရာတော်ဘုရားများနှင့် စာရေးဆရာများ၊ အမှုဆောင်ကော်မတီ လူကြီးလူငယ်များ၊ စေတနာရှင်ဒါယကာ၊ ဒါယိကာမများက တစ်နှစ်ထက်တစ်နှစ်တိုး၊ ဆထက်တပိုး ပိုလုပ်ကြရန် ယခုအချိန်ကတည်းကပြန် အားခဲနေကြလေပြီ။ မမောနိုင် မပန်းနိုင် ရင်ဆိုင်ဖြေရှင်းခဲ့ရသမျှ ပင်တိုင်အပြုံးကိုယ်စီရှိခဲ့ကြပေသည်။

မနက်ပိုင်းသင်တန်းသားက (၈၅၀)၊ ညနေပိုင်းသင်တန်းသားက (၃၇၀)၊ ပေါင်း (၁၀၀၀) ကျော်လောက်တက်ခဲ့သည်။ ဒီဝေလျှံဘော်ဒါမှ ဆွဲအိတ်တလုံးစီ၊ ပသာဒအထူးကုဆေးခန်းမှ သင်ကြားမည့်မင်္ဂလာစာပေစာအုပ်များ၊ ယောဂိတဘက်များကို “သမသုခ” ပွဲရုံ တပည့်ကိုင် မင်္ဂလာစာအုပ်အား ရန်ကင်း (ဘီ) (၈) လမ်းမှ ဦးသန်းလှ ဒေါ်သန်းသန်းဦးမိသားစု၊ အစရှိသဖြင့် အခြားသောစေတနာရှင်များမှလည်း အဖက်ဖက်မှ ၀ိုင်းဝန်းခဲ့ပါ သည်။ ကောင်းမွန်ကုမ္ပဏီ မှ ဝေယျာဝစ္စအဖွဲ့အတွက် တူညီဝတ်စုံတစ်စုံစီ လှူဒါန်းခဲ့ကြသည်။

ဆရာမောင်သာချိုပြောသွားသလို မာန်လည်ဆရာတော်ဘုရားကြီးရဲ့ဆုံးမစာအား အကြိမ်ကြိမ် အခါခါရွတ်ဖတ်နေရင်း နောင်အရှည်ကြာနေ ရသ၍ ကိုယ့်မြို့ ကိုယ့်ရွာ၊ ကိုယ့်ဘာသာသာသနာအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရပေမည်။

ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ်
ဆောက်သဖွယ်လျှင် ကျဉ်းကျယ်ထွင်းဖောက်
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏
(မာန်လည်)
မာဃဒေ၀ါလင်္ကာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အခက်အခဲကြားထဲကကျင်းပနိုင်ခဲ့သည့် မကွေးမြေက ယဉ်ကျေးလိမ္မာသင်တန်းမြင်ကွင်း
  1. မကွေးမြို့က ဆရာတော်များ သီလရှင် အလှူရှင်များကို အထူးကျေးဇူးတင်ပါကြောင်း
    ဆက်လက်ကြိုးစားပါဘုရား နောင်တစ်ချိန်မှာ နောင်လာသားတွေက အတုယူလိုကောင်းပါတယ်ဘုရား

Comments are closed.