(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၃
မွေးကတည်းက ပါမလာခဲ့တဲ့ အခွင့်အရေးကိုပဲ
မွေးရာပါ လူ့အခွင့်အရေးလို့
သတ်သတ်မှတ်မှတ် သတ်မှတ်လိုက်ရရင်
ကောင်းမလား။
အမှိုက်ပုံကြီးဘေးနား
ကောင်းနိုးရာရာတွေ ရွေးဆယ်နေတဲ့
ကလေးငယ်တချို့ကို မြင်မိတော့
အမေရိကန်ခွေးစာအတွက်
ဈေးဝယ်ထွက်နေတဲ့ လူတချို့ကို မြင်ယောင်မိတယ်။
ခွေးစားကျက်ဟာ
ဈေးကွက်ပေါ်မှာ အရောင်အသွေးစုံ တံဆိပ်မျိုးစုံနဲ့
ခွေးစားခွက်တွေကလည်း
ဈေးကွက်ပေါ်မှာ ဒီဇိုင်းစုံ ဈေးနှုန်းမျိုးစုံနဲ့။
အမှိုက်ပုံနံဘေးက ကလေးငယ်တွေအတွက်
ဈေးဝယ်မထွက်ခဲ့နိုင်သေးတဲ့
လေးဆယ်ကျော်အသက်မှာ
ခံစားချက်စာမျက်နှာအ၀ါတွေကို ချန်လှပ်ပြီး
မပျော်ရွှင်မှုတွေနဲ့ နေသားကျအောင် ပျော်တတ်ခဲ့ပါပြီ။
မပျော်ခြင်း မရွှင်ခြင်းနဲ့
မပျော် မရွှင်ခြင်းတွေအားလုံးကို
မွေးရာပါ လူ့အခွင့်အရေးတခုအဖြစ်
သတ်သတ်မှတ်မှတ် သတ်မှတ်ပစ်လိုက်မိပါပြီ။
မပျော်တေးတွေကိုပဲ
ပျော်ပျော် ရေး/ဆိုတတ်ခဲ့ရပါပြီ။
တကယ်တော့..
ပျော်နေခြင်းဟာ မပျော်ခြင်းတခုပါပဲ..။
ဆောင်းယွန်းလ (အောက်တိုဘာ ၉ရက်၊ ၂၀၁၄)