သာဂိ နိုင်ငံတကာရေးရာ

သာဂိ၊ မိုက်ခဲစိန် – အီဘိုလာ၊ အမေရိကားနဲ့ အိုဘားမား …


 

သာဂိ၊ မိုက်ခဲစိန် – အီဘိုလာ၊ အမေရိကားနဲ့ အိုဘားမား …
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၄

မိုက်ခဲစိန် – ဒီတပတ်မှာတော့ဖြင့် ထူးထူးခြားခြား ဘယ်သတင်းခေါင်းစဉ်တွေကိုများ တို့ထိ ဆွေးနွေးရမလဲလို့ စဉ်းစားမိတယ်။ ကမ္ဘာကြီးက ကပ်ကြီး ၃ ပါးဆိုက်နေတာ အထင်ရှားဆုံးကတော့ ရောဂါကပ်ဘေး၊ လက်နက်ကပ်ဘေးတွေပဲနဲ့ တူတယ်ဗျာ။ ငတ်မွတ်တဲ့ ကပ်ဘေးကတော့ အားလုံး ရင်ဆိုင်နေရတာပဲ ထင်တယ်ဗျ။

သာဂိ – ရောဂန္တရကပ်ဆိုလို့ အခု အဲသည်ကပ်ဆိုက်နေတာ အာဖရိကတိုက်ပေါ့။ အီဘိုလာဆိုတဲ့ ဗိုင်းရပ်စ်ပိုးက အတော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာပဲ။ အဆိုးဆုံးတိုင်းပြည်တွေက လိုက်ဘေးရီးယား၊ ဆီးရီလိုနီ၊ ဂူနီ တို့ဖြစ်တယ်။ နောက်ကလိုက်နေတဲ့ နိုင်ဂျီးရီးယား။ မကာကွယ် မကုသနိုင်လို့ သေကြရတာ လူ ၄ထောင်လောက် ရှိပြီတဲ့ဗျာ။ ကုသနိုင်တဲ့ဆေးကလည်း စမ်းသပ်နေဆဲဖြစ်တော့ လက်ပိုက်ကြည့်နေရသလို ဖြစ်နေတယ်။

မိုက်ခဲစိန် – အမေရိကန်ပြည်ကိုတောင် ကူးပြီဆိုပါလားဗျ။

သာဂိ – ကူးတယ်လို့ မပြောပါနဲ့ဦးဗျာ။ အမေရိကန်၊ တက္ကဆပ်ပြည်နယ်၊ ဒါးလပ်စ်မှာ အာဖရိက ကနေ ပြန်လာတဲ့ သူတယောက်မှာ အီဘိုလာပိုး ပါလာတာပါ။ အခုတော့ သေရှာပြီ ပြောတယ်။ သူ့ပတ်ဝန်းကျင်နဲ့ သူ့ဆေးရုံတွေကို အစိုးရကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့က အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုသဗျ။ ဖြစ်ပုံက သူ့ခင်မျာ အမေရိကန်မပြန်ခင် အီဘိုလားကူးထားတဲ့ကလေးငယ်ကို ချီပြီး ပို့ခဲ့တဲ့ဆီက ကူးတယ်လို့ ဆိုတယ်။ သူကတော့ မသိဘူး။ နောက် ၁ ပတ်ကျော်မှ အဖျားဝင်လာတာ။ ဆေးရုံအရေးပေါ်သွားပြတော့လည်း ဆေးရုံက အရေးမပါလောက်ဘူးထင်ပြီး အိမ်ပြန်လွှတ်လိုက်သတဲ့ဗျာ။ နောက် ၄၊ ၅ ရက်နေမှ အခြေအနေဆိုးလာလို့ ဆေးရုံတခေါက်သွားပြတော့မှ အီဘိုလာလူနာဆိုပြီး ဆေးရုံက ခေါ်တင်လိုက်တယ် ဆိုပဲ။

မိုက်ခဲစိန် – ဒီလိုမျိုးက မြန်မာပြည်မှာလည်း ဖြစ်နိုင်တာပဲပေါ့။

သာဂိ – အမေရိကန်ကတော့ ဒါကို အကြီးအကျယ်သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်တာတွေ၊ စစ်ဆေးစောင့်ကြည့်တာတွေ လုပ်နေတာပေါ့။ သူ့မှာ ဒီပိုးကြီးနဲ့ အိမ်မှာ လဲနေတော့ သူ့မိသားစုတွေ ပတ်ဝန်းကျင်တွေလည်း ကူးစက်မှာ စိုးရိမ်ကြတာပေါ့။ ဆေးရုံက ချက်ခြင်းလက်ခံလိုက်ရင် အခုလိုမျိုး ဆိုးဆိုးဘယ်ဖြစ်မလဲ။ အခုတော့ လူ ၁၀၀ ကျော်နဲ့ ထိတွေ့မိတယ်ဆိုပြီး ကျန်းမာရေးအဖွဲ့တွေက ကြပ်ကြပ်မတ်မတ် စစ်ဆေးနေရတယ် ပြောတယ်။

မိုက်ခဲစိန် – အီဘိုလားဆိုတာက အသားစားပိုးလို့ ဂျာနယ်တွေထဲ ရေးကြတယ်ဗျ။

သာဂိ – တကယ်တမ်းကတော့ ဗိုင်းရပ်စ်ပိုးတမျိုးပေါ့ဗျာ။ သူကို ပဋိဇီဝ တန်ပြန်မယ့် ဆေးတို့ ပိုးတို့ ရှာမတွေ့သေးဘူး။ သုတေသနလုပ်ဆဲပဲ။ ခန္တကိုယ်က အဖျားကြီးမယ်။ ကလီစာတွေ ပျက်စီးမယ်။ အပြင်ကို သွေးယိုစီးမယ်။ ဒါတွေဖြစ်ပြီး အသက်ပါသွားတာပေါ့လေ။ ဟိုးအရင်က ပလိပ်ရောဂါတို့၊ ကျောက်ရောဂါတို့၊ တီဘီတို့ စတဲ့ ကူးစက်ရောဂါတွေ ဖြစ်ခဲ့တုန်းကလည်း ချက်ခြင်း ဆေးမတွေ့ကြဘူးလေ။ ၁၀စုနှစ်နဲ့ ချီပြီး ကုသမယ့်နည်းလမ်း ရှာကြရတာကလား။ ကူးတာက သွေး၊ တွံတွေး၊ ချွေး စတဲ့ ကိုယ်ထဲက အရည်တွေဆီကနေ သူများဆီ ကူးတာလို့ ဆိုတယ်။

မိုက်ခဲစိန် – ဘယ်လိုကာကွယ်ကြမလဲဗျ။

သာဂိ – အဖျားစတဲ့ အပြင်ပန်းပေါ်လာတဲ့ ဝေဒနာကိုတော့ သက်သာအောင် ကုရတာပေါ့ဗျာ။ အတွင်းက ပိုးကို တန်ပြန်ဖို့ထက် ခန္တာကိုယ်မှာ ခုခံအားကောင်းနေဖို့ အားဆေးတွေ ဘာတွေ ပေးထားရတာပေါ့။ အများနဲ့ မထိတွေ့အောင် ကန့်သတ်ဧရိယာတို့ အခန်းတို့မှာ ထားရတာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်တွေ ၀တ်ဆင်ထား၊ ပိုးသတ်ဆေးတွေနဲ့ သန့်စင်မှုတွေ လုပ်ပေး။ ပတ်ဝန်းကျင်ကလူတွေကိုလည်း ခရီးသွားလာတာတွေ ထွက်ပြေးတိမ်းရှောင်တာတွေ မလုပ်အောင် တားမြစ်ကန့်သတ်ထား၊ ဒါမျိုးတွေလုပ်ထားရတာပေါ့။ ကြားကာလမှာ။ ဆေးကုမ္မဏီတွေ ဓာတ်ခွဲခန်းတွေက စမ်းသတ်ဆေးတွေ၊ သုတေသနတွေ အရှိန်မြှင့်ပြီး လုပ်ပေါ့။

မိုက်ခဲစိန် – အမေရိကန်က လူမှုဝန်ထမ်း ၂ ဦးကတော့ အစောပိုင်းမှာ ကုလို့ ပျောက်သွားတယ်ဆို။

သာဂိ – ဟုတ်တယ်ဗျ။ လွန်ခဲ့တဲ့ တလလောက်က အာဖရိကမှာ သွားပြီး စေတနာဝန်ထမ်းလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ် ၂ဦးကို ပိုးဝင်လို့ အမေရိကား ပြန်ခေါ်လာတယ်။ စမ်းသပ်ဆေးတမျိုးနဲ့ ကုသတာ ပျောက်သွားတယ် ဆိုတယ်။ သူတို့ သွေးသားတွေထဲမှာ ပိုးကို တွန်းလှန်နိုင်တဲ့ ပဋိဇိဝတွေ ရှိသွားပြီပေါ့။ သူတို့ဆီကနေ ဓာတ်ခွဲပြီး ဆေးတွေ ဘာတွေ ပေါ်လာနိုင်တယ်ပေါ့ဗျာ။

မိုက်ခဲစိန် – ခင်ဗျားတို့ အမေရိကန်အစိုးရတို့ သမ္မတကြီး အိုဘားမားတို့ကကော ဘာတွေ လုပ်ပေးသတုန်းဗျ။

သာဂိ – ကမ္ဘာအရေးအခင်း နေရာတကာ အကုန်လုံး ၀င်ပါနေကျ အမေရိကန်ပြည်ကြီးကတော့ ဒီအရေးကိုလည်း လက်မနှေးပါဘူးဗျာ။ ဒီရောဂါကပ်ဆိုးက အနောက်အာဖရိကတိုက်မှာ ဇူလိုင်လကတည်းက စပြီး သတင်းတွေ စဖြစ်နေပြီဗျာ။ အမေရိကန်နဲ့ ယူအန်က ကုသရေး ကာကွယ်ရေးတွေ စပြီး ခင်းကျင်းကြတယ်ဗျာ။ သြဂုတ်မှာ ကျန်းမာရေးဝန်ထမ်းတွေကိုပါ ကူးစက်နှုန်းမြှင့်လာတယ်ဗျာ။ စက်တင်ဘာမှ အိုဘားမားက အီဘိုလာကို နိုင်ငံတကာအရေးအဖြစ် ဖြေရှင်းရမယ် ရင်ဆိုင်ရမယ်လို့ ကြေညာတယ်ဗျာ။ အမေရိကန်အစိုးရဆီက ၀န်ထမ်းနဲ့ စစ်သား ၄ထောင်ကျော် စေလွှတ်မယ်လို့ ပြောခဲ့တယ်ဗျာ။ အခုလည်း အတော်ရောက်သွားပြီ။ ဆေးပစ္စည်း၊ သုတေသန၊ ဆေးရုံ ဆေးခန်း၊ စခန်းတွေ ထူထောင်ဖို့ အကူအညီတွေ ပေးတယ်ဗျာ။ အစိုးရက ဒေါ်လာ သန်း ၁၀၀၊ USAID က ၇၅ သန်း၊ အမေရိကန်စစ်ဌာနချုပ်က သန်း ၅၀၀ ဘိုး အကူအညီတွေ အလုပ်တွေကို အီဘိုလာ တိုက်ဖျက်ရေး၊ ကာကွယ်ရေး၊ ကုသရေးအတွက် စတင် ဖြန့်ဖြူး သုံးစွဲနေတယ်လို့ ဆိုပါတယ်ဗျာ။ ဆီးရီးယားနဲ့ အီရတ်မှာ လက်နက်ကပ်ဘေးကြီးဆိုက်နေချိန်မှာလည်း အမေရိကန်အစိုးရက လေကြောင်းကနေ စစ်ကူပေးပြီး ဘာသာရေးအကြမ်းဖက်တွေကို တိုက်နေသလို အီဘိုလာကိုလည်း ပြန်ချနေတာပါပဲ။

မိုက်ခဲစိန် – ခင်ဗျားပြောနေတာက ကျနော်တို့ မြန်မာ့အသံက ၀ါဒဖြန့်နေသလိုပဲ။ အမေရိကန်ကြီးက လက်ပိုက်ကြည့်မနေဘူးပေါ့လေ။ ဟုတ်သဗျာ။ အခု လက်ရှိ အမေရိကန်ပြည်တွင်းမှာကော ဘယ်လိုမျိုး ကာကွယ်ကြမလဲ၊ ပြင်ဆင်ကြရမှာလဲ။

သာဂိ – အယင်အပတ်မှာ ပထမဦးဆုံး အီဘိုလာကူးခံရတဲ့ ခရီးသည် မသေဆုံးခင်ကတည်းက နိုင်ငံတကာလေဆိပ်တွေမှာ အီဘိုလာပိုး ထောက်လှမ်းနိုင်ဖို့ ကိရိယာတွေ တတ်ဆင်တယ်ဗျာ။ အီဘိုလာပိုးက ၃ ပတ်လောက်အထိ ချက်ခြင်း လက္ခဏာ မပြဘူးဆိုပဲ။ သို့သော် အပူချိန်တိုင်းကိရိယာတွေ တတ်ဆင်ပြီး ခရီးသည်တွေကို စိစစ်နေတယ်ဗျာ။ ဆေးရုံဆေးခန်းတွေနဲ့ လူထုကို ပညာပေးတာ သတင်းဖြန့်တာတွေ လုပ်ပေးတယ်ဗျာ။ အာဖရိကက ပြန်လာတဲ့သူတွေကို အထူးစောင့်ကြည့် စစ်ဆေးပေးဖို့ သတိပေးတယ်ဗျာ။

မိုက်ခဲစိန် – အာဖရိကက လာတဲ့ခရီးသည်တွေကို အမေရိကန်မလာရအောင် ပိတ်ပစ်လိုက်ဗျာ။

သာဂိ – အမေရိကန်က တချို့ မျိုးချစ်ကြီးတွေ ဒီလိုမျိုး ပြောကြတယ်ဆိုပြီး ဖတ်လိုက်ရတယ်။ အမေရိကန်တပြည်လုံးမှာက လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံ နေထိုင်ကြတာဆိုတော့ ဒီလိုမျိုး လုပ်လို့ ဘယ်ရမလဲ။ ကိုယ့်မြေမှာ ကာကွယ်ရေး ပြင်ဆင်ရေး လုပ်နေရသလို တဖက်မြေ အာဖရိကမှာလည်း ကုသနိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ တားဆီးနိုင်ဖို့လည်း သွားလုပ်နေကြရမယ်လို့ အစိုးရက ပြန်လည် ဖြေရှင်းသဗျ။ ပြီးတော့လည်းပဲ အဲသည်အာဖရိကတိုက် တိုင်းပြည်တွေမှာ အမေရိကန်၊ ဥရောပ၊ တရုတ်၊ အာရှတိုင်းပြည်တွေက အသင်းအဖွဲ့တွေ၊ ကုလအဖွဲ့တွေ၊ ဘာသာရေး၊ လူမှုရေး စေတနာ့ဝန်ထမ်းတွေ အများအပြားက ဟိုးတုန်းကတည်းက သွားရောက်နေထိုင်ပြီး အကူအညီပေးနေကြတာ ကြာလှပါပြီ၊ အတွေ့အကြုံတွေလည်း များလှပါပြီ။ ကျနော်တို့လို လူပိန်းတွေက ခုမှ သတင်းတွေ ဂျာနယ်တွေကနေ သိရ ဖတ်ရလို့သာ စိုးရိမ်ရေမြင့်ကုန်ရတာပါ။

မိုက်ခဲစိန် – ကောင်းပါပြီ။ ဒီတပတ်တော့ တော်ကြသေးတာပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts