Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – ပုတက်ရဲ့သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာတွန်းအစီအစဉ်

ဟန်သစ်နိုင် – ပုတက်ရဲ့သီတင်းကျွတ်၊ တန်ဆောင်မုန်း ကာတွန်းအစီအစဉ်
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

Putet World Mobile Application မှ စီစဉ်ကျင်းပသော သာမညဖလအခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) အထိမ်းအမှတ် အဇာတ သတ်ဇာတ် ကာတွန်းရုပ်ပြပြပွဲကို ရွှေတိဂုံစေတီတော် အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်းတွင် အောက်တိုဘာလ(၇)ရက်နေ့မှ စတင် ပြီး ဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ အထိမ်းအမှတ် အဇာတသတ်ဇာတ်နှင့် တန်ဆောင်မုန်းလအကြောင်း သိမှတ်ဖွယ်ရာများကို ကားချပ်စုစုပေါင်း (၆၇) ချပ်ဖြင့် ပြသသွား မည်ဖြစ်သည်။ အဇာတသတ်ဇာတ်ကို အရှင်သုဘောဂမှ စုစည်းရေးသားပြီး ပန်းချီမြင့်အိုတူး\ဒီရဲဂျာမှ ပန်းချီလက်ရာဖြင့် သံဝေဂရဖွယ်ရေးဆွဲပူဇော်ထားခြင်းဖြစ်ပါသည်။

ပြသထားမည့် အဇာတသတ်ဇာတ်ကို ဖုန်းထဲတွင် Putet World Mobile Application အခမဲ့ကဏ္ဍမှ အခမဲ့ဖတ်ရှုနိုင်ရန် လည်း လှူဒါန်း သွားမည်ဖြစ်သည်။ အခြားကာတွန်းများ ဖတ်ရှုနိုင်ရန်အတွက် ဖုန်းဘေ(လ်)ထဲကနေ လစဉ်ဖတ်ရှုခကောက်ခံသော်လည်း မဟာဗုဒ္ဓဝင် ကာတွန်းနှင့် အချို့ဇာတ်တော်များကို အခမဲ့ဖတ်ရှုနိုင်ရန် စီစဉ်လှူဒါန်းထားသည်။

“ကျွန်တော်တို့ အရင်အခေါက်တွေကတော့ မဟာဗုဒဝင်ပြပွဲ ရွှေတိဂုံစေတီတော်ကြီးမှာ ပြသခဲ့တာ (၂) ကြိမ်ရှိပါပြီ။ ဒီတခါတော့ တန်ဆောင် မုန်းလပြည့် သာမညဖလ အခါတော်နေ့ကို ရည်မှန်းပြီး အဇာတသတ်ဇာတ်ကို ပြသဖို့စီစဉ်ဖြစ်ခဲ့တာပါ။ အဇာတသတ်ဇာတ်တော်အပြင် သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံနဲ့ တန်ဆောင်မုန်းလမှာရှိတဲ့ ပွဲတော်တွေအကြောင်းကိုပါ ဗဟုသုတရဖွယ် ပြသထားမှာပါ။ ရည်ရွယ်ချက်ကတော့ မြတ်စွာဘုရားတရားတော်လာဇာတ်များကို လူကြီး၊ ကလေးအားလုံး စိတ်ဝင်စားအောင် ပုတက်ဒီဇိုင်းအဖွဲ့မှ ရောင်စုံကာတွန်းရုပ်ပြပုံတွေအဖြစ် စီစဉ်ပြုလုပ်ထားပြီးတော့ အခုခေတ်နဲ့ လျော်ညီအောင် ဖုန်းတွေ၊ သင်ပုန်းကွန်ပြူတာတွေပေါ်မှာ အလွယ်တကူ ဖတ်နိုင်၊ ဖြန့်ဝေနိုင်အောင် စီစဉ်တာပါ။ အင်တာနက်ကနေ ဖြန့်တာဆိုတော့ စာအုပ်နဲ့လိုမဟုတ်ဘဲ ထုတ်လုပ်စရိတ်တွေ သက်သာပြီး များများဖြန့်ပေးနိုင်ပါတယ်။ နိုင်ငံခြားရောက်နေတဲ့ ဗုဒဘာသာမြန်မာတွေအတွက်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ Putet World Mobile Application မှာ ဗုဒဝင်နဲ့ အခြားဇာတ်တော်အချို့ကို အခမဲ့ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်” လို့ Putet Comics ရဲ့ Managing Director ကိုအောင်ချစ်ခင်မှ ပြောပြသည်။

အဇာတသတ်ဇာတ် ကာတွန်းရုပ်ပြ ပြပွဲကို အောက်တိုဘာလ (၇) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ ရွှေတိဂုံစေတီတော်တွင် ဖွင့် လှစ်ပြသထားမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts