အောက်တိုဘာ ၅၊ ၂၀၁၄
မနက်ဖြန် ဘုရားသုံးဆူပွဲ စတော့မယ်။ ဒီနေ့ည ခဏရောက်တယ်။ မုန့်လင်မယား၊ ရေပါး၊ မုန့်သိုင်းခြုံ မုန့်ပေါင်းတွေ ဝယ်လာပြီး လက်ဘက်ရည်ဆိုင်မှာ တထိုင်တည်း စားလိုက်တာ ဒီနှစ် တနှစ်လုံး တညတည်းနဲ့ မန္တလေး အရသာကို ပြည့်ပြည့်ဝဝ ခံစားလိုက်ရတယ် ခင်ဗျ။
မန္တလေးမှာ ဘုရားသုံးဆူ ဘုရားပွဲ ပြီးရင် အိမ်တော်ရာ ဘုရားပွဲ ခဏနေရင် ကျောက်တော်ကြီး ဘုရားပွဲ ကျင်းပတော့ မှာပါ။ ကျွန်တော်ရဲ့ “နောက်ဆုံးခရာသံ” စာအုပ်ထဲက ဘုရားပွဲပြန် မုန့်လက်ဆောင် ရသစာတန်း အချို့ကို မိတ်ဆွေများအား ခံစား မျှဝေ ပေးလိုက်ပါတယ်။
××××××××××××
ယခုတော့ အမေလည်း မရှိတော့ပြီ။ ဘုရားပွဲ တွေကတော့ နှစ်စဉ် ကျင်းပ၍ စည်ကားမြဲ စည်ကားနေလျက်။ အမေ မရှိတော့ ပေမယ့် ကျောက်တော်ကြီး ဘုရားပွဲကို သွားသည်။ အကြောင်းပြချက်က သင်ဖြူးဖျာ ဝယ်ရန်။
တကယ်တော့ သင်ဖြူးဖျာလည်း ဝယ်သည်။ ကလေးတွေ အတွက် ပွဲပြန် လက်ဆောင်မုန့်တွေလည်း ဝယ်ခဲ့သည်။ ဒယ်အိုးဖြင့် တရှဲရှဲ ကြော်နေသည့် မုန့်ဆိုင် ရှေ့မှာ တမေ့ တမော စောင့်ရတာကိုပင် ကျွန်တော် ပျော်နေမိသည်။ မုန့်သိုင်းခြုံ ဝယ်၍ စားကြသည်။ အမှန်စင်စစ် အရသာမရှိပါ။
သို့သော်လည်း မသိစိတ်က မုန့်သိုင်းခြုံစားရတာ ကောင်းလိုက်တာဟု ပြောချင်လောက်အောင် တွန်းအားပေးလျက်ရှိသည်။ အရသာ မရှိသည့် မုန့်ကိုပဲ ကောင်းလှပါသည် ဟု ပြောချင်လွန်းသည့် ကျွန်တော့် အဖြစ်။
ဆိုရလျှင် ကျွန်တော်မှာ သိစိတ်နှင့် မသိစိတ်ကြား မလူးသာ မလွန့်သာ ရှိနေပါသည်။ သည်မှာပင် အမေ့ ကို သတိရလိုက်မိသည်။ အမေ သင်ဖြူးဖျာဝယ်ဖို့ ကျောက်တော်ကြီး ဘုရားပွဲသို့ သွားခဲ့သည်။
အမှန်တော့ သင်ဖြူးဖျာ ဝယ်ခြင်းက အများကြား ကောင်းအောင် အကြောင်းပြချက်သာ ဖြစ်သည်။ အမေ့ ရင်ထဲတွင် ဘုရားပွဲကို သွားချင် သည့် စိတ်အာရုံက စေ့ဆော်နေလျက်။ အိုကြီးအိုမ အရွယ်ရောက်သော်လည်း လူအုပ်ကြားထဲကို တိုးဝှေ့ချင်သေးသည်။ ပွဲဈေးတန်းကို လည်း ဟိုငေးသည်ငေး လုပ်ချင်သည်။ ပြီးတော့ ပွဲအပြန် မုန့်လက်ဆောင် ဝယ်ဖြစ်အောင် ဝယ်ခဲ့သည်။
ဤသည်ပင် အမေ၏ ပျော်ရွှင်မှု ဖြစ်သည်။ ထိုပျော်ရွှင်မှုသည်ပင် သူ့ ဘဝ တလျှောက်လုံး နှစ်စဉ် ကြုံတွေ့ခဲ့ရသော ဘုရားပွဲတော်တွေကို စွဲလမ်း ချစ်ခင်ခြင်းမှ ဖူးပွင့်လာခြင်းဖြစ်သည်။ သည်တော့ အမေက သူ၏ ချစ်ခင်စွဲလမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို ကျွန်တော့် မသိစိတ်ထဲသို့ ထည့်သွင်းပေးခဲ့ လေသလား မပြောတတ်ပါ။
ခေတ်က ပြောင်းလဲသွားပြီ။ စက်ဘီးနှင့် မြင်းလှည်းနေရာမှာ ဆိုင်ကယ်တွေ အစားထိုး ဝင်ရောက်လာခဲ့ သည်။ လှည်းတွေနေရာမှာ ထော်လာဂျီတွေ ရောက်လာခဲ့သည်။ သို့ရာတွင် ဘုရားပွဲမှာ ရောင်းချသည့် မုန့်တွေကတော့ ပြောင်းလဲမသွားပါ။ ယခုထိ ကျွန်တော်တို့ အားလုံး မက်မက်စက်စက် စားနေကြတုန်းပဲ ဖြစ်သည်။
လူငယ်တွေလည်း ခေတ်ပေါ် ဝတ်စားဆင်ယင်မှု ပုံစံအမျိုးမျိုးဖြင့် ဘုရားပွဲသို့ လာကြသည်။ ကျွန်တော်တို့ နှင့် လူငယ်တွေက မွေးဖွားကြီး ပြင်းလာခဲ့ကြသည့် ခေတ်ချင်း မတူခဲ့ပါ။ အာရုံခံစားမှုတွေ ကွဲပြားသည်။ ခေတ်နှစ်ခေတ်သည် အစွန်းနှစ်ဖက်မှာ တည်ရှိကြသည်။ သို့သော် ဘုရားပွဲက မြန်မာ့ သရေစာ မုန့်တွေကိုတော့ အကြိုက်ချင်း တူညီကြသည်။ ထို မုန့်ပဲ သားရေစာတွေက လျှာဖျား မှာ အရသာ အမျိုးမျိုး ခံစားစေခြင်းနှင့် အတူ ကျွန်တော်တို့ အားလုံး၏ မသိစိတ်ထဲမှာ နှစ်သက်တမ်း ထောင်ချီ ရှိနေသည့် ကျွန်တော်တို့ ၏ ယဉ်ကျေးမှု ဓလေ့ စရိုက်နှင့် နွေးထွေးသည့် မိသားစု စိတ်ဓာတ်တွေ ရှိအောင် လွှမ်းခြုံပေးလိုက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့သည် ခေတ်၏ လှိုင်းတံပိုးထဲမှာ ဘဝ အနိမ့် အမြင့် တွေ ကွာခြားနေသော်လည်း ကိုယ့် ရိုးရာ ဓလေ့စရိုက်နှင့် ယဉ်ကျေးမှုကို နှစ်သက် မြတ်နိုးခြင်းကတော့ တူညီသည်။ ရိုးရာဓလေ့ အစားအစာတွေ မက်မော တောင့်တမှုတွေကလည်း အကြိုက် ညီလှသည်။ ဒါကြောင့်လည်း မည်သူမဆို ဘုရားပွဲပြန် မုန့်လေးတွေကို စားခွင့် ကြုံခဲ့လျှင် တဖဲ့ တဝါးလောက်တော့ မြည်းစမ်းကြည့်ကြမှာ မလွဲဟု သေချာပေါက် ကောက်ချက်ဆွဲလိုက်မိသည်။
ညိုထွန်းလူ
(နောက်ဆုံးခရာသံ ရသစာတမ်းများ စုစည်းမှုစာအုပ်မှ)
Nyo Htoon Lu
https://www.facebook.com/nyohtoon.lu
မိုးမခ မှတ်ချက်။ ။ ဆရာ ညိုထွန်းလူ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည့်ပုံနှင့် စာများကို မိုးမခပရိသတ်အတွက် အမြည်းသဘော ဖတ်ကြည့်နိုင်ရန် ကူးယူ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ကြိုက်နှစ်သက်ပါက ဈေးကွက်တွင် မူရင်းစာအုပ်ကို ဝယ်ယူ ဖတ်ရှု အားပေးနိုင်သည်။ လင်းလွန်းခင် စာပေတိုက် ထုတ်၊ တန်ဖိုး ၂ဝဝဝ ဖြစ်သည်။