မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင်

အုန်းနိုင် – သတင်းစာရှင်းလင်းပွဲ၏ ဂယက် (ဂန္ဓီခန်းမ ကြေညာစာတမ်း ၁၄)

 

အုန်းနိုင် – သတင်းစာရှင်းလင်းပွဲ၏ ဂယက်  (ဂန္ဓီခန်းမ ကြေညာစာတမ်း ၁၄)

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၄

ကျနော် ရန်ကုန်က  မပြန်နိုင်သေးပါဘူး..။ အတူလာတဲ့ ဦးအေးသန်းကိုသာ  ပြန်လွှတ်လိုက်ပါတယ်.။ ဂန္ဒီခန်းမ အစည်းအဝေး အပြီး  ရန်ကုန်အခြေအနေကိုလည်း သိချင်တယ်..။ ဂန္ဒီခန်းမကြေညာစာတမ်း ကိုလည်း ပေါင်းတည်မှာ ပြန်ဖြန့်ဝေနိုင်အောင် သယ်သွားချင်တယ်..။သတင်းစာရှင်းလင်းပွဲ  မှတ်တမ်းလည်း ယူသွားချင် တယ်..။ဒီတော့  စောင့်ရဦးမှာပေါ့..။

ဂန္ဒီခန်းမ  ကြေညာချက်ကတော့  ပုံနှိပ်စက်မှာ  ရိုက်တာမို့ နောက်တနေ့မှာပဲ စောင်ရေ(၂၀၀)လောက် ရပါတယ်..။ထုံးစံအတိုင်း  ကျနော်တို့အဖွဲ့ က  အလကား(အခမဲ့) မဝေနိုင်ပါဘူး..။တစ်စောင်..တစ်ကျပ်ပါ..။ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းကတော့  စာကူးစက်နဲ့   ဖြန့်ချီတာမို့  အလွယ်တကူ မရဘူး..။ နှစ်ရက်လောက် စောင့်တော့မှ  အဖွဲ့ ချုပ်လူငယ်(ဗဟို)မှာ  လုပ်နေတဲ့   ပေါင်းတည်ကကိုဌေးလွင်ကျေးဇူးနဲ့   စောင်ရေ(၂၀) လောက်ပဲ ရတယ်..။နောက်ထပ် စောင်ရေ (၂၀၀)လောက် ထပ်ပြီး  ၀ယ်ပေးဖို့ သူ့ကိုမှာခဲ့ ပြီး  ပြန်ရတော့တာပေါ့..။

မပြန်ခင်.. ရန်ကုန်မှာ  နေတဲ့ ရက်မှာတော့..အဖွဲ့ ချုပ်ရုံးက လက်ဘက်ရည်ဆိုင်ထိုင်  ၊ စမ်းချောင်းမြို့  နယ်အဖွဲ့ ချုပ်ရုံးကိုရောက်.. ၊ နောက်..ကြည့်မြင်တိုင်က  လူစုံတတ်တဲ့ အသိတယောက်အိမ်မှာ ထိုင်နဲ့ … ပြောရင်းဆိုရင်း  သတင်းတချို့ ထွက်လာပါတယ်..။

န၀တရဲ့   ၁/၉၀ ကြေညာချက်ဟာ နောက်နေ့တွေမှာ လုပ်မယ့်  ကျနော်တို့ရဲ့  ဂန္ဒီခန်းမ အစည်းအဝေးကြီးနဲ့  ဒီအစည်းအဝေးကြီးကထုတ်ပြန်မယ့် ဂန္ဒီခန်းမကြေညာစာတမ်းတို့..၊ ယာယီဖွဲ့ စည်းပုံ အခြေခံဥပဒေတို့နဲ့  ထိပ်တိုက်တိုးအောင် (၂၇.၇.၉၀) နေ့ညမှာ.န၀တက တမင် ချိန်ကိုက် လုပ်တာမို့…ကျနော်တို့ဘက်က  တတ်နိုင်သလောက်  သဟဇာတဖြစ်ရေး..ချောမွေ့ ရေးတို့ကို  ဂရုစိုက်နေပေမဲ့ သူတို့ကတော့  အာဏာလွှဲမပေးချင်လို့ကို   တမင်ပြသနာဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်..။ ဒါကို  သတင်းစာရှင်းလင်းပွဲမှာ  ဖွင့်ချဖော်ထုတ်ဖို့ တင်ပြကြပေမယ့် ဗဟိုအလုပ်အမှုဆောင်က  သဟဇာတဖြစ်ရေး  ၊ ချောမွေ့စေရေးတို့ကို  မထိခိုက်အောင် ရှောင်ရမယ်ဆိုတဲ့ဘက်က  အသာစီးရသွားတာ။ သတင်းစာရှင်းလင်းပွဲနေ့မှာ မမြိုနိုင် မသိပ်နိုင်သူများက  ကျနော်တို့  ဥပဒေဘောင်မကျော်ပါဘူးဆိုတဲ့ စကားကို တွင်တွင်ပြောပြီး   ပွင့်အံလာကြပုံ…။ ဒါကို သတင်းစာသမားတွေက  သိလို့    အင်အယ်ဒီကို ဆွပေးကြပုံ.တွေကို  သိလာရပါတယ်..။

ဒါ့ အပြင်  သတင်းစာရှင်းလင်းပွဲ မှတ်တမ်းမှာ  ရှေ့ က ကောက်နှုတ်ချက်(Quotation)လေးတွေ ထည့်ထားတာကို  ဗဟိုအလုပ်အမှုဆောင်တချို့ က  သိပ်မကြည်လင်လို့ ဒီသတင်းစာရှင်းလင်းပွဲ မှတ်တမ်းကို…စောင်ရေများများ မထုတ်ရအောင်  တားမြစ်နေတာတွေကိုပါ

ကြားသိလာရတယ်..။ ဖော်ပြတဲ့  ကောက်နှုတ်ချက်ကလေးတွေကိုလည်း   ကြည့်ပါဦး..။

      “မောင်ခေါ်ပေမဲ့   ….လိုက်နိုင်ဘူးကွယ်ဆိုတဲ့ အခြေအနေများရှိပါတယ်” (ဦးကြည်မောင်)

“ကျနော်တို့   နိင်တာလဲ.. နဲနဲနောနောမဟုတ်ဘူး..။  လုံးလုံးလျားလျား..အများစုဖြစ်တဲ့  အတွက် အခုပြောဆိုနေတဲ့   ..ခိုင်မာတဲ့  အစိုးရဖြစ်နိုင် မဖြစ်နိုင်  ဆိုတာကတော့ ဒါ…သတင်းစာ ဆရာကြီးများ စဉ်းစားဝေဖန်ကြပါ” (ဦးချစ်ခိုင်)

“ဒီမိုကရေစီ  နိုင်ငံသစ်  တည်ဆောက်ဖို့ရာ..  အမှန်တကယ်ဆိုရင်..ဒီမိုကရေစီ အခွင့်အရေးများကို.. ကျနော်တို့ကို ဒီအချိန်မှာ ကန့်သတ်ထားခြင်း ပိတ်ပင်ထားခြင်း..  မပြုသင့်တော့  ပါဘူး” (ဦးချစ်ခိုင်)

“အဲဒီတော့…ပြည်သူများ  ယုံကြည်ကိုးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ.. လွတ်မြောက်ချိန်  တန်ပါပြီ” (ဒေါ်မြင့်မြင့်ခင်)

“ ပြည်သူ့ လွှတ်တော်ကို  ဘေးချိတ်..ချောင်ထိုးပြီးတော့.. လုပ်ပုံကိုင်ပုံမျိုး.. အမိန့်ပေးတာမျိုးကို.. ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လုံးဝ..လက်မခံနိုင်ပါဘူး။” (ဦးချမ်းအေး)

သတင်းစာရှင်းလင်းပွဲမှတ်တမ်းတွေကို  မျိုးချစ်ကြီးများကချုပ်ထိန်းနေတော့   အဖွဲ့ ချုပ်လူငယ်က ဇွတ်ပဲ..ကော်ပီတွေပွါးပြီး  နယ်တွေကို  ဖြန့်ဝေပါတယ်… ။ ဒါတောင် အတော်နောက်ကျပြီး.. (သြဂုတ်လ တတိယပတ်လောက်)မှ   ရပါတယ်..။ နောက်ပိုင်း.. အဲဒီလို  ထုတ်ဝေမှုနဲ့  ပတ်သက်ပြီး ဘယ်သူက  ဘယ်ခလုပ်ကို နှိပ်လိုက်တယ်..မသိပါဘူး..။ ကျနော်တို့ ပေါင်းတည်က…အဖွဲ့ ချုပ်လူငယ်မှာ  သွားလုပ်နေတဲ့ ကိုဌေးလွင်တယောက်  အဲဒီကိစ္စနဲ့   ထောင်ငါးနှစ်ကျသွားပါတယ်။

ဘာပဲဖြစ်ဖြစ် အဖွဲ့ ချုပ်ဗဟိုမှာ    ဦးကြည်မောင်ဟာ တတ်သိပညာရှင်များနဲ့   ပိုပြီးနီးစပ်မှု ရလာပုံ ပေါ်ပါတယ်..။ အထူးသဖြင့်  ဗဟိုလူငယ်အပေါ်မှာ  သြဇာကြီးမားလာပါတယ်..။ သူလည်း ဗိုလ်မှူးကြီးဟောင်းဖြစ်ပေမဲ့   မျိုးချစ်ရဲဘော်ဟောင်း  အခြေခံမဟုတ်သူမို့   မျိုးချစ်များနဲ့ ပိုပြီး  လိုင်းကွဲလာပုံပေါ်နေပါတယ်..။

ကျနော့်လူ..ကိုဌေးလွင်ကို  (အဖမ်းမခံရမီ)  အကြောင်းရှိရင်  ဆက်သွယ်ဖို့မှာပြီး..ကိုယ့်မြို့ ကိုယ်ပြန်ခဲ့ တယ်.။

(အပိုင်း (၁၅) ဗိုလ်အောင်ကျော်လမ်း  ပူးတွဲကြေညာချက်ကို ဆက်ပါမယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts