Yan Naung (Bo Ta Htaung) ရသဆောင်းပါးစုံ

ရန်နောင် (ဗိုလ်တထောင်) – ဘကြီးမိုး (စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ) နှင့် ထွေရာလေးပါး စကားစမြည်

ရန်နောင် (ဗိုလ်တထောင်) – ဘကြီးမိုး (စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ) နှင့် ထွေရာလေးပါး စကားစမြည်
စက်တင်ဘာ ၂၇၊ ၂၀၁၄

 

စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူ (ဓာတ်ပုံး ရန်နောင် – ဗိုလ်တထောင်)

စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူကို ခင်မင်လေးစားသူများက ချစ်စနိုးဖြင့် ဘကြီးမိုးဟု ခေါ်လေ့ရှိကြသည်။ အနှီဘကြီးမိုးသည် ကျွန် တော်တို့မိုးမခတွင် နာယကအဖြစ်ပါဝင်သောအခါ ဘကြီးမိုး၏အိမ်သို့ အခါအားလျော်စွာ ရောက်လေ့ရှိသည်။ မိုးမခကို ပုံနှိပ်မီဒီယာအဖြစ် ထုတ်ဝေမည်ပြုသောအခါ ဘကြီးမိုးအား နာယကတဦးအနေနှင့်ပါဝင်ပေးပါရန် ဆရာရစ်ကတောင်းပန်သောအခါ ကျေကျေနပ်နပ် လှိုက် လှိုက်လှဲလှဲနှင့် ပါဝင်ခဲ့သူဖြစ်သည်။ ထို့အတွက် ဘကြီးမိုးနှင့် ကျွန်တော် ရင်းနှီးခင်မင်ခွင့်ရခဲ့သည်။ ဘကြီးမိုး၏ စာများနှင့်ရင်းနှီးခဲ့သော ကျွန်တော်သည် ယခုကဲ့သို့ လူကိုယ်တိုင် ခင်မင်ခွင့်ရခဲ့သောအခါတွင်ကား မြေးအဖိုး အရင်းများပမာ ဖြစ်ခဲ့ကြတော့သည်။

တလတခါ မဂ္ဂဇင်းထွက်တိုင်းသော်လည်းကောင်း၊ ဆရာရစ် အမှာတော်ပါးလျှင်သော်လည်းကောင်း ဘကြီးမိုးဆီရောက်သည့်အခါ သူ့ဆီ က ရှေးဟောင်းနှောင်းဖြစ်များကို မှတ်သားနာယူခဲ့ရသည်မှာ အဖိုးမဖြတ်နိုင်သော မိုးမခလက်ဆောင်ဖြစ်သည်။ အခုရက်ပိုင်း ဘကြီးမိုး ဆီရောက်သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၇) နှစ်ပြည့်နှင့်တိုက်ဆိုင်နေ၍ ဘကြီးမိုးအား အမှတ်တရ မေးမြန်းဖြစ်ခဲ့သည် များ ကို မိုးမခပရိတ်သတ်များ မျှဝေချင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပေါ်ပေါက်လာပုံ အရင်မပြောခင် ငါတို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပုံကို ပြောပြချင်တယ်ကွ။ ငါတို့ စာပေသမားအုပ်စုကလည်း အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲမယ်ဆိုပြီး ဘားလမ်းမှာရှိတဲ့ စပယ်ဦးမဂ္ဂဇင်းတိုက် ရုံးခန်းမှာစုပြီးတော့ စာ ရေးဆရာတွေက အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီတောင်းဆိုချက်တွေ ဖော်ထုတ်ကြတာပေါ့ကွာ။ အဲဒီတုန်းက ကိုဝင်းတင်တို့၊ ကိုဝင်းခက်တို့၊ ငါတို့ ဦးခင်မောင်လတ်တို့၊ ဒေါ်ခင်မျိုးချစ်တို့အိမ်ကိုသွား လက်မှတ်တွေ လိုက်စု၊ လိုက်ထိုးခိုင်းတာပေါ့။ အဲဒီလိုမျိုးလုပ်ကိုင်တာက ငါတို့အပိုင်း၊ တချိန်တည်းမှာပဲ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း အောင်စုတင် ဆိုပြီးဖွဲ့ကာ လှုပ်ရှားကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဆေးရုံကြီးမှာ တိုင်ကီပေါ်တက်တရားဟောတော့လည်း ငါတို့ စာပေအသိုင်း အဝိုင်းက မောင်သော်ကတို့က ဝိုင်းကူညီပေါ့ကွာ။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံအနောက်မုဒ်မှာဟောတော့လည်း ငါတို့က ဝိုင်းဝန်းပြီး ကူညီကြ၊ စာရေးဆရာတွေက ဟောကြပြောကြနဲ့ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတာပေါ့။

အဲဒီလိုနဲ့ စစ်တပ်က အာဏာသိမ်းပြီးတော့ ပါတီတွေထောင်ခွင့်ပြုလိုက်တာပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ ဦးတင်ဦးတို့က လူထုစိန်ဝင်းအိမ်မှာ တွေ့ဆုံပြီး ပါတီထောင်ဖို့ကိစ္စတွေ ပြောဖြစ်ကြတယ်။ အဲဒါတွေအထိ ငါမပါသေးဘူး။ နောက် ဒေါ် အောင်ဆန်းစုကြည်က ငါနဲ့ ကိုဝင်းတင်ကို ခေါ်တွေ့ပြီး ပါတီထောင်ဖို့ကိစ္စ ပြောပြတာပေါ့။ ငါတို့ကလည်း ကျွန်တော်တို့ နိုင်ငံရေးတော့ နားမလည်ဘူး။ စာပေအကြောင်းပဲသိပါတယ်ဆိုပြီး ပြောပြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဆရာတို့ကူညီပါဆိုတော့ ငါတို့လည်းမနေ သာပဲ ဝင်ပါကြတာပေါ့။ တကယ်လည်း ကိုဝင်းတင်က စာသမားစစ်စစ်၊ သူက စာပဲသိတယ်။ အပေါင်းအသင်းကျတော့ ငါ့လောက်မရှိတော့ ငါဝင်ကူဖြစ်တာပေါ့ကွာ။

ဒီလိုနဲ့ ငါနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ (၂၇) ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပါတီမှတ်ပုံတင်ခဲ့ကြတာပေါ့။ ဒီနေရာ မှာ ငါပြောချင်တာက ရွေးကောက်ပွဲကော်မရှင်ဆိုတာ  အဲဒီတုန်းက တော်တော်သမာသမတ်ရှိတဲ့သူတွေကွ။ ဘယ်သူ့ဘက်မှမလိုက်ပဲ ကြားကနေ ဆောင်ရွက်ပေးတဲ့ပညာရှင်တွေပေါ့။

၁၉၈၉ ခုနှစ် အာဇာနည်နေ့အခမ်းအနားချီတက်ဖို့လုပ်တော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ငါတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်သွင်းအကျဉ်း ချခံခဲ့ရတာပေါ့။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲလုပ်တော့ ငါမသိဘူး။ ထောင်ထဲမှာလေ။ တခါ ငါတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေထုတ်လိုက်တော့ နောက်ပိုင်းအကြောင်းတွေ ငါမသိတော့တာပေါ့။

ဒါဆို အဘ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပယ်ခံရတယ်ဆိုတာလေးပြောပြပါဦးဆိုသောအခါတွင်တော့ ….

ဟာ ဒါကတော့ အဲ့ဒီတုန်းက စစ်အစိုးရက ထောင်ကျနေတဲ့သူတွေ ပါတီက ထုတ်ပါ ဘာညာဆိုတော့ ငါတို့လည်းထုတ်တဲ့အထဲပါတာပေါ့ ကွာ။ ၁၉၉၂ ထောင်ကလွတ်တော့ ငါ လုပ်ပေးသေးတယ်ကွ။ တခါ ၁၉၉၆ မှာပြန်ဖမ်းပြီး ထောင်ကလွတ်လာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုပြောတယ်။ ကျွန်တော်လည်း အသက်ကြီးပြီ။ နိုင်ငံရေးလည်း မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ စာပေအနုပညာနဲ့ပတ်သက်တဲ့ကိစ္စအဝဝကို တော့ကူညီပါမယ်ဆိုပြီး ပြောပြီး အခုမင်းတို့သိတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စတို့၊ စာရေးဆရာတွေနဲ့ စုရုံးပေးတာတို့လောက်တော့ လုပ်ဖြစ်နေတာ ပေါ့ကွာ။ ငါထောင်ကလွတ်လာတော့ ငါ့ကို စာရေးခွင့်၊ ရုပ်ရှင်ရိုက်ခွင့် အကုန်ပိတ်ထားတော့ ငါ့မှာ ဓနမှာ ငါ့အမည်ရင်းဦးစိန်မြင့် ဆိုတဲ့ နာမည်နဲ့ရေးရတယ်။ နောက် ဘကြီးမိုးကလောင်နာမည်ကိုလည်း အဲဒီအချိန်ကတည်းက ယူခဲ့တာပေါ့ကွာ။

ဘကြီးမိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်အချိန်ကတည်းက ပါဝင်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးအောင်ကြီး သဘောထားကွဲကာလမ်းခွဲခဲ့ပုံကိုလည်း အမှတ်တရ ပြောခဲ့သေးသည်။
ဒီလိုကွ … ဦးအောင်ကြီးက ငါတို့၊ ကိုဝင်းတင်တို့ကို ကွန်မြူနစ်ပါဆိုပြီး ကြေငြာချက်ထုတ်တယ်။ သူ မကျေနပ်ရင် ပါတီတွင်းပြောရမဲ့ကိစ္စကို သူက အပြင်မှာ စာနဲ့ ပေနဲ့ ထုတ်တော့ ငါတို့လည်း မဲခွဲဆုံးဖြတ်မယ်ဆိုလုပ်ကြတာပေါ့။ အဲဒီမှာ ဦးအောင်ကြီးရှုံးပြီး သူ့ဆီက ဦးကြည်မောင်က ငါတို့ဘက်ပြတ်ပြတ်သားသားမဲပေးခဲ့တာပေါ့ကွာ။

ယခုအခါ ဘကြီးမိုးသည် စာရေးခြင်း၊ ပန်းချီဆွဲခြင်းများပြုလုပ်နေပြီး စာအုပ်မိတ်ဆက်ပွဲများ၊ ပန်းချီပြပွဲများသို့ အလျဉ်းသင့်သလို သွား ရောက်ကာ ဘဘဦးဝင်းတင်ဖောင်ဒေးရှင်းတွင် နာယကတဦးအဖြစ်ပါဝင်လျက်ရှိသည်။

ဇရာပိုင်းရောက်လာသော်လည်း ကျွန်တော်တို့လိုလူငယ်များကို အဖိုးမဖြတ်နိုင်သော အသိပညာများပေးနေသော ဘကြီးမိုး သက်ရှည်ကျန်း မာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘကြီးမိုးနှင့် ထွေရာလေးပါးစကားစမြည်ပြောဖြစ်သည်များ ဖောက်သည်ချ မျှဝေလိုက်ပါ တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts