ရသဆောင်းပါးစုံ

ဇင်လင်း – ဦးသိန်းစိန် နောက်တကြိမ် သမ္မတလုပ်ချင်သေးသလား?

ဇင်လင်း – ဦးသိန်းစိန် နောက်တကြိမ် သမ္မတလုပ်ချင်သေးသလား?   
စက်တင်ဘာ ၂၃၊ ၂၀၁၄


မြန်မာ့နိုင်ငံရေးအခြေအနေဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးလာလေ၊ အာဏာလက်ဝယ်ရှိသူတို့ရဲ့ ကစားကွက်တွေကလည်း ပိုပြီး စိပ်လာလေလေပါပဲ။ အာဏာရပါတီနဲ့ အစိုးရရဲ့ အဓိကပြိုင်ဘက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်ဆိုတာလည်း လူတိုင်းသိတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီတော့ NLD ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ နောက်ကို လူထုလိုက်ပါမသွားရေးအတွက်၊ အာဏာရပါတီက ဥာဏ်နီ ဥာဏ်နက်တွေ အမျိုးမျိုးထုတ်ပြီး လူထုရဲ့ စိတ်အာရုံ ထွေပြားအောင် လုပ်လာတဲ့ လုပ်ကွက်တွေ အတော်များများတွေ့လာရပါတယ်။

ဥပမာ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ရရှိတဲ့ ရွေးကောက်ပွဲစနစ် (FPTP စနစ်) ရဲ့ အားနည်းချက် ဒါမှမဟုတ် ခေတ်အခြေအနေနဲ့ ကိုက်ညီမှုမရှိတော့တဲ့အချက် တစ်စုံတစ်ရာ ထောက်ပြနိုင်ခြင်း မရှိဘဲ၊ Proportional Representation (PR) ရွေးကောက်ပွဲစနစ်သစ်ကို အစားထိုးဖို့ပြင်ဆင်နေခြင်းဟာ အာဏာရပါတီရဲ့ နိုင်ငံရေးကစားမှုတစ်ခုလို့ ပြောနိုင်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးကို အကောင်းဘက်ဆီ ဖြစ်ထွန်းတိုးတက်စေချင်ရင် တိုင်းရင်းသားပါတီတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က လက်မခံကြောင်း အထပ်ထပ် ပြောထားခဲ့ပြီးဖြစ်တဲ့  ရွေးကောက်ပွဲအချိုးကျကိုယ်စားပြု (PR) စနစ်ကို လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ ကျင့်သုံးရေးကိစ္စထက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကိုသာ အာဏာရပါတီနဲ့အစိုးရက အာရုံစိုက် သင့်ပါတယ်။ အထူးသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် (မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း) NLD က စုစည်းခဲ့တဲ့ နိုင်ငံတစ်ဝှမ်းက ပြည်သူလူထု ငါးသန်းခန့်ရဲ့ ဆန္ဒပြုလွှာများကို အစိုးရက လေးလေး နက်နက် လက်ခံစဉ်းစားသင့်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာသာလောက်ပဲ လိုတော့တဲ့အချိန်မှာ PR စနစ်အတွက် ပြင်ဆင်ဖို့ အချိန် ဘယ်နည်းနဲ့မှ မရနိုင် ပါ။ တိုင်းပြည့် အနာဂတ်မှာ အကျိုးမများနိုင်တာ သိလျှက်နဲ့ မိမိတို့ အာဏာတည်မြဲရေးအတွက် PR စနစ်ကို အသက်သွင်းဖို့ အားထုတ်ခြင်းဟာ၊ အာဏာရပါတီရဲ့ နိုင်ငံရေးကစားမှုတစ်ခုလို့ဆိုရမှာပါပဲ။ လူထုထောက်ခံမှု မရရှိနိုင်တော့တဲ့ အခြေအနေတွေ ကြုံလာရလို့ ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရက ဖွဲ့ပေးထားတာဖြစ်လို့ PR အရေးမှာ တစ်ကျိတ်တည်း တစ်ဥာဏ်တည်းဆိုတာ လူထုကတော့ သိပြီးဖြစ်ပါတယ်။အခုလို လူထုက အပ်နှင်းလိုခြင်း မရှိတဲ့ (Mandate) အာဏာကို မရိုးသားတဲ့ နိုင်ငံရေးကစားကွက်တွေဖန်တီးပြီး အပိုင်စီးရယူဖို့ ကြံစည်ခြင်းဟာ တိုင်းပြည်လူထုကို ဆင်းရဲတွင်းထဲက မထွက်နိုင်အောင် လုပ်တာနဲ့ အတူတူပါပဲ။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၊ (၁၅) ရက်နေ့မှာ  ကျရောက်တဲ့  “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား (၂၀၁၄)” သို့  သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့ထားတဲ့ သဝဏ်လွှာကို ကြည့်ရင်တော့၊ မြန်မာနိုင်ငံ အခြေအနေဟာ ကောင်းနေ သယောင်ယောင်ပါပဲ။ သမ္မတ ဦးသိန်းစိန် ပေးပို့ထားတဲ့ သဝဏ်လွှာမှာ အခုလို ဖေါ်ပြထားတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံသည် ဒီမိုကရေစီဆီသို့ ခိုင်မာသော ဆုံးဖြတ်ချက် ရည်မှန်းချက်ဖြင့် လျှောက်လှမ်းခဲ့သည့် သုံးနှစ်တာ ကာလအတွင်း သိသာ ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ယခုအခါ ဒီမိုကရေစီအတွက် အခြေခံ အုတ်မြစ် ခိုင်မာလာစေရန် ရည်ရွယ်သည့် တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု (Third Wave) ကို ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်တော်နှင့်အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် နေကြသူများအနေဖြင့် နိုင်ငံရေးဖြေလျှော့မှုများနှင့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်များ အသက်ဝင် ရှင်သန်ရေးတို့ကို ခိုင်မာတဲ့ သန္နိဋ္ဌာန်ချ ဆောင်ရွက်နေခြင်းဟာ ပြည်သူလူထု တစ်ရပ်လုံး အကျိုး ခံစားရခြင်းကို အဓိကထားတဲ့ နိုင်ငံရေးစေတနာမှန် သက်သက်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။”

ဒီနေရာမှာ သမ္မတပြောတဲ့ “သုံးနှစ်တာ ကာလအတွင်း သိသာ ထင်ရှားသည့် အောင်မြင်မှုများ” ဆိုတာ ဘယ်အရာတွေကို ဆိုလို မှန်း မသဲကွဲပါဘူး။ ပြည်သူအများစု အမြင်မှာတော့ အစိုးရသက်တမ်း(၃)နှစ်ခွဲကျော်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ထင်ရှား တဲ့ အောင်မြင်မှုရယ်လို့ ပြစရာမမြင်သေးဘူးလို့ ဆိုချင်ပါတယ်။ ဒီလိုပြောရတာက ခရိုနီသူဌေးတွေ၊ ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးတွေ၊ ၀န်ကြီး တချို့ ရဲ့သားသမီးတွေ၊ အာဏာပိုင်အ၀န်းအ၀ိုင်းနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေ စီးပွားရေးအခွင့် အလမ်းတွေ ရရှိ အောင်မြင်နေကြပေမယ့်၊ လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေ အနေကတော့ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းနေ တာ လက်တွေ့သိမြင်နေရလို့ဖြစ်ပါတယ်။ ဒီ့အပြင် တရားဥပဒေစိုးမိုးရေးအတွက် သာမန်ပြည်သူလူထုအနေနဲ့ အားကိုးရမယ့် တရားစီရင်ရေးစနစ် အခုထိ ဖေါ်ဆောင်မပေးနိုင်သေးတာက တစ်ကြောင်း၊ နောက်ထပ် ပညာရေး ကျန်းမာရေး လမ်းပန်း ဆက်သွယ်ရေး၊ တယ်လီဖုန်း/အင်တာနက်ဆက်သွယ်ရေး၊ ရေကိစ္စ လျှပ်စစ်မီးကိစ္စ အစရှိတဲ့ ကိစ္စခပ်သိမ်းမှာ ပြဿနာတွေ အသီးသီး ဖြစ်နေတာကို ကြည့်ရင် လက်ရှိ အစိုးရ လုပ်ဆောင်ချက်တွေ အောင်မြင်မှု ရှိ မရှိ သိမြင်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မိုးရာသီမှာ ရေကြီးပြီး၊ နွေရာသီမှာ ရေမီး ခက်ခဲနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။

အကျိုးဆက်အဖြစ် လူထု ဆန္ဒသဘောထားထုတ်ဖေါ်မှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်းမှာ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံဖို့ ဆုံးဖြတ် မယ်လို့ ပြောကြားခဲ့တာကို ကန့်ကွက်ကြောင်း “တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီသူများအဖွဲ့” နဲ့ “ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု” Movement for Democracy Current Force (MDCF) အဖွဲ့ဝင်တွေက စက်တင်ဘာလ(၅) ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြတာကို ကြည့်ရင်သိနိုင်ပါတယ်။ သမ္မတအနေနဲ့  လက်ရှိတာဝန်ယူထားတဲ့ကာလ မှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့ အတွက် ကန့်ကွက်တာဖြစ်ကြောင်း  ဆန္ဒပြသူတွေက  သတင်းမီဒီယာတွေကို ပြောပြတာတွေ့ရတယ်။ ဆန္ဒပြသူတွေက ဧရာဝတီမြစ်ဆုံပြဿနာ၊ လယ်ယာမြေ ပြဿနာ၊ အခြေခံလုပ်ခလစာ ပြဿနာတွေကို ဖြေရှင်းပေး ဖို့ တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။ ဦးသိန်းစိန်အနေနဲ့ လက်ရှိ ပြဿနာတွေကို မဖြေရှင်းပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကို မျှော်မှန်းဖို့ မသင့်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

လက်ရှိသက်တမ်း အတွင်းမှာ သမ္မတဦးသိန်းစိန် ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားချက်တွေကို အလဲဗင်းမီဒီယာသတင်းမှာ တွေ့ရပါတယ်။ ဆန္ဒပြသူများ တောင်းဆိုခဲ့တဲ့ အချက်တွေကတော့ (၁) ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေး၊ (၂)ဆင်းရဲ မွဲတေမှု လျော့ကျအောင် ဆောင်ရွက်ပေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေး၊ (၄) အဂတိ လိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ပေး၊ (၅) တရားရေးမဏ္ဍိုင် တည့်မတ်အောင် ဆောင်ရွက်ပေး၊ (၆) မြေယာပြဿနာများကို ဖြေရှင်းပေး၊ (၇) အလုပ်သမားများ၏ အခွင့်အရေးများကို ဖြေရှင်းပေး၊ (၈) တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချခြင်းမှ ကာကွယ်ပေး၊ (၉) သတင်းမီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ ဖိနှိပ်မှုများကို ကာကွယ်ပေး၊ (၁ဝ) နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်၊ (၁၁) ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်အောင် ဖြေရှင်းရေး စသဖြင့် ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်တွေ ဖြေရှင်းပြီးမှသာ ၂၀၁၅ မှာ အရွေးခံဖို့ စဉ်းစားပါလို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို ကြည့်ရင် သမ္မတ ဦးသိန်းစိန် ပြောတဲ့ “သုံးနှစ်တာ ကာလအတွင်း သိသာ ထင်ရှားသည့် အောင်မြင်မှုများ” ဆိုတာဘာမှ မရှိ နတ္ထိ ဖြစ်ကြောင်းတွေ့ရတယ်။

ဦးသိန်းစိန်အစိုးရရဲ့သုံးနှစ်ခွဲကာလအတွင်း အောင်မြင်မှုမရှိတာကို နောက်ထပ်ညွှန်ပြနေတဲ့ အချက်ကတော့၊ အလုပ်အကိုင်ရှားပါးမှု ကိစ္စကို ဖြေရှင်း မပေးနိုင်ခြင်းပါပဲ။ မြန်မာတရားမ၀င် ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ထိုင်းနိုင်ငံမှာ (၂ သန်း)၊  မလေးရှား နိုင်ငံမှာ (၂ ဒသမ ၄ သန်း) ခန့်ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က စက်တင်ဘာ (၁၂) ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြသွားကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရပါတယ်။ တကယ်တော့ ဒီ ကိန်းဂဏန်းတွေဟာ တကယ့် အရေအတွက်ထက် အများကြီးလျော့နည်းနေနိုင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တ နားချိန်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားရာမှာ- မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် လုံလောက်မှု မရှိတဲ့ ကိစ္စ၊ လူမှုလုံခြုံရေးလုံလောက်မှု မရှိတဲ့ ကိစ္စ နဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့ ကိစ္စတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့  ဒုက္ခသည် တွေ များပြားတဲ့ ပြဿနာ ဖြစ်ပေါ်နေရကြောင်း ထည့်သွင်းပြောကြားခဲ့တာတွေ့ရပါတယ်။

“ခပ်တိုတိုပြောရရင် ဒီနိုင်ငံမှာ အလုပ်လုံလောက်စွာ မရှိဘူး။ လုံခြုံရေးလုံလောက်စွာ မရှိဘူး။ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူး။ လူမှုရေး ဖူလုံမှု မရှိဘူး။ အဲဒါကြောင့်မို့လို နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ ဒုက္ခသည်တွေများတယ်။ အဲဒီဟာတွေ အားလုံး ဖြေရှင်းဖို့ဆိုတာကတော့ ခပ်တိုတိုနဲ့ ရမှာမဟုတ်ဘူး။ နောက်ပြီးတော့လည်း အစိုးရတစ်ခုတည်းအနေနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။ တစ်တိုင်းပြည်လုံးက ပါဝင်ပြီးတော့ လုပ်ဖို့ဆိုတာ ပါဝင်ပိုင်ခွင့်လည်း ရှိဖို့လိုတယ်”  လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုခဲ့တာ အလဲဗင်းမီဒီယာသတင်းမှာ တွေ့ရပါတယ်။

နိဂုံးချုပ်အားဖြင့် သမ္မတ ဦးသိန်းစိန် ပေးပို့ထားတဲ့ သဝဏ်လွှာထဲက စာတစ်ပိုဒ်ကိုပဲ ကိုးကားပါမယ်။  “ဒီမိုကရေစီဆိုသည်မှာ နိုင်ငံသားများက ၎င်းတို့၏ လူမှုဘဝနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များတွင် တန်းတူ ပြောဆိုခွင့် ရရှိနိုင်သည့် အုပ်ချုပ်မှုပုံစံ တစ်ခုပင်ဖြစ်ပါသည်။ ရှေးယခင်မှစ၍ လက်ခံထားသော ဒီမိုကရေစီ၏ အရေးကြီးသော သဘောစရိုက် လက္ခဏာမှာ ညီမျှမှုနှင့် လွတ်လပ်မှုပင်ဖြစ်ပါသည်။” လို့ သမ္မတက ဆိုပါတယ်။ ဒီ သ၀ဏ်လွှာပါ သဘောထားကို လက်တွေ့အကောင်အထည်ဖေါ်စေချင် ပါတယ်။ အာဏာပိုင် အစိုးရအဖွဲ့နဲ့အစိုးရရဲ့လက်ဝေခံတချို့လောက်နဲ့မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာပေါင်း အသင်္ချေကို ဖြေရှင်းနိုင်မှာမဟုတ်ပါ။ တစ်တိုင်းပြည်လုံးက ပါဝင်ပြီးတော့ လုပ်ကိုင်ပိုင်ခွင့် ရှိဖို့လိုပါတယ်။ ပြည်သူ လူထုကိုယ်တိုင် Participatory Democracy သဘောအရ တိုင်းပြည်ရေးရာကိစ္စများမှာ ပါဝင်ခွင့် လမ်းဖွင့်ပေးချိန်တန်ပါပြီ။

ဒါကြောင့် ဦးသိန်းစိန် နောက်တစ်ကြိမ် သမ္မတလုပ်ချင်သေးတယ်ဆိုရင်၊ အလုပ်သမား လယ်သမား ဆင်းရဲသားလူထုကို တုတ်နှောင်ထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းတွေကို ဖျက်သိမ်းပါ။ အစိုးရ၊ စစ်တပ်နဲ့ခရိုနီလက်ဝေခံတို့ကို ဥပဒေအထက်မှာ နေစေပြီး၊ ဒီမိုကရေစီ အမှန်တကယ်လိုလားသူတွေကို ဖိနှိပ်ရေးဥပဒေတွေအောက်မှာ ချုပ်နှောင်ထားခြင်း မလုပ်ပါနဲ့။ နိုင်ငံသား တိုင်း တန်းတူ လွတ်လပ်ခွင့်၊ တန်းတူ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်၊ နိုင်ငံ့အရေးမှာ တန်းတူ ပါဝင်ခွင့်ပေးပါ။ နိုင်ငံရေးလှည့်ကွက်၊ ညစ်ကွက်တွေနဲ့ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တဲ့ လူစု လူအုပ်များရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေးလုပ်ရပ်တွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ အမြန်ဆုံး ဖေါ်ထုတ်အရေးယူပါ။ တိုင်းပြည့်သယံဇာတတွေကို လက်ဝါးကြီးအုပ် ခိုးထုတ်နေသူများကို အမြန်ဆုံး အပြစ်ပေးအရေးယူပါ။ မြစ်ဆုံ စီမံကိန်း လုံးဝဖျက်သိမ်းပါ။  ဒီ လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး မှ နောက်တစ်ကြိမ် ကိစ္စ စဉ်းစားပါလို့ နှိုးဆော်လိုက်ပါရစေ။။။။

 ((စက်တင်ဘာလ (၂၂) ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ ဒီလှိုင်းစာစောင် မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – ဦးသိန်းစိန် နောက်တကြိမ် သမ္မတလုပ်ချင်သေးသလား?

Comments are closed.