ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ဘာဆန်းလဲ…ဘာဆန်းလို့လဲ

ဆောင်းယွန်းလ – ဘာဆန်းလဲ…ဘာဆန်းလို့လဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄
ညည အိပ်ယာဝင်တိုင်း
ကိုယ့်မျက်လုံး ကိုယ်ပြန်ပြန်ရှာနေရ
မနက်မနက် မျက်နှာသစ်တိုင်း
ကိုယ့်မျက်နှာ ကိုယ်ပြန်ပြန်ရှာနေရနဲ့…..

အနုပညာဆန်တဲ့ ရုပ်ရှင်တွေထဲမှာတော့
ကမ္ဘာဟာ နေချင်စရာပါပဲ….

အတည့်ကို ဒဲ့ပြောရရင်
ပြည်တည်ပြီး မမှည့်သေးတဲ့
အိုင်းအနာကြီးတခုဟာ ကမ္ဘာပဲ…

လုံခြုံမှုဟာ
လုံခြုံတဲ့နေရာမှာ မရှိနိုင်ရှာသေးဘူး
ငြိမ်းအေးခြင်းဟာ
ငြိမ်သက်တဲ့နေရာမှာ မရှိနိုင်ရှာသေးဘူး….

အန္တရာယ်ဟာ
ဂုဏ်တော်ပုတီးစိတ်နေတဲ့ လက်ဖျားမှာ
အရိပ်တခုလို ကပ်ကပ်ပါလာတယ်….

ရိုးရှင်းတဲ့ဘ၀ဟာ
ပုခက်တွင်းမှာတောင် သန္ဓေမတည်နိုင်ရှာတော့ဘူး…

အာဏာကို အာဏာကပြန်သိမ်းလိုက်ကြ
မာယာက်ု မာယာကပြန်လှည့်ဖြားလိုက်ကြနဲ့…

တရားမျှတမှုအကြောင်းတွေပြောနေရတာကိုက
မတရား မမျှတကြသေးလို့ပဲ….

ငြိမ်းချမ်းရေးဖွဲ့သီချင်းတွေ ဆိုနေရတာကိုက
မငြိမ်းချမ်းနိုင်ကြသေးလို့ပဲ….

လွတ်လပ်မှုအကြောင်းတွေ ဖောင်ဖွဲ့နေရတာကိုက
မလွတ်လပ်နိုင်ကြသေးလို့ပဲ…

ခပ်ရိုင်းရိုင်းနှိုင်းရရင်
စောက်သုံးမကျတဲ့ တိုင်းပြည်တွေမှာ
ဘုရားက ဘုရားနေရာမှာမရှိတော့ဘူး
တရားက တရားနေရာမှာမရှိတော့ဘူး
သံဃာကလည်း သံဃာနေရာမှာမရှိတော့ဘူး…

ဘာဆန်းလဲ
ကမ္ဘာက ကမ္ဘာမှာမရှိတော့တာကကော
ဘာဆန်းလို့လဲ……………………..။ ။

ဆောင်းယွန်းလ (စက်တင်ဘာ ၁၈ ရက်၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts