လောကဓာတ်ခန်း သောင်းပြောင်းထွေလာ

မောင်ဥက္ကလာ – မှတ်ကျောက်တင်ထိုက် – ကာလနဂါးလိပ်နဲ့ ရောင်စုံသူခိုးများ (ထွေထွေရာရာ ဤကမ္ဘာ)

မောင်ဥက္ကလာ – မှတ်ကျောက်တင်ထိုက် – ကာလနဂါးလိပ်နဲ့ ရောင်စုံသူခိုးများ (ထွေထွေရာရာ ဤကမ္ဘာ)
(မိုးမခ) စက်တင်ဘာလ ၂၂၊ ၂၀၁၄

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများ ဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။ ဒီတပတ်တော့ မှတ်တမ်းတင်ထိုက်တဲ့ ရောင်စုံ သူခိုး ဖိုတွမ်တီတွေအကြောင်း စုစည်းတင်ပြလိုက်ပါတယ်။

• ဥသူခိုး
အမေရိကန်နိုင်ငံ အရှေ့ မြောက်ဖက် မိန်း (Maine) ပြည်နယ် ဝါတားဗေလ် (Waterville) မြို့ ကလေးမှာရှိတဲ့ အလယ်တန်းကျောင်းမှာ (၅) တန်း တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားလေးတွေ အတော်လေး စိတ်ထိခိုက်၊ ခေါင်းတဗျစ်ဗျစ်ကုတ် တွေးရခက် ဖြစ်ကုန်ကြတယ်။ ပြီးခဲ့တဲ့အပတ် မနက်ပိုင်း ကျောင်းရောက်ချိန်မှာ သူတို့ စိုက်ပျိုးရေးအတန်းရဲ့  ဥယျာဉ်ခြံလေး ဗရုန်းသုန်းကား ပျက်ဆီးနေတာကို တအံ့တသြ တွေ့လိုက်ရတယ်။ အထူးသဖြင့် သူတို့ စနစ်တကျ စိုက်ပျိုးထားတဲ့ ကြက်သွန်ဝါ အပင်တွေ အကုန်လုံးနီးပါး ပျက်စီးပျောက်ဆုံးကုန်တယ်။ သူတို့ ရည်ရွယ်ချက်က ဒီစိုက်ခင်းကရရှိတဲ့ အသီးအနှံတွေကို ကျောင်းမီးဖိုချောင်း နေ့လယ်စာ ချက်ပြုပ်ရေးအတွက် တဝက်၊ ကျန်တဝက်ကို အိုးမဲ့အိမ်မဲ့များ ကူညီစောင့်ရှောက်ရေးဂေဟာကို လှုဒါန်းဖို့ဖြစ်တယ်။ (၅) တန်း ကျောင်းသူလေး အရှလီ ဟာဝုဒ် (Ashley Harwood) ရဲ့  မှတ်တမ်းအရ ကြက်သွန်ဝါဥ အလုံး (၁၀၀) ကျော် အခိုးခံလိုက်ရတယ်လို့ သူက မကျေမနပ် ပြောဆိုတယ်။ ဆရာမ မယ်ရီ ဒမ် (Mary Dum) ကတော့ ခလေးတွေကို သူတို့အနေနဲ့ အစားအစာတွေကို ဘယ်ကရတယ်၊ ဘယ်လိုရတယ် ဆိုတာကို သိနားလည်းဖို့ ရည်ရွယ်ပြီး ဒီအတန်းကို သင်လာခဲ့တာ (၅) နှစ်ရှိပြီ။ ဒီလိုမျိုး မကြုံဖူးဘူး၊ မျှော်လင့်မထားဘူး။ အခုတော့ ခလေးတွေကို သူတပါးပစ္စည်း ဖျက်လိုဖျက်ဆီးလုပ်တာ မကောင်းဘူး။ စုပေါင်းအားနဲ့ ပြန်လည်တည်ဆောက်ရမယ် ဆိုတာကို သင်ပေးခွင့်ရတာပေါ့လို့ အဆိုးထဲက အကောင်းရှာပြီး ပြောရှာတယ်။ ဒေါသအနည်းငယ် ဖြစ်နေတဲ့ (၁၀) နှစ် ကျောင်းသူလေး ဟာနာ (Hannah) ကတော့ ကြက်သွန်ဥသူခိုး ဘယ်သူဘယ်ဝါဆိုတာ သိရင်တော့ သူကို ကောင်းကောင်း မှတ်လောက်သားလောက် အပြစ်ပေးရမယ်လို့ ကြိမ်းဝါးလိုက်တယ်။ ခလေးတွေ ဒေါသဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာ သူတို့ ပင်ပင်ပန်းပန်း ထွန်းယက်စိုက်ပျိုးထားတဲ့ စိုက်ခင်းကို ဖျက်ဆီးပြီး ခိုးစရာရှားတဲ့ သူခိုးအဖျက်သမား။ ဒီနေ့အထိတော့ ဥသူခိုးကို ဖမ်းမမိသေး။ ပျက်စီးသွားတဲ့ စိုက်ခင်းနဲ့ ပြန်ဝယ်ရမယ့် အပင်မျိုးစေ့တွေအတွက်တော့ လှုဒါန်းသူတွေရှိလို့ အဆင်ပြေသွားပါပြီ။ ဒီလောက်လေး ဆုံးရှုံးသွားတဲ့ တော်သေးတာပေါ့နော် – ရွှေနိုင်ငံမှာဆို စိုက်ပျိုးထားတဲ့ သီးနှံတွေမက စိုက်ခင်းလယ်ယာမြေတွေပါ ပျောက်ကုန်ကြတာ ဒီခလေးတွေ မသိရှာဘူး။ သနားပါတယ်။ (သတင်း – USA Today)

 ===============================

• သူခိုး ပိစိကွေးလေး
အမေရိကန်အနောက်အလယ်ပိုင်း အိုဟိုင်ရို (Ohio) ပြည်နယ်၊ ယူနီယန်မြို့  (Union Township) မှာ ကားတစ်စီး အခိုးခံရကြောင်း ရဲတွေ ဖုန်းရရှိတယ်။ ဖြစ်ပုံက ကီ့ထ် မက်ကာရို (Keith McCarroll) တို့ မိသားစု သားငယ်လေးရဲ့  ကျောင်းဘောလုံးကစားပွဲအတွက် သွားကြဖို့ ပြင်ဆင်နေတုန်း၊ ဂိုဒေါင်ထဲမှာရှိတဲ့ ထရပ်ကားကို ကီ့ထ် က စက်နှိုးထားပြီး ဧည်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်။ အားလုံးအဆင်သင့်ဖြစ်လို့ သွားကြမယ်လုပ်တော့ ကောင်လေးတစ်ယောက် ခြံဝင်ထဲကို ဒုန်းစိုင်းပြေးဝင်လာပြီး ကားဂိုဒေါင်ထဲမှာ စက်နိုးထားတဲ့ ထရပ် (truck) ကားပေါ် အလျင်အမြန်ခုန်တက်ပြီး အရှိန်နဲ့ မောင်းပြေးတော့တယ်။ စက္ကန့်အတွင်း ဖြစ်ပျက်သွားခဲ့တာကို တအိမ်သားလုံး တအံ့တသြ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။

ကီ့ထ်လည်း ဘာမှပြောဆိုမနေတော့ဘဲ ချက်ချင်း ဂိုးထောင်ထဲမှာရှိတဲ့ သူ့မိန်းမ မီနီဗန် (Minvan) ကားကို မောင်းပြီး သူခိုးနောက် လိုက်တော့တယ်။ ကားသူခိုးက တစ်နာရီ (၂၅) မိုင်လောက် မောင်းခွင့်ပြုထားတဲ့ လူနေရပ်ကွက်အတွင်း လမ်းပေါ်မှာ မိုင် (၅၀-၆၀) နဲ့ တဟုန်းထိုး မောင်းပြေးတယ် (လမ်းကျဉ်းကျဉ်းဆိုးဆိုး၊ ကားတွေလူတွေနဲ့ အမြဲပြည့်ကျပ်နေတဲ့ ရန်ကုန်မြို့ မှာဆို ဒီလို မောင်းပြေးလို့ ဘယ်ရမလဲ)။ ရပ်ကွက်လမ်းထဲ ပတ်မောင်းပြေးနေတဲ့ သူခိုးက ရုတ်တရက် ပြန်ကွေ့လာပြီး  နောက်ကလိုက်လာတဲ့ ကီ့ထ်ရဲ့ ကားကို တိုက်ဖို့ကြိုးစားတယ်။ တကြိမ် ခေါင်းချင်းတေ့ဆိုင်ပြီး တိုက်ဖို့လုပ်တာ ကီ့ထ် အရှောင်မြန်လို့ ပွတ်ကာသီကာလွတ်ပြီး အိမ်နီးနားချင်းခြံထဲကို ခြံစည်းရိုးတွေတိုက်ကာ ဝင်ရောက်ရပ်တန့်သွားခဲ့တယ်။ သူခိုးကတော့ မရပ်မနားနဲ့ တစ်နာရီ (၆၅) မိုင်နှုန်းနဲ့ ဆက်မောင်းပြေးရင် အရှိန်လွန်ပြီး ခြံတခြံရှေ့ က စာတိုက်ပုံကို ဝင်တိုက်တော့မှ ရပ်သွားတယ်။ ကားရပ်ပေမဲ့ လူကို မထိခိုက်တော့ ကိုယ်တော်ချောက အပြေးကလေး အလစ်သုတ်ဖို့ ကြိုးစားတော့၊ အနားမှာရှိတဲ့ ခြံပိုင်ရှင်က တားဆီးဖမ်းဆီးလိုက်တယ်။

ဒီ ကားသူခိုးရဲ့  စွမ်းပကားကြောင့် လူတွေ အကြီးအကျယ် အထိတ်တလန့်ဖြစ်၊ ကီ့ထ်တို့မိသားစု ပိုင်ဆိုင်တဲ့ ကားနှစ်စီးလုံး ရစရာမရှိအောင် ပျက်စီးသွားတယ်။ လမ်းတလျှောက် အိမ်နီးနားချင်း ခြံစည်းရိုး၊ စာတိုက်ပုံတွေ ကျိုးပျက်ကုန်တယ်။ အဆိုးထဲက အကောင်းကတော့ ဘယ်သူဘယ်ဝါမှ ထိခိုက်ဒဏ်ရာ မရကြဘူး။ အဲ … ပြောဖို့မေ့နေတာက ဒီဇာတ်လမ်းရဲ့  အဓိကဇာတ်ကောင် ကားသူခိုးက အသက် (၁၂) နှစ်ပဲရှိတယ်။ သူခိုးလေးက အဖွားဖြစ်သူနဲ့ မနေချင်လို့ ထွက်ပြေးလာပြီး၊ ရေကန်အသင့် ကြာအသင့် စက်နှိုးထားတဲ့ ကီ့ထ်ရဲ့  ထရပ်ကားကိုတွေ့တာနဲ့ တက်မောင်းပြေးတာလို့ ထွက်ဆိုတယ်။ အခုတော့ ငထက်ဖြားလေးကို လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ ထိန်းချုပ်ထားတယ်။ ကီ့ထ်တို့ မိသားစုကတော့ ပျက်စီးသွားတဲ့ ကားတွေပြင်ဖို့အတွက် တွက်ချက်လိုက်တော့ နှစ်သောင်းကျော် ကုန်မယ်တဲ့။ ဒီအတွက် သိပ်စိုးရိမ်စရာတော့မလို … ကားတွေအတွက် ထားရှိတဲ့ အာမခံကြေးကုမ္မဏီ က စီစစ်ကျခံသွားဖို့ ရှိပါတယ် (အမေရိကန်နိုင်ငံမှာ ကားဝယ်ရင် အာမခံကြေး ထားရတယ်။ အာမခံကြေးပေါ်လစီ မရှိရင် တရားဝင် ကားမောင်းခွင့်မရှိ)။ (သတင်း – WCPO Cincinnati)

===============================
ဒီရွန်း ဒေဗစ် (Dion Davis)

• ကာလနဂါး
သူကိုယ်သူ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များ မှတ်နေသလားမသိ – အလုပ်ကို နားနားနေနေ သက်တောင့်သက်သာ ဇိမ်နဲ့လုပ်ပုံ။ ဇာတ်လိုက်ကျော် ဖိုးတွမ်တီ က အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ (Florida) ပြည်နယ်၊ နိုကိုမစ် (Nokomis) မြို့ က အိမ်တအိမ်ထဲကို အောင်အောင်မြင်မြင် ဖောက်ထွင်ဝင်ရောက်နိုင်ခဲ့တယ်။ ကံကောင်းချင်တော့ သူ ဝင်ရောက်ခဲ့တဲ့အိမ်မှာ အိမ်ရှင်တွေမရှိ၊ အိမ်စောင့်လည်းမရှိ။ ခွေးကြောင်လည်းမရှိတော့ တစ်ယောက်တည်း စိတ်အေးလက်အေး လိုချင်တာတွေကို ရှာဖွေမွှေနောက် ရယူတော့တယ်။ သူရဲ့  အချိန်ရှိခိုက် လုံလစိုက် ကြိုးပမ်းမှုကြောင့် ရွှေငွေတော်တော်များများကို ရလိုက်တယ်။ ရွှေငွေတွေကို အထုပ်တထုပ်နဲ့ သေသေချာချာ သိမ်းဆည်းပြီး၊ တအိမ်လုံး ဗြောင်းဆန်ရှာလိုက်ရတာကြောင့် ပြုတ်ပြုတ်ပြုန်း မောသွားတာကြောင့် နားချင်စရာကောင်းလှတဲ့ ဧည်ခန်းထဲက ဆိုဖာအိအိကြီးပေါ်မှာ တချက်နားလိုက်တာ၊ တမေ့တမြော အိပ်ပျော်သွားတယ်။ ခိုးထုပ်ကို ဘေးမှာချပြီး၊ ဇိမ်ရှိလှတဲ့ ဆိုဖာကြီးပေါ်မှာ အပူအပင်ကင်းမဲ့ အိပ်မောကျနေတဲ့ ကိုရွှေသူခိုးတစ်ယောက် နံနက် ဝေလီဝေလင်းအချိန် အိမ်ရှင်းဖို့ ရောက်လာတဲ့ အိမ်ဖော် ဝင်လာတာကိုမသိ (ဆင်အော်တာတောင် မနှိုးတဲ့ ကာလနဂါး)။ အိမ်ဖော်က လိမ်မာပါးနပ်စွာနဲ့ ချက်ချင်း ရဲကိုအကြောင်းကြား ဖုန်းဆက်ခေါ်လိုက်တယ်။ ရဲတွေရောက်လာချိန်အထိ အိပ်မက်လှလှလေးမက်ပြီး တခူးခူး အိပ်မောကြနေတဲ့ ကာလနဂါးကို ရဲမှုးကြီးက မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူပြီးမှ ဖမ်းဆီးလိုက်တယ်။ အခုတော့ အသက် (၂၉) နှစ်အရွယ်  ဒီရွန်း ဒေဗစ် (Dion Davis)  တစ်ယောက် ဖောက်ထွင်ခိုးယူမှုနဲ့ ထိုက်တန်တဲ့ ထောင်ဒဏ်ကျခံရတော့မယ်။ ဒီလို အလုပ်ခွင်မှာ (ခိုးရာပါခိုးထည်တွေနဲ့) အိပ်ပျော်နေကြတဲ့ သူခိုးကြီးတွေ မြန်မာပြည်မှာ အများကြီးရှိတယ်ဆိုတာတော့ စာဖတ်သူများ အသိပါ။ (သတင်း CBS)

 ===============================
Mark Newton

• လိပ်
အမေရိကန်အနောက်အလယ်ပိုင်း မီရှင်ဂန် (Michigan) ပြည်နယ်၊ ဖလင့်မြို့  (Flint) ရဲ့  ခရိုဂါ (Kroger) ကုန်စုံဆိုင်ကြီးရှေ့  ကားရပ်နားရန်နေရာမှာ အသက် (၂၂) နှစ်အရွယ် ခရစ္စတင် သွမ်ဆန် (Kristen Thompson) တစ်ယောက် ဝယ်ခြမ်းလာတဲ့ ပစ္စည်းတွေကို ကားနောက်ဖုံးထဲ ထည့်နေတုန်း ယောက်ျားတစ်ယောက် နောက်နားရောက်ရှိလာပြီး မပေါ့မပါးနဲ့ ပစ္စည်းတွေကို ကုန်ကုန်ကွကွ ထည့်သိမ်းနေတဲ့ အမျိုးသမီးကို ကူညီမဲ့အစား ပိုက်ဆံအိတ်ကို လုယူထွက်ပြေးတော့တယ်။ မပေါ့မပါးဆိုတဲ့ ခရစ္စတင် က တကယ်တော့ ကိုးလလွယ်ဆယ်လဖွားတော့မယ် ကိုယ်ဝန်သည်။ သူ့ကိုယ်ဝန် အရင့်အမာကြီးကိုမေ့ပြီး ချက်ချင်း ဖိုတွမ်တီ နောက်ကို အတင်းလိုက်တော့တယ်။ ဘယ်လောက် ဖြတ်လတ်တဲ့ သူခိုးလဲဆိုတော့ ကိုယ်ဝန်သည်ကို လွတ်အောင်မပြေးနိုင်ရှာဘူး။ ခရစ္စတင် က လိပ်လိုပြေးနေတဲ့ သူခိုးကိုမှီတော့ စူပါသူခိုးက အညံ့မခံ၊ မဗိုက်ကို တွန်းလှဲပြီး ဆက်ပြေးဖို့ကြိုးစားပေမဲ့ အနီးတဝိုက်မှာရှိတဲ့ တာဝန်ရှိ လုပ်သားပြည်သူတွေက ဝိုင်းဖမ်းကြတာနဲ့ ပြေးမလွတ်နိုင် ဖမ်းဆီးခံရတော့တယ် (မြန်မာနိုင်ငံမှာဆိုရင် ဆွမ်းကြီးဝိုင်းလောင်းလို့ ဒီလိုသူခိုး ဖွတ်ဖွတ်ကြေသွားနိုင်တယ်။ ဒီလို ဝိုင်းရိုက်ကြတာလည်း မရှိလို့ ခိုးစားတဲ့ သူခိုးငမွဲတွေကို။ များပြားလှတဲ့ ခရိုနီခရိုဝါ သူခိုးကြီးတွေကိုတော့ မပြောရဲ၊ မထိရဲကြ)။ ကိုယ်ဝန်သည်လက်ကတောင် ပြေးမလွတ်တဲ့ အလွန်လျင်မြန် ဖြတ်လတ်တဲ့ အသက် (၃၀) အရွယ် မက် နယူးတန် (Mark Newton – နံမည်နဲ့မလိုက် ရွေ့ လျားမှု သီအိုရီကို ကောင်းကောင်းမသိတဲ့ သူခိုး) တစ်ယောက် လောလောဆယ်တော့ ဒဏ်ငွေ ဒေါ်လာ ရှစ်ထောင် ပေးဆောင်ရပြီး၊ ထောင်နန်းလည်း စံရမှာ သေချာတယ်။ ဒီလို ခရစ်တင် တစ်ယောက် ပြေးလွှာလိုက်ရပြီး (၆) နာရီအကြာမှာတော့ ဝမ်းတွင်းမှာ ကိန်းအောင်နေတဲ့ ကိုယ်တော်လေးက ထွက်လာဖို့ အဆင်သင့်ဖြစ်တာနဲ့ ဆေးရုံသွားပြီး ခေါ်ထုတ်လိုက်တာ ချောချောမောမောနဲ့ သားလေး ဂျိုဆက် အဲလက်ဇန်ဒါ (Joseph Alexander) ကမ္ဘာမြေကြီးပေါ် ရောက်ရှိလာခဲ့တယ်။ ဒီခလေး ကြီးလာရင်တော့ ရဲ သို့မဟုတ် အပြေးသမား ဖြစ်မှာတော့ သေချာသလောက်ရှိတယ်။ (သတင်း – ABC)

===============================

• သူခိုးကြီးများ
သူခိုးကြီးများအကြောင်းဆက်ရေးဖို့ စဉ်းစားပြီးမှ သတိရတာက … မြန်မာနိုင်ငံ အစိုးရထုတ်သတင်းစာတွေ ဖတ်ကြည့်ရင်တော့ သူခိုးကြီး တွေအကြောင်း နေ့တိုင်းဖော်ပြနေတာကို တွေ့ရပါလိမ့်မယ်။ ဒီတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတွေ ဝယ်ဖတ်ကြည့်။ (သတင်း – မြန်မာ့အမှောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts