ဝေဖန်ရေးရာ

စံလှကြီး – စဉ်းစဉ်းစားစားလည်း လုပ်ကြပါဗျာ

 

စံလှကြီး – စဉ်းစဉ်းစားစားလည်း လုပ်ကြပါဗျာ

(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၄

လွန်ခဲ့သောနှစ်က ကျနော့် အမျိုးများက ဖိတ်သဖြင့် စင်ကာပူနိုင်ငံသို့ အလည်အပတ် သွားခဲ့သည်။ ကျောင်းနေဘက် သူငယ်ချင်းတွေ အဲဒီနေရာမှာ အထိုက်အလျောက် ကြီးပွားနေကြတာတွေလည်း ရှိပါသည်။ ဟိုရောက်တော့ သူတို့ အိမ်တွေသွားလည် ထမင်းဖိတ်ကျွေးတာတွေ လိုက်စားပေါ့။

တနေ့တော့ သူငယ်ချင်းတယောက်က သူရုံးပိတ်ရက်မှာ မြန်မာများ စုဝေးရာ ဖြစ်သော ပင်နီဆူလာ ပလာဇာသို့ သွားမယ်ဆိုပြီး ခေါ်တော့ ကိုယ်လည်း သူနဲ့အတူ လိုက်သွားပါသည်။ မြန်မာများကတော့ ထိုနေရာမှာ ပွဲတော်ကြီးတခုလိုပါပဲ။ စည်ကားလှသည်မှာ ကြိတ်တြိတ်တိုးတဲ့ မောနင်းဆိုတဲ့ သီချင်းထဲကလို ဖြစ်နေပါသည်။

ပြန်ခါနီးကျတော့ သူငယ်ချင်းက သူ့အိမ်သို့ ဖုန်းပြောရန် ဖုန်းကဒ် ဝယ်ဦးမည်ဆိုတော့ ကိုယ်လည်း သူနဲ့အတူ ဖုန်းကဒ်ရောင်းတဲ့နေရာ လိုက်သွားပါသည်။ အမှန် စာရေးသူရဲ့ သူငယ်ချင်းဟာ ဗုဒ္ဓဘာသာဖြစ်ပြီး အခုနောက်ပိုင်းမှာ ဘာသာ သာသနာစောင့်ရှောက်ဖို့ စကားကို တွင်တွင် ပြောလေ့ ရှိသူဖြစ်ပါသည်။ တခါတရံ ငါ့ဘာသာကို မထိနဲ့ နေစရာ မရှိအောင် လုပ်ပစ်မယ် စားစရာ မရှိအောင် လုပ်ပစ်မယ် စသည်ဖြင့် ပြောတတ်သေးသည်။

ဖုန်းကဒ်ဝယ်တဲ့ ကောင်တာလည်း ရောက်ရော သူဝယ်လိုက်တဲ့ ဖုန်းကဒ်ကို အမှတ်မထင် လှမ်းကြည့်လိုက်မိရာ ကျိုက်ထီးရိုး စေတီတော် ပုံကြီး ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ အဲဒါနဲ့ ကိုယ်လည်း တခြားဖုန်းကဒ်တွေ လိုက်ကြည့်လိုက်တော့ ရွှေတိဂုံ စေတီတော်ပုံတွေ ကျိုက်ထီးရိုး စေတီတော်ပုံတွေ ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ အဲဒီမှာ ဖုန်းကဒ်ဝယ်တဲ့ တခြားလူတွေလည်း ဒါတွေပဲ ဝယ်နေကြတာ တွေ့လိုက်ပါသည်။ သူတို့လည်း ဗုဒ္ဓဘာသာတွေ အများစု ဖြစ်နိုင်ပါသည်။ မြန်မာအများစုမှာ အားလုံးသိကြသည့် အတိုင်း ဗုဒ္ဓဘာသာဝင် အများဆုံး ရှိသည် မဟုတ်လား။

ဒါနဲ့ ဖုန်းဆိုင်က ပြန်ထွက်လာပြီး လမ်းပေါ်ရောက်တော့ သူငယ်ချင်းကို သူဝယ်လာတဲ့ ဖုန်းကဒ် သုံးပြီးရင် ဘယ်လိုလုပ်မလည်း မေးတော့ သူက တအံ့တသြနဲ့ ကိုယ့်ကို လှမ်းကြည့်ပြီး သုံးပြီးမှတော့ လွှင့်ပစ်ရမှာပေါ့ကွ ဘယ်လိုလုပ်ရမှာလည်း ဆိုပြီး ပြောပါလေသည်။ သူပြောတာ မမှားပါ။ ဒါမျိုးဆိုတာက တခါသုံး ပစ္စည်းမဟုတ်လား။ ဒီတော့မှ ကိုယ်လည်း သူ့ကို မင်းလွှင့်ပစ်တာတော့ ဟုတ်ပါပြီ ဒါပေမဲ့ အဲဒီဖုန်းကဒ်ပေါ်မှာ မင်းအမြတ်တနိုး ရှိခိုးတဲ့ ဘုရားပုံတော်ကြီး ရှိနေတယ်လေ လို့ပြောလိုက်တော့ သူ ငိုင်ကျသွားသည်ကို တွေ့လိုက်ရပါသည်။ ကြည့်ရတာ အကြိမ်ပေါင်း မြောက်မြားစွာ လွှင့်ပစ်ပြီးပြီဟု ထင်ပါသည်။

စာရေးသူ ပြောလိုသည်မှာ ကိုးကွယ်ရာ ဘာသာ အယူဝါဒနဲ့ သက်ဆိုင်သော ဗုဒ္ဓပုံတော်များကို ဒီလို နေ့စဉ်သုံး စွန့်ပစ်ပစ္စည်းများပေါ်မှာ ရိုက်နှိပ်ရောင်းချခြင်းဟာ အတော်ကို ကြီးမားတဲ့ မဖွယ်မရာ လုပ်မှုပါပဲ။ နောက်တော့ သိရသည်မှာ ထိုရိုက်နှိပ်ရောင်းချသော စီးပွားရေး လုပ်ငန်းရှင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု သိရပါသည်။ တကမ္ဘာလုံး တခြားနေရာများတွင်ရော ဒီလိုပဲ လုပ်နေကြသလားတော့ မသိပါ။ ထိုသို့ လုပ်နေပါလျှင် နောက်နောင် မဖြစ်စေရန်နဲ့ ကိုယ့်လုပ်ရပ်များကို ကိုယ်တိုင် ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။ ကျနော့် အနေနဲ့တော့ ဒီလို ကိစ္စကို သူများပြောမှ သိတယ် ဆိုရင် တုံးလိုက်တာနော် လို့သာ ပြောလိုပါသည်။

စဉ်းစားကြည့်ပါ။ တခါသုံး ဖုန်းကဒ် ဆိုတာက လူတိုင်းလိုလို သုံးပြီးတာနဲ့ အမှိုက်ပုံးထဲ ထည့်လိုက်တာ ဖြစ်ပါသည်။ ဘယ်သူမှ အထပ်လိုက်ကြီး သိမ်းထားတယ် ဆိုတာ မတွေ့ဘူးသေး။ သိမ်းထားစရာ ပစ္စည်းလည်း မဟုတ်ပေ။ အဲဒီမှာ အမှိုက်ပုံးထဲ ကိုယ်လွှင့်ပစ်လိုက်တာက ကိုယ့်ဘုရားပုံတော်ကြီး ဖြစ်ပါသည်။ ပြီးတော့ ကိုယ်က ဘာသာ သာသနာကို မထိနဲ့လို့ သူများတွေကို ပြောလိုက်သေးသည်။ ပြီးတော့ ကိုယ်တိုင်က ကိုယ့်ဘုရားပုံ နေ့တိုင်း အမှိုက်ပုံးထဲ ပစ်နေသည်ဆိုလျှင် သင့်တော်မည် ထင်ပါသလား။

ပြီးတော့ နေ့စဉ်သုံး ပစ္စည်းဆိုတာက အလွယ်တကူ သုံးကြတာ ဖြစ်သည်။ ဘယ်သူမှ ဖုန်းပြောခါနီး လက်တွေ ခြေတွေဆေးပြီး ဖုန်းကဒ်ကလေးကို နဖူးနဲ့ ထိပြီးမှ ပြောတယ်လို့ မကြားဘူး။ တခါတလေ ဖုန်းကဒ်ကို ဂျင်းဘောင်းဘီ အတွင်းခံအိတ်ထဲ ထည့်မိတာ ရှိချင်ရှိမည်။ မသန့်မရှင်းတာတွေ ကိုင်ထားပြီး လက်သေသေချာချာ မဆေးပဲနဲ့ ဖုန်းပြောဖို့ ဖုန်းကဒ် လှမ်းယူလိုက်တာ ရှိချင်ရှိမည်။ အဲဒီမှာ ဖုန်းကဒ်ပေါ်က ပုံက ကိုယ်နေ့တိုင်း ဦးညွှတ်နေသည့် ပုဂ္ဂိုလ်၏ပုံ ဖြစ်နေပါသည်။ အမယ်လေးဗျာလို့သာ အော်လိုက်ချင်ပါတော့သည်။

လွန်ခဲ့သော နှစ်အတော်ကြာက နိုင်ငံခြားက စားသောက်ဆိုင်တဆိုင်က(လန်ဒန်မြို့လို့ ထင်ပါသည်) သူ့ ဆိုင်နာမည်ကို Greedy Buddha လို့ ပေးထားသဖြင့် ထိုကိစ္စကို ကန့်ကွက်ရန် ထိုင်းသံရုံးက ဦးဆောင်ပြီး မြန်မာနိုင်ငံနဲ့ သီရိလကာင်္နိုင်ငံ သံရုံးများကိုပါ ဖိတ်ခေါ်ကာ အစည်းအဝေး လုပ်သည် ဆိုသော သတင်းကို ဖတ်ဖူးပါသည်။ မှန်ပါသည်။ ကိုးကွယ်ယုံကြည်မှုနဲ့ ပက်သက်သော နာမည်များ ပစ္စည်းများကို မလေးမခန့် မလုပ်ရပါ။ ကိုယ်တိုင် မလုပ်သင့်သလို သူများက ကိုယ့်ကို လုပ်နေသည် ဆိုလျှင်လည်း ဥပဒေဘောင်အတွင်းက တားမြစ်ဖို့ လုပ်သင့်ပါသည်။ အခုတော့ ကိုယ်တိုင်က မလေးမခန့် လုပ်သလို ဖြစ်နေပါသည်။ ဖစ်မှဖစ်ရလေလို့သာ ဆိုချင်တော့သည်။

ထိုသို့ နေ့စဉ်သုံး ပစ္စည်းပေါ်တွင် ဗုဒ္ဓပုံတော်များ အထိမ်းအမှတ်များကို ရိုက်နှိပ်ခြင်းမှာ တန်ဖိုးထားပြီး ရိုက်နှိပ်ခြင်း ဖြစ်ဟန် တူပါသည်။ ဒါပေမယ့် ကိုယ့်လုပ်ရပ် ကိုယ်မစဉ်းစားမိတော့ တန်ဖိုးထားရာ မရောက်ပဲ နှိမ့်ချရာ ရောက်နေပါသည်။ ဆင်ခြင်သင့်ပါသည်။ ဒါက ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်သဖြင့် စဉ်းစဉ်းစားစား လုပ်သင့်ပါသည်။ ကိုယ်လည်း တခြားဘာသာမှ ခေါင်းဆောင်ကို ကြည်ညိုလို့ ဆိုပြီး သူတို့ ခေါင်းဆောင် နာမည်နဲ့ ကာရာအိုကေဆိုင်တို့ အရက်ဘားတို့ ဖွင့်လိုက်ဦးမည် ဆိုပြီး လုပ်လို့ မရပါ။

ကိုယ်က တန်ဖိုးထားပြီး ရိုက်နှိပ်လိုသည့် ပစ္စည်းဆိုလျှင်လည်း ကိုးကွယ်ယုံကြည်မှုနဲ့ မဆိုင်သော ပစ္စည်းများ အမျိုးသား အထိမ်းအမှတ် ပစ္စည်းများ များစွာရှိပါသည်။ ဥပမာ ဖုန်းကဒ်ပေါ်တွင် ဆွမ်းအုပ်ပုံ သို့မဟုတ် ကရဝိတ်ဖောင်ပုံ ရိုက်မည်ဆိုလျှင် ရပါသည်။ ဒါမှမဟုတ် ရှမ်းအိုးစည်ပုံလေးနဲ့ ဓားသိုင်းကနေပုံလေး ဆိုလည်း ဖြစ်သည်။ ချင်းတိုင်းရင်းသားတွေ ကျေနပ်ရအောင် အောက်ချင်းဌက်ပုံလေး ရိုက်မည် ဆိုလည်း ရတာပဲလို့ ထင်ပါသည်။ ဒီမိုလည်းဆန်အောင် အမျိုးသား အထိမ်းအမှတ်လည်း ဖြစ်အောင် ဒေါင်းရုပ်ပုံလေး ရိုက်ပြီး ကောင်းကျိုး အထွေထွေရယ်နဲ့ ချွန်စေ မြစေသော် ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော် ဆိုပြီး လုပ်လို့လည်း ရသေးသည်။ ဒါမှ မကြိုက်သေးဘူး ဆိုရင်လည်း တိုင်းရင်းသား အားလုံးပါအောင် ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း လက်တွဲထားသော ပုံလေးရိုက်ပြီး ကိုယ်ဆွေ ကိုယ်မျိုးတွေ တသက်လုံး မခွဲဘူးဆိုပြီး အလွမ်းသယ်လို့ ရသေးသည်။

အခုတော့ဗျာ သုံးစရာပုံ ရှားလွန်းလို့ ကိုယ့်လူမျိုး အများစု ရှိခိုးနေတဲ့ စေတီတော်ပုံတွေကို အလွယ်တကူ လွှင့်ပစ်ရမယ့် ပစ္စည်းပေါ် ရိုက်ထားတယ် ဆိုတော့ ဆီးဘန်နီ ဆရာတော်ရဲ့ မှားမိုက်လှစွာ ကိုယ့်မှီရာကို ကိုယ်သာဖျက်ဆီးဆိုတဲ့ စာသားပဲ ပြေးမြင်မိတော့တာပဲ။

တကယ်တော့ ကိုယ်တိုင်လည်း သူများကိုးကွယ်ရာ ပစ္စည်းတွေကို မလေးမခန့် မပြုမိရန် သတိပြုရမှာ ဖြစ်သလို ကိုယ့်ရဲ့ မဆင်ခြင်မှုကြောင့် ကိုယ့် ယုံကြည်ရာ ကိုးကွယ်ရာကို ကိုယ်တိုင် မလေးမစား လုပ်မိရာ မရောက်အောင် သတိပြုရပါမှာ ဖြစ်ပါတယ်။

သူများက ကိုယ့်ဘာသာ သာသနာကို စော်ကားတာ မဟုတ်ပဲ ကိုယ်တိုင် မစဉ်းစား မဆင်ခြင်မှုကြောင့် ကိုယ့်ဘာသာ သာသနာကို ထိခိုက်သည် ဆိုပါလျှင် အကြံခက်ပါသနော် သံလျက်တော် ခိုးတဲ့ သူခိုးကိုလ ဟုသာ ဆိုလိုက်ချင်ပါတော့သည်။

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စံလှကြီး – စဉ်းစဉ်းစားစားလည်း လုပ်ကြပါဗျာ
  1. Yes . They should not put pictures of Buddha or pagodas on phone cards. My question is why would anyone go that?

Comments are closed.