သတင်းဆောင်းပါး နိုင်ငံတကာရေးရာ

ဇာဝါရီ – ထူးခြားတဲ့ ၂၀၁၅ အမေရိကန်က ပြည်ထောင်စုအလှမယ်ြပိုင်ပွဲ

ဇာဝါရီ – ထူးခြားတဲ့ ၂၀၁၅ အမေရိကန်က ပြည်ထောင်စုအလှမယ်ြပိုင်ပွဲ  
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၄
၂၀၁၄ စက်တင်ဘာလ (၁၄) ရက် တနင်္ဂနွေနေ့ညက အမေရိကန်ပြည်ထောင်စု အလှမယ် (Miss America) ပြိုင်ပွဲကို အမေရိကန်နိုင်ငံ အရှေ့ ဖက်ခြမ်း နယူးဂျာစီပြည်နယ် အတ္တလန်တစ်မြို့ မှာ ကျင်းပခဲ့တယ်။ ဒီနှစ်ပြိုင်ပွဲမှာ ၂၀၁၄ အမေရိကန်ပြည်ထောင်စုမယ် နယူးရော့ခ် (New York) ပြည်နယ်သူ အမေရိကန်အိန္ဒိယ နွယ်ဖွား မစ္စနီနာ ဒါဗူလူရီ (Nina Davuluri) ရဲ့  သရဖူကို လွှဲပြောင်းယူမယ့် ၂၀၁၅ အလှမယ် ဘယ်ပြည်နယ်သူ ဖြစ်မလဲဆိုတာကို ပွဲကြည့်ပရိသတ်တွေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်အားပေးခဲ့ကြတယ်။
အမေရိကန်နိုင်ငံရောက် မြန်မာတချို့ လည်း ဘယ်သူနိုင်မယ်၊ ဘယ်သူလှတယ်၊ ဘယ်ပြည်နယ်သူကို အားပေးနေတယ်စသဖြင့် ဖေ့ဘုတ်ပေါ်မှာ ပြောဆိုကြတယ်။ တချို့ လည်း သူတို့အားပေးတဲ့သူ မနိုင်လို့၊ ဘာဖြစ်လို့ ရုပ်ရည်အားဖြင့် တချို့ မယ်တွေလောက် မလှတဲ့သူ အနိုင်ရသလဲဆိုတဲ့ ပြောဆိုမေးခွန်းထုတ်သံတွေကို တွေ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အလှမယ်ရွေးချယ်ရေး ဒိုင်လူကြီးအဖွဲ့က မျှမျှတတ၊ မှန်မှန်ကန်ကန်၊ စနစ်တကျနဲ့ ၂၀၁၅ အလှမယ်ကို ရွေးချယ်ပေးခဲ့တယ်။ ထူးခြားတာက ဒီနှစ် အနိုင်ရရှိသူက နယူးရော့ခ်ပြည်နယ် ကိုယ်စားပြု အလှမယ်ဖြစ်ခဲ့တော့ ပြိုင်ပွဲကြေညာသူက three-peat (အားကစားပြိုင်ပွဲမှာ သုံးနှစ်ဆက်တိုက် ဆုဖလား အနိုင်ရရင်ပြောတဲ့ အသုံးအနှုန်း) လို့ ကြေညာလိုက်တော့ နောက်ဆုံးအဆင့် နှစ်ယောက်က ဗားဂျီနီးယား နဲ့ နယူးရော့ခ် ပြည်နယ်သူတွေဖြစ်တော့ သရဖူဆွတ်ခူးသူက နယူးရော့ခ်အလှမယ်ဖြစ်ကြောင်း three-peat ကို နားလည်တဲ့ ပွဲကြည့်ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာ အားပေးဂုဏ်ပြုကြိုဆိုကြတယ်။
၂၀၁၅ အမေရိကန်ပြည်ထောင်စုအလှမယ်က ကျမ နံပတ် (၃) နဲ့ သိပ်အကျိုးပေးတာပဲလို့ ပြိုင်ပွဲအပြီးမှာ ပြောဆိုတယ်။ ဒီလို ထူးခြားချက်နဲ့အတူ တခြားစိတ်ဝင်စားစရာ ထူးခြားချက်တွေကို တင်ပြချင်လို့ ဒီဆောင်းပါးကို ရေးဖြစ်တယ်။
၂၀၁၅ အမေရိကန်ပြည်ထောင်စုအလှမယ် သရဖူပိုင်ရှင်က အသက် (၂၃) နှစ်အရွယ် အမေရိကန်ရုရှား နွယ်ဖွား ခီရာ ခဇန်ဆဗ် (Kira Kazantsev) ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ကို ရုရှားနိုင်ငံမှ ပြောင်းရွှေ့ လာခဲ့တဲ့ ရုရှားမိဘနှစ်ပါးမှ ၁၉၉၁ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့တယ်။ တကယ်တော့ မိုးမခအယ်ဒီတာ ဆရာမောင်ရစ်တို့ရဲ့  ဆန်ဖရန်စစ္စကို မြို့ တော်သူလေး။ (အယ်ဒီတာမှတ်ချက် – ဆန်ဖရန်ဘေးဧရိယာသူလေးပါ။ ဝေါနတ်ခရိမှာ နေခဲ့ပါသတဲ့)။ အဲဒီမှာ အထက်တန်းကျောင်းတက်နေစဉ် မစ္စကယ်လီဖိုးနီးယား ဂျူနီယား (Miss California Jr.) အလှမယ်သရဖူ ရရှိခဲ့ပြီး၊ အထက်တန်းကျောင်းသားကောင်စီရဲ့  ဥက္ကဋ္ဌ အဖြစ်လည်း ရွေးချယ်တင်မြှောက်ခံရတယ်။
ဆန်ဖရန်စစ္စကိုမြို့ သူကလေး ခီရာ ခဇန်ဆဗ် က အသက် (၁၈) နှစ်မှာ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားကနေ အရှေ့ ဖက်ခြမ်း နယူးရော့ခ်ပြည်နယ် (မိုင် သုံးထောင်ကျော်ကွာဝေးတဲ့) လောင် အိုင်လန် (Long Island) ရှိ ဟော့ဖ်စထွာတက္ကသိုလ် (Hofstra University) ကို တစ်ယောက်တည်း ကျောင်းတက်ဖို့ ပြောင်းရွှေ့ လာခဲ့ပြီး၊ နယူးရော့ခ် ပြည်နယ်သူ ဖြစ်လာခဲ့တယ်။ ဒါကြောင့် နယူးရော့ခ်ပြည်နယ် ကိုယ်စားပြု အလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။
 ဟော့ဖ်စထွာတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာလေ့လာရေး နဲ့ ပထဝီ ဘာသာရပ် (၃) ခုနဲ့ ဘွဲ့ ရရှိခဲ့တယ် (ပိုရှင်းအောင်ပြောရင် ဘွဲ့ (၃) ဘွဲ့ တခါတည်း ရယူနိုင်ခဲ့သူ)။ လာမယ့်နှစ် ၂၀၁၅ မှာ နယူးရော့ခ်မြို့  ဖို့ဒ်ဟမ်တက္ကသိုလ် (Fordham University) မှာ မဟာဝိဇ္ဇာဘွဲ့ကို နိုင်ငံတကာ ဥပဒေဘာသာရပ် အဓိကနဲ့ တက်ရောက်သင်ကြားဖို့ ပညာတော်သင်ဆု လက်ခံရရှိထားတယ်။
ကောလိပ်ကျောင်းတက်နေချိန် ရည်စားဖြစ်သူရဲ့  နှောက်ယှက်စော်ကားမှု (stalking) ခံခဲ့ရသူဖြစ်တဲ့အတွက် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာတို့ကို “အချစ်ဆိုတာ နာကျင်စရာ မဖြစ်သင့် – Love shouldn’t hurt” ဆောင်ပုဒ် လက်ကိုင်ဆွဲပြီး အမျိုးသမီးများ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး ပညာပေး၊ လှုံဆော်မှုတွေကို လုပ်ကိုင်ခဲ့တယ်။
 နောက်ဆုံးအဆင့် ၃၀ ရာခိုင်နှုန်းအမှတ်ရတဲ့ မေးခွန်းက “what issue women in the U.S. Senate should press upon their male colleagues. – အမေရိကန်အထက်လွှတ်တော်မှာရှိတဲ့ အမျိုးသမီး လွှတ်တော်အမတ်များအနေနဲ့ သူတို့ရဲ့  လုပ်ဖော်ကိုင်ဖက် အမျိုးသား လွှတ်တော်အမတ်များကို ဘယ်အရေးကိစ္စကို လုပ်ဆောင်ဖို့ ဖိအားပေး တိုက်တွန်းစေချင်လဲ” ဖြစ်ပြီး၊
သူ့အဖြေက “I really believe that sexual assault in our military is an issue that these women have gone to fight for. And every single woman who fights in our military deserves the right to be safe, and to be happy, and to be respected by those she serves with. Those women should go to fight, and they are, and I’m so proud to be one of their constituents.  … ကျမတို့ စစ်တပ်ထဲမှာ ဖြစ်ပျက်နေတဲ့ လိင်ပိုင်ဆိုင်ရာ စော်ကားကျူးလွန်မှုတွေကို အမျိုးသမီး လွှတ်တော်အမတ်တွေက ဆန့်ကျင်ပြောဆို တိုက်ပွဲဝင်နေတယ်လို့ ကျမ ယုံကြည်တယ်။ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်ရဲမေတိုင်း လုံခြုံမှုရှိပြီး၊ ပျော်ရွှင်အေးချမ်းစွာနဲ့ သူတို့နဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ ယောက်ျားစစ်သည်တွေရဲ့  လေးစားမှုကို ရရှိရမယ်။ အမျိုးသမီး လွှတ်တော်အမတ်တွေအနေနဲ့ ဒီအရေးကို ဆက်တိုက်ပွဲဝင်ပြီး၊ ကျမအနေနဲ့ ဒီအရေးကိစ္စကို ရှေ့ တန်းမှ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး (ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Kirsten Gillibrand) ရဲ့  မဲဆန္ဒနယ်မြေသူ ဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” လို့ မထစ်မငေါ့ အချက်ကျကျ ဖြေကြားသွားတယ်။
ဒီလို အဖြေမျိုးဆိုရင် လိင်ပိုင်းဆိုင်ရာ အကြီးအကျယ် ကျူးလွန်နေတဲ့ မြန်မာတပ်မတော် ခေါင်းဆောင်ကြီးများက သည်းခံခွင့်လွတ်မည်မဟုတ်။
သူ့ရဲ့  ဖြေကြားချက်ကို ပရိသတ်များ နဲ့ အမှတ်ပေးဒိုင်လူကြီးများ များစွာကျေနပ်တာကို တွေ့ရတယ်။ ပြိုင်ပွဲပြီးနောက် အမှတ်ပေးဒိုင်လူကြီးတစ်ဦးက အလှမယ်များအနေနဲ့ ယနေ့ မိမိနိုင်ငံနဲ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို လေ့လာသိရှိနားလည်းပြီး ပညာဗဟုသုတရှိဖို့ အရေးကြီးကြောင်း ပြောဆိုတယ်။
နယူးရော့ခ်အလှမယ်ရဲ့  ထူးခြားချက် နောက်တစ်ခုက မိဘများရဲ့  ရုရှားဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တယ် (အမေရိကန်မြန်မာ ကွန်မြူနီတီထဲမှာတော့ မြန်မာမိဘများမှ မွေးဖွားလာသူ မြန်မာခလေးအများစု မိခင်ဘာသာစကားကို ကောင်းစွာပြောဆိုနိုင်သူ အလွန်ရှားတာကို တွေ့ရတယ်)။ သူ့အပြောအရ မိဝေးဖဝေး နယူးရော့ခ်မြို့ ကို ပြောင်းရွှေ့ လာခဲ့ပေမဲ့ ရုရှားစကား ပြောဆိုတဲ့ အမေရိကန်ရုရှား ကွန်မြူနီတီ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ အမြဲထိတွေ့ နေထိုင်ခဲ့ပြီး ရုရှားဘာသာစကားကို ဆက်ပြောခဲ့တာကြောင့် မမေ့မပျောက် ကောင်းစွာပြောဆိုနိုင်တယ်။
 အမေရိကန်ရုရှား နွယ်ဖွား တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ (၁) နှစ်ကျော်က မိဘများနဲ့ ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို လေ့လာတွေ့မြင်ခဲ့တယ်။ ပွင့်လင်းမြင်သာမှုမရှိ၊ ဒီမိုကရေစီစနစ် မထွန်းကားတဲ့ ရုရှားနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ လာတဲ့ သူ့မိဘများရဲ့  ဆုံးဖြတ်ချက် မှန်ကန်ကြောင်း၊ သူ့အနေနဲ့ အမေရိကန်နိုင်ငံသူအဖြစ် ဂုဏ်ယူကြောင်း။ ရုရှားဘာသာ၊ အမေရိကန် အင်္ဂလိပ်အပြင် အထက်တန်းနဲ့ ကောလိပ်မှာ စပိန်ဘာသာစကားကိုလည်း သင်ယူခဲ့ပြီး ကောင်းစွာပြောဆိုနိုင်တယ်။ ဒါကြောင့် အင်္ဂလိပ်၊ ရုရှား၊ စပိန် ဘာသာစကား (၃) မျိုး ပြောဆိုနိုင်သူဖြစ်တယ်။
နောက်ဆုံးအဆင့် စွမ်းရည်ကဏ္ဍမှာ ဒီနှစ် အမေရိကန် Billboard မဂ္ဂဇင်းရဲ့  အကောင်းဆုံးသီချင်း ထိပ်တန်းစာရင်းဝင်ခဲ့တဲ့ အဆိုတော့ Pharrell Williams ရဲ့  Happy သီချင်းကို Pitch Perfect ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအတိုင်း ကြမ်းပြင်ပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး ကော်ခွက်နီကလေးကို စည်းချက်ဝါးချက်မှန်မှန် တီးခတ်ပြီး လှလှပပ သီဆိုပြသွားခဲ့တယ် (ဒီမှာကြည့်နိုင် … http://youtu.be/OOAp67dFcIk )။ ပရိသတ်တွေက သူ့ရဲ့  ပေါ့ပေါ့ပါးပါးဆိုဟန်၊ ပိုင်ပိုင်နိုင်နိုင် သီဆိုမှု၊ ချစ်စဖွယ်အပြုံးကို အထူးနှစ်သက်ကြတယ် (၂၀၁၄ သရဖူရှင်ပိုင်ရှင် နယူးရော့ခ်အလှမယ် အမေရိကန်အိန္ဒိယသူ နီနာ ဒါဗူလူရီ ကတော့ အိန္ဒိယ ဘော်လီဝုဒ်အကနဲ့ ကပြသွားခဲ့တယ်)။
တကယ်တော့ ဒီနှစ် (၈၈) ကြိမ်မြောက် အမေရိကန်ပြည်ထောင်စုအလှမယ်ပြိုင်ပွဲကို ကြည့်ရှုအားပေးကြသူတွေ၊ မီဒီယာတွေက တခြားမယ်တွေထက် ရုပ်ရည်အလှ စွဲဆောင်မှု သိပ်မရှိလှတဲ့ နယူးရော့ခ် အလှမယ်ကို မျှော်လင့်မထားကြဘူး။ မယ်စကြာဝဠာအမေရိက (Miss Universe America ခေါ် Miss USA) အလှမယ် ရွေးချယ်မှုနဲ့ မတူတဲ့ အဓိကအချက်က မယ်စကြာဝဠာ ရွေးချယ်မှုလို ရုပ်ရည်အလှကို အဓိကဦးစားပေးပြီး ဆုံးဖြတ်ရွေးချယ်မယ်ဆိုရင်တော့ နယူးရော့ခ်မယ် ရနိုင်စရာအကြောင်းမရှိ။
ဒီနေရာမှာ Miss America နဲ့ Miss USA အလှမယ်ပြိုင်ပွဲ မတူတဲ့အချက်က Miss USA ပြိုင်ပွဲအနိုင်ရတဲ့ အလှမယ်က နိုင်ငံတကာမယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ Miss America အမေရိကန်အလှမယ်အနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိ။
Miss USA ကို နိုင်ငံတကာ မယ်စကြာဝဠာအဖွဲ့ကြီးကို ပိုင်ဆိုင်တဲ့ အမေရိကန်စီးပွားရေးသမား သန်းကြွယ်သူဌေးကြီး Donald Trump က တစ်ဦးတည်း ချုပ်ကိုင်ထားတယ်။
Miss America ကတော့ အမျိုးသမီးများရဲ့  ပညာရေး၊ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နှစ်စဉ် အမျိုးသမီးကျောင်းသူများ ပညာရေးအတွက် ဒေါ်လာ သန်းပေါင်း (၄၅) သန်းကျော် ပညာတော်သင်ဆုအဖြစ် ထောက်ပံ့ပေးတယ်။ ပြိုင်ပွဲအနိုင်ရရှိသူတွေကို ပညာတော်သင်ဆုအနေနဲ့ ပထမဆု ဆုငွေအဖြစ် ဒေါ်လာ ငါးသောင်း၊ ဒုတိယဆု ဒေါ်လာ နှစ်သောင်းငါးထောင်၊ တတိယဆု ဒေါ်လာ နှစ်သောင်း၊ စတုတ္တဆု ဒေါ်လာ တစ်သောင်းငါးထောင်၊ ပဉ္စမဆု ဒေါ်လာ တစ်သောင်း နဲ့အတူ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပညာရေးထူးချွန်ကြတဲ့ အလှမယ်တွေကို ပညာတော်သင်ဆုတွေပေးတယ်။ ဆုရရိသူ အလှမယ်အနေနဲ့ တစ်နှစ်ပတ်လုံး အမေရိကန်ပြည်ထောင်စု ပြည်နယ်များ (မိုင် နှစ်သောင်းကျော်ခရီး) ကို သွားရောက်ပြီး ပြိုင်ပွဲမှာ ဖြေကြားပြောဆိုခဲ့တဲ့အတိုင်း လူမှုရေး၊ ပညာပေးလုပ်ငန်းတွေကို ဟောပြောလှုံဆော် လုပ်ဆောင်ပေးရမယ်။ တချိန်တည်းမှာ ကျောင်းလည်း မပျက်မကွက် ဆက်တက်ရတယ်။
စာရေးသူအနေနဲ့ ဒီပြိုင်ပွဲကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့အတွေးက ပွင့်လင်းလာတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့  မရေမရာစနစ်အောက်မှာ မှိုလိုပေါက်ပေါများလာတဲ့ အမျိုးသမီးငယ်များရဲ့  အလှအပကို စီးပွားရေး အမြတ်ထုတ်နေတဲ့ အလှမယ်လုပ်ငန်းတွေနဲ့အတူ၊ စီးပွားရေးအကျိုးအမြတ်ကို ဦးစားမပေးတဲ့ Miss America အဖွဲ့အစည်းလိုမျိုး အမျိုးသမီးလေးတွေရဲ့  ပညာရေး၊ အနာဂတ်ကို ပံ့ပိုးလုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိလာခဲ့ရင် နိုင်ငံလူမျိုးအတွက် ပိုအကျိုးရှိမယ်ပေါ့။

 

(အယ်ဒီတာမှတ်ချက် – Miss America  ကို ပြည်ထောင်စုအလှမယ် လို့ ခေါ်ပြီး၊ Miss USA ကတော့ အမေရိကန်အလှမယ် လို့ ခေါ်ရင် ခွဲခြမ်းရတာ လွယ်သွားမယ် ထင်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts