ကျော်ဟုန်း နိုင်ငံတကာရေးရာ

ကျော်ဟုန်း – လောကမိခင် ပညာဒါနသင်တန်းကျောင်း တတိယအကြိမ်သင်တန်းဆင်း

ကျော်ဟုန်း – လောကမိခင် ပညာဒါနသင်တန်းကျောင်း တတိယအကြိမ်သင်တန်းဆင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၄
လောကမိခင် ပညာဒါနသင်တန်းကျောင်းရဲ့ တတိယအကြိမ်မြောက် သင်တန်းဆင်းအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများပေးအပ်ပွဲကို ထိုင်းနိုင်ငံ၊ နေ၀စ်ဈေးအနောက်လမ်းနှင့် ဧကချိုင်လမ်း၊ မဟာချိုင်၊ စမုစာခွန်ခရိုင်၊ စာတိုက်အမှတ် ၇၄၀၀၀ တွင် စက်တင်ဘာ ၁၄၊ ၂၀၁၄၊ တနင်္ဂနွေနေ့ က မနက် ၈ နာရီမှ ၁၀နာရီအထိ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားကို တက်ရောက်လာသူပေါင်း (၉၀)ခန့်  ရှိကြောင်း သိရပါတယ်။
ဒီသင်တန်းဆင်းပွဲအခမ်းအနားမှာ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုထွန်းလင်းမှ သင်တန်းကျောင်းဖွင့်ရခြင်း ရည်ရွယ်ချက်ကို ကျောင်းသားများနှင့် ကြွရောက်လာသူအပေါင်းကို ရှင်းလင်းပြောပြပါတယ်။  အတွင်းရေးမှူးကိုသိန်းဝင်းနဲ့   စည်းရုံးရေးမှူး ဒေါ်ဝါ၀ါမော်တို့ ကလဲ ကျောင်းသားများအတွက်  အားပေးစကားများပြောကြားခဲ့ကြပါတယ်။  အကြံပေးဖြစ်သူ ကိုချာလီ(ခ)ကိုသိန်းဝင်းကတော့ သင်တန်းသားများနဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံမှာသွားရေးလာရေးနဲ့ နေထိုင်စဉ်ကာလအတွင်း အနှောက်အယှက်ကင်းစေရန် မည်သို့  နေထိုင်သွားလာသင့်ကြောင်း အကြံများပေးခြင်း၊  မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ရဲ့ရှေ့ ရေး အလားအလာများကိုလည်း ဗဟုသုတဖြစ်စေရန် ပြောကြား အသိပေးခဲ့ပါတယ်။
သင်တန်းနည်းပြဆရာတော်များဖြစ်တဲ့ အရှင်အာစိဏ္ဏသီရိ၊ အရှင်ပညာဇောတ၊ အရှင်သြသဓတို့ မှလည်းဆုံးမသြ၀ါဒများဟောကြား ပြီးနောက်မှာ အင်္ဂလိပ်၊ ထိုင်းနဲ့ ကွန်ပျူတာဘာသာရပ်တို့ မှ ထူးချွန်အောင်မြင်ကြသော သင်တန်းသား (၃၅) ဦးကို  သင်တန်းဆင်း အောင်လက်မှတ်နဲ့ အတူ  ဆုအဖြစ် လက်ဆောင်ပစ္စည်းများပါ ပူးတွဲ ဂုဏ်ပြု ချီးမြှင့်ပေးပါတယ်။  ပထမ၊ ဒုတိယ၊ တတိယ အဆင့်ဆုရရှိသူများကို  သင်တန်းဆရာများဖြစ်တဲ့ ဆရာတော်များမှ ဆုချီးမြှင့်ပေးပြီး  တတိယ၊ စတုတ္ထ၊ ပဉ္စမအဆင့် ဆုရသူများကိုတော့ သင်တန်းကော်မတီဝင်လူကြီးများက ဆုချီးမြှင့်ပေးကြောင်းသိရပါတယ်။
ကွန်ပျူတာဖိုတိုရှော့နဲ့ ကျွမ်းကျင်အဆင့်များမှာဆုရရှိသူတွေကတော့ ဘုန်းဇော်ဟန်၊ ခိုင်ဝင်း၊ ကြည်လင်ဦး၊မောင်စိုး၊ အောင်သူထွန်း၊တို့ ဖြစ်ပါတယ်။ ကွန်ပျူတာအခြေခံမှာဆုရသူတွေကတော့ မောင်စောဖော၊ အောင်လွင်ဦး၊မောင်ပြုံးချိုတို့ ရရှိပါတယ်။
ထိုင်း(အခြေခံ)ဘာသာရပ်မှာဆုရရှိသူတွေကတော့ ထွန်းသီဟစိုး၊ ကျော်ဇင်လတ်၊ မဇာခြည်ဝင်း၊ မသီတာ၊ မမွန်၊ မဇင်မာဦး၊ နောက်နောက်၊  မဇင်မာချို၊  မစန်းစန်းမော်နဲ့  မောင်မင်းဇော်ဦးတို့ ဖြစ်ပါတယ်။  ထိုင်း(အဆင့်မြင့်)ဘာသာရပ်မှာ  ဆုရသွားသူတွေကတော့ မထက်ထက်လင်းနဲ့ မောင်မြင့်လင်းအောင်တို့  ၂ ဦးသာ ရရှိခဲ့ပါတယ်။
အင်္ဂလိပ်အခြေခံစကားပြောမှာ ဆုရရှိသူတွေကတော့ မောင်စိုးသိန်းဇံ၊ မောင်ဝေယံတို့ ဖြစ်ပြီး အင်္ဂလိပ်စာအခြေခံအဆင့်မှာ ဆုရရှိသူများက မသင်းသင်းနိုင်၊ မောင်ဝေယံ၊ မောင်စိုးသိန်းဇံတို့ က ဆုဆွတ်ခူးသွားကြတာပါ။ အင်္ဂလိပ်စာ(ရေး၊ဖတ်၊ပြော)ဘာသာရပ်ကို ဆုရရှိသူတွေက မောင်စိုးသိန်းဇံ၊ မသင်းသင်းနိုင်၊ မောင်ဝေယံတို့ က ပ၊ဒု၊တ ဆုအသီးသီးကို ဆွတ်ခူးနိုင်ခဲ့ကြကြောင်းသိရပါတယ်။
ဒီသင်တန်းကျောင်းမှာ နည်းပြဆရာများက ထိုင်း(ရေး၊ဖတ်၊ပြော)ကို အရှင်အာစိဏ္ဏသီရိ၊ အင်္ဂလိပ်(ရေး၊ဖတ်၊ပြော)ကို အရှင်ဝိနယ။ ကွန်ပျူတာ(အခြေခံနှင့်အဆင့်မြင့်)ကို အရှင်ပညာဇောတတို့ က ဦးစီးသင်ကြားပေးပြီး ကွန်ပျုတာအခြေခံနဲ့ ဖိုတိုရှော့ဘာသာရပ်ကို ဦးအောင်မိုးက တာဝန်ယူ သင်ကြားပေးကြကြောင်းသိရပါတယ်။ အခုလို သင်ကြားပေးနေတာဟာ (၃)လ တစ်ကြိမ်နှုန်းနဲ့ တစ်နှစ်ကို (၄)ကြိမ်သင်တန်းခွဲပြီးသင်တာလို့ သိရပါတယ်။ လောကမိခင်ပညာဒါနသင်တန်းကျောင်းက ထိုင်းနိုင်ငံ၊ မဟာချိုင်အရပ်မှာ ရပ်တည်လာတာ (၄)နှစ်တာ ကာလပင်ရောက်ရှိ အောင်မြင်နေ အရှိန်ရနေပါပြီ။
လောကမိခင်ပညာဒါနသင်တန်းကျောင်းဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများကို အရည်အချင်းမြှင့်တင်ရန်ရည်ရွယ်ပြီး အင်္ဂလိပ်(ရေး၊ဖတ်၊ပြော)၊ ထိုင်း(ရေး၊ဖတ်၊ပြော)နဲ့ ကွန်ပျူတာပညာရပ်များကိုအခြေခံမှစလို့ ကျွမ်းကျင်အဆင့်ထိ အခမဲ့သင်ကြား ပေးနေတဲ့ကျောင်းဖြစ်ပါတယ်။ သင်တန်းကျောင်းရဲ့ရပ်တည်နိုင်ရေးကို ဦးဆောင်ဆရာတော် (၅)ပါးက တရားဟောပွဲများမှ ရရှိကြတဲ့ အလှူငွေများ၊  စေတနာရှင်များမှ   အလျဉ်းသင့်သလို  လာရောက် လှူဒါန်းကြတဲ့ငွေများနဲ့ သာ  ရပ်တည်နေကြောင်း  သိရပါတယ်။ ရေခြား မြေခြားရောက် မြန်မာနိုင်ငံသားလူငယ် လူရွယ်တို့ အတွက်  စေတနာရှေ့ ထား  ဆောင်ရွက်နေကြတဲ့  လောကမိခင် အသင်းသားအားလုံးရဲ့ ပညာဒါနစေတနာကတော့ မြင့်မြတ်တဲ့ သာဓုခေါ်စရာပဲ ဖြစ်ပါတော့တယ်။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts