Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – ၁၆ ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလှူ

ဟန်သစ်နိုင် – ၁၆ ကြိမ်မြောက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလှူ
စက်တင်ဘာ ၁၄၊ ၂၀၁၄
အမျိုးသားဒီမိုကရေစအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦး

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း(၁၆)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲတွင် မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်းတို့၏မိသားစုများ၊ အကူညီလို အပ်နေသော ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအား ကူညီထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထူထောင်ထားသည့် ဖောင် ဒေးရှင်းကို စက်တင်ဘာ ၁၂ရက် ရွှေဂုံတိုင်တော်ဝင်နှင်းဆီ(ငြိမ်းချမ်းခန်းမ)တွင် ကျင်းပပြုလုပ်သည်။

 ထောက်ပံ့ငွေပေးအပ်ခံရသည့် လက်ရှိနိုင်ငံရေးအကျဉ်းသားများမှာ ဦးတင့်ဆန်း (ယူနတီဂျာနယ်) ၂သိန်း၊ ကိုပိုင်သက်ကျော် (ယူနတီဂျာ နယ်)၂ သိန်း၊ ကိုလူမော်နိုင်(ယူနတီဂျာနယ်)၊ ကိုစည်သူစိုး (ယူနတီဂျာနယ်) ၂သိန်း၊ ကိုရာဇာဦး (ယူနတီဂျာနယ်)၂သိန်း၊ ကိုထင်ကျော် (MDCF) ၂သိန်း၊ ကန့်ဘလူလယ်သမား(၅၆)ဦး (ရွှေဘို၊ ပခုကူ၊ မြင်းခြံ၊ တောင်ငူ၊ မိတီလာ၊ ညောင်ဦး၊ ပဲခူးထောင်) ၂၃ သိန်း၊ NLD လူငယ်ဘုံရိပ်သာ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်းသမားများ (၁၉) ဦးကို တစ်ဦး (၂) သိန်းစီ ပေးအပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦးမှအမှာစကားပြောကြားရာတွင် ဦးဝင်းတင်၏မွန်မြတ်သောစိတ်ထားဖြင့် ထူထောင်ထားသောဖောင်ဒေးရှင်းကို ဆက်လက်ပြီးကြိုးစားဆောင်ရွက်လုပ်ကိုင်ပေးနေသောပုဂိုလ်အသီးသီးကို ဂုဏ်ယူမိကြောင်း၊ ယခုထောက်ပံ့ပေးသောအခမ်းအနားသည် နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့သည့်အပြင် စာနယ်ဇင်းသမားများနှင့် လယ်ယာမြေကိစကိုပြုလုပ်ခြင်းဖြင့် ထောင်ကျသွားသောပုဂိုလ်များကိုနိုင်ငံရေးသမားများအဖြစ်ပါ ထောက်ပံ့ပေး ခြင်းသည် ထူးခြားသည့်အခမ်းအနားဖြစ်ကြောင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်းအတွက် အတွက်အလှူရှင်အသီးသီးကိုလဲ လေးစားမိကြောင်း များပြောသည်။

 

ရှေ့နေဦးအောင်သိန်းနှင့် ရှေ့နေဦးကိုနီ

တရားလွှတ်တော်ရှေ့နေကြီးဦးအောင်သိန်းမှပြောကြားရာတွင် အာဏာရှင်လက်ထက်မှာ နည်းမျိုးစုံဖြင့်သိမ်းထားခြင်းကြောင့် မိမိပိုင်လယ်မြေပြန်လည်ရရှိရေးများတွင် လယ်သမားများ ထောင်များကျနေကြကြောင်း၊ စစ်တပ်မိသားစုဝင်များနှင့် စစ်တပ်ကမွေးထုတ်ပေး လိုက်သော လူလားမြောက်ကြီးပြင်းလာတဲ့ ခေတ်ပျက်သဌေးများက လယ်သမားတွေရဲ့မြေတွေကို ပြန်လည်ရောင်းချ စီးပွားဖြစ်နေခြင်းများ ကို မှန်မှန်ကန်ကန်ဖြစ်အောင် ကြိုးစားဖော်ဆောင်နေကြောင်း၊ လယ်သမားမိသားစုများသည် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းထဲမှာ အဓိကကျသောပုဂိုလ်တွေဖြစ်နေကြောင်း၊ လယ်သမားတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး ဦးဝင်းတင်ဖောင်ဒေးရှင်းမှထောက်ပံ့ခြင်းကို များစွားဝမ်းမြောက်ကြောင်းများပြောသည်။

ထောက်ပံ့ငွေများ ပေးအပ်နေစဉ်

 

ထောက်ပံ့ငွေများ ပေးအပ်နေစဉ်

 

ထောက်ပံ့ငွေများ ပေးအပ်နေစဉ်

ဆက်လက်ပြီး “လယ်သမားတွေထောင်ချနေရခြင်းကိစဟာ တနည်းအားဖြင့် ကျနော်တို့ရဲ့စပါးကျည်တွေကို ဒီစစ်အာဏာရှင်အစိုးရ လက်ကျန် တွေက ခြိမ်းခြောက်တဲ့ တိုက်ပွဲတစ်ပွဲလို့ပြောချင်တယ်” ဟုပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင် ပထမအကြိမ်မှ ယခု(၁၆)ကြိမ်မြောက်အထိ နိုင်ငံရေးအကျဉ်းသား (၁၂၈) ဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား (၄၀၇) ဦး စုစုပေါင်း (၅၃၅) ဦးတို့အတွက် ထောက်ပံ့ငွေပေါင်း (၁၃၆၇) သိန်း ထောက်ပံ့ပေး အပ်ပြီးဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts