သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

သာဂိ၊ မိုက်ခဲစိန် – ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ (အစွန်းရောက်အကြမ်းဖက်များနဲ့ အစရှိသဖြင့်)

သာဂိ၊ မိုက်ခဲစိန်ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ
(အစွန်းရောက်အကြမ်းဖက်များနဲ့ အစရှိသဖြင့်)

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄

သာဂိနဲ့ မိုက်ခဲစိန်တို့ရဲ့ ထင်ရာ မြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာကဏ္ဍ စတင်လိုက်ပြန်ပါပြီ။ ဒီတပတ်အတွင်း မြင်ကွင်းထဲ မြင်လာသမျှကို အပြန်အလှန်စကားစမြီ ပြောဆိုပြီး တင်ဆက်သွားပါ့မယ်။ အဓိကအချက်ကတော့ မိုက်ခဲစိန်တယောက် ပျောက်ချက်သားကောင်းနေလို့ သာဂိတဦးတည်း ဘက်ပဲ့နေတာကြောင့် တလကျော် မတင်ဆက်ဖြစ်တာ ဆိုကြပါစို့။ ကိုင်း … သာဂိကပဲ သတင်းခေါင်းစဉ်တွေကို ရွေးပြီး မိုက်ခဲစိန်ဆီ ပို့လိုက်ပါတယ်။ သူ့ဖက်က ပြန်ကြားချက်တွေနဲ့ တင်ဆက်ရမယ် ဆိုရင်ဖြင့် –

သာဂိ – စက်တင်ဘာ ၁၀မှာ အမေရိကန်သမ္မတကြီး အိုဘားမားက အရှေ့အလယ်ပိုင်း အကြမ်းဖက်သမားတွေ မင်းမူ သတ်ဖြတ်နေတာတွေကို တုန့်ပြန်နှိမ်နင်းသွားမယ်လို့ နိုင်ငံတော်မိန့်ခွန်းနဲ့ ထုတ်ဖော် ပြောဆိုလိုက်တယ် ဆိုပါကလား။ အမေရိကန်က မဟာမိတ်နေတိုးတွေရယ်၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်ရယ်နဲ့ ပူးပေါင်းပြီးတော့ ISIS, ISIL လို့ ၀ိဂြိုလ်ပြုရတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား ချေမှုန်းမယ်။ အားနည်းသူတွေ သားကောင်ဖြစ်ရသူတွေကို အကာအကွယ်ပေးမယ်လို့ ပြောလိုက်တယ်။

မိုက်ခဲစိန် – ခင်ဗျားတို့ အမေရိကန်သမ္မတကြီးက ပြောရပြီပေါ့ဗျာ။ အစတုန်းကတော့ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေဟာ နိုင်ငံတော်အာဏာတွေကို မခြိမ်းခြောက်နိုင်ပါဘူး။ သူတို့ကျက်စားရာဒေသတွေမှာသာ မင်းမဲ့စရိုက်လုပ်နေတာပါလို့ လျော့တွက်ခဲ့တာကိုး။ အခုတော့ဖြင့် အာရပ်ကမ္ဘာ၊ အာဖရိကကမ္ဘာမှာပါ အကြမ်းဖက်အုပ်စုတွေက အစိုးရတွေကို ခြိမ်းခြောက်နိုင်တဲ့အထိ၊ နယ်မြေတွေ သိမ်းပိုက်ပြီး ဗိုလ်ကျနိုင်တဲ့ အဆင့်ကို ရောက်လာတော့မှ ထုတ်ပြောရတော့တာပေါ့ဗျာ။ အကဲခတ်တွေကလည်း အယ်ကိုင်ဒါတို့၊ တာလီဘန်တို့ကို ကန့်သတ်ဖိနှိပ်ထားနိုင်ပြီဆိုပြီး အာရပ်နဲ့ အာဖရိကပထ၀ီဒေသမှာ ထကြွလာတဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို တကွဲတပြား သူတလူ ငါတမင်း အဖွဲ့တွေလို့ သဘောထားပြီး တစုချင်းအလိုက် ဖဲ့ထုတ် နှိမ်နင်းရင် ဖြစ်နိုင်တယ်၊ သက်ဆိုင်ရအစိုးရတွေကို ဖိအားပေးပြီး လုပ်ရင် ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ဆွဲခဲ့ကြတာကိုး။ အခုတော့ သူတို့တတွေက ယခင်တုန်းက အယ်ကိုင်ဒါတို့၊ တာလီဘန်တို့ထက်တောင် လက်စောင်းထက်လာတယ် မဟုတ်လားဗျာ။

သာဂိ – ဒေသခံတွေ၊ သူတို့အစိုးရတွေ ပြည်သူတွေကကော တာဝန်ရှိတယ်လို့ သဘောမထားနိုင်ကြဘူးလားဗျ။ ဥပမာ ရုရှားကဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မှာ ဆွေးနွေးပြီးမှ စစ်ဆင်ရေးလုပ်သင့်တယ်လို့ သဘောထားပေးတယ် မဟုတ်လား။ သူများပြည်တွင်းရေး ၀င်စွက်သလို ဖြစ်နေမှာ စိုးရတယ်လေဗျာ။

မိုက်ခဲစိန် – ခင်ဗျားကလည်း ပြည်တွင်းရေးတွေ ဘာတွေ လျောက်ပြောနေတာ ကျနော်တို့ မြန်မာအစိုးရနဲ့တောင် သွားတူနေပြီ။ အခုဟာက သူများပြည်တွင်းရေးမဟုတ်တော့ဘူးလေဗျာ။ အစွန်းရောက် အကြမ်းဖက်သမားတွေက နိုင်ငံတကာအနှံ့ကနေ လာရောက်ပြီး အကြမ်းဖက် ဘာသာရေးစစ်ပွဲ ဆင်နွှဲနေကြတာ ဖြစ်နေပြီ။ အဲသည်နေရာဒေသတွေမှာ နိုင်ငံပေါင်းဆုံက အကြမ်းဖက်သမား လူမျိုးစုံက ၀င်တိုက်နေကြတာကိုး။ ဒေသခံတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း မင်းမဲ့စရိုက် သတ်ဖြတ်ပစ်တာတွေကို ဘယ်လိုလုပ်တားမြစ်မှာတုန်း။ သူတို့က အစိုးရတပ်တွေလည်း မဟုတ်၊ ပုန်ကန်ခြားနားတဲ့ သူပုန်တပ်တွေလည်း မဟုတ်ဘူးလေ။

သာဂိ – ၂၁ ရာစုမှာ ဘယ်လိုလုပ်ပြီးတော့ လူသတ်အကြမ်းဖက်ဝါဒက ခေါင်းထောင်လာရတာတုန်းဗျာ။ ဒါဆို ရုရှားကြီးကလည်း သူတို့လူမျိုးရေးအကြောင်းပြပြီး သူ့အနီးအနားက ဆိုဗီယက်ဟောင်း နိုင်ငံတွေကို သိမ်းတာတွေ၊ ကျုးကျော်တာတွေကလည်း ဖြစ်နေတာကလည်း ပိုဆိုးလာနိုင်တယ် မဟုတ်လား။

မိုက်ခဲစိန် – အခုဟာက လူမျိုးကြီးဝါဒတို့ ဘာသာကြီးဝါဒတို့တတွေဟာ ဆင်းရဲပြီး နိမ့်ပါးတဲ့ တိုင်းပြည်တွေမှာ ပျံနှံ့ ကျက်စားလာကြတဲ့ သဘောပေါ့ဗျာ။ အရင်းရှင်ကြီးတွေကလည်း အလွန်အမင်း ချမ်းသာကြွယ်ဝနေကြတော့ သူတို့ဘက်က စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ နယ်ချဲ့ လွှမ်းမိုးမှုတွေကလည်း ကြီးမားနေတယ် မဟုတ်လား။ ဥပမာ ကျနော်တို့အိမ်နီးချင်း တရုတ်ပြည်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း နယ်ချဲ့လာနေတာပဲ။ အမေရိကန်နဲ့ ဥရောပတို့ကလည်း သူတို့ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ နိုင်ငံတွေမှာ နည်းမျိုးစုံနဲ့ ၀င်ရောက်ပြီးတော့ သြဇာလွှမ်းနေတာတွေ ရှိနေတယ်ဗျာ။

သာဂိ – ခင်ဗျား ပြောတဲ့ပုံစံက ဟိုးတချိန်က ကားမတ်တို့ အိန်ဂျယ်တို့ကျမ်းက ဟောပြောနေတာတွေကို ပြန်ကြားရသလို ပါပဲလားဗျာ။  ဒါဆိုရင် အာရပ်ကမ္ဘာက အစွန်းမရောက်တဲ့ လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေ သဘောထားတွေကော မတွေ့ရတော့ဘူးလား။

မိုက်ခဲစိန် – OIC လို့ခေါ်တဲ့ အစ္စလာန်အစည်းအရုံးဆိုတာ ရှိပါသကောဗျာ။ အယ်ဂျာဇီးယားသတင်းဌာနဆိုတာလည်း ရှိတယ် မဟုတ်လား ကိုသာဂိရဲ့။ သူတို့တတွေက သူတို့ရဲ့ ဘာသာဝင်လူမျိုးတွေ ဆင်းရဲဒုက္ခရောက်နေတဲ့အခါ ကူညီတာ ကာကွယ်စောင့်ရှောက်တာတွေ လုပ်ကြတယ်ဗျာ။ ကမ္ဘာက အစ္စလာန်လူ့အဖွဲ့အစည်းကို ပကတိအတိုင်းမြင်နိုင်အောင် သတင်းမီဒီယာတွေနဲ့ တင်ပြကြသဗျာ။ သူတို့တွေရဲ့ အခန်းကဏ္ဍကလည်း သူတို့ကမ္ဘာကို ချိမ်းခြောက်နေတဲ့ ဘာသာရေးအစွန်းရောက်အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အရေးပါတာပါပဲ။ အခုလို ကျုပ်ကပြောလို့ မျက်စောင်းမထိုးနဲ့နော။ အစ္စလာန်ကမ္ဘာမှာ နိုင်ငံပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အမျိုး ဘာသာ စောင့်ရှောက်ဖို့ အဖွဲ့တွေ လှုပ်ရှားမှုတွေ ရှိတယ်။ သူတို့တွေကလည်း ဒီအကြမ်းဖက်အန္တရာယ်ကို လက်ပိုက်ကြည့်နေလို့ မရဘူးဆိုတာကို ထောက်ပြတာပါ။

သာဂိ – အေးဗျ။ ကျနော်တို့ကတော့ အကြမ်းဖက်တို့ အစွန်းရောက်တို့ ဘာသာရေးတို့နဲ့ ခြောက်ရင် ကြောက်တတ် စိုးရိမ်တတ်တဲ့ လူမျိုးပါဗျာ။ ခပ်ရိုးရိုးပဲ တွေးပါတယ်။ မြန်မာပြည်မှာလည်း အမျိုးမျိုး ခြိမ်းခြောက်ခံရ၊ ကောလဟာလအလွှင့်ခံရ မဟုတ်လား။ ဟိုတုန်းကဆိုရင် ကွန်မြူနစ်တို့၊ ပုဆိန်ရိုးတို့၊ ပြည်ပြေးတို့ နောက်ပြီး ဘာတဲ့ လက်နက်ကိုင်သောင်းကျန်းသူတို့ ဆိုပြီး လက်ညိုးထိုး ဖိနှိပ်ခံနေရနေကြ မဟုတ်လား။

မိုက်ခဲစိန် – ခင်ဗျားပြောတဲ့ ပုဆိန်ရိုးတွေ ပြည်ပြေးတွေ လက်နက်ကိုင်သောင်းကျန်းသူတွေ မရှိတော့ပါဘူးဗျ။ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဒီမိုကရေစီရေးတို့နဲ့ လက်ရည်တပြင်တည်း အဆင်ပြေနေကြပြီ မဟုတ်လား။ သူတို့တွေမှာ ကွန်မြူနစ်တို့ လက်ဝဲတို့ဆိုတဲ့ တစ္ဆေခြောက်တာတော့ ကျန်သေးတယ်နဲ့တူတယ်။ ကြားလိုက်တယ်မဟုတ်လား။ မိုးမခသတင်းမှာ (ကွမ်လုံ ၄၀) ဆိုပြီး တပ်မတော်နဲ့ ဗကပတို့ တိုက်ပွဲစစ်ကား ရိုက်ကြဦး မလို့ ဆိုပဲ။ အခုလို ပြည်တွင်းငြိမ်းချမ်းရေးတွေ အမျိုးသားရင်ကြားစေ့ရေးတွေ ပြည်တွင်းစစ်ရပ်စဲရေးတွေ လုပ်နေတုန်း အမျိုးသားပြန်လည်သင့်မြတ် ထူထောင်ရေးကာလကြီးမှာ ဘယ်လိုစိတ်ကူးနဲ့ တပ်မတော်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ ဗကပတွေနဲ့ တပ်မတော်စစ်ပွဲကို ရိုက်ချင် နှက်ချင် ဖြစ်နေရသလဲ မတွေးတတ်ပါဘူးဗျာ။

သာဂိ – ၀ါဒဖြန့်တာ မဟုတ်ဘူးလို့တော့ ပြောတာပဲ။ ကိုယ့်တိုင်းပြည်က နိုင်ငံသားတွေ အချင်းချင်းစစ်ခင်းပြီး သေကြေပျက်စီးကြရတာကို မှားမိပါတယ်ဆိုပြီး သင်ခန်းစာယူချင်လို့ ရိုက်တာလားမှ မသိတာပဲ။ အတွေးမခေါင်စမ်းပါနဲ့။ ဟိုးတုန်းကလည်း အရုဏ်ဦးမှာဖူးသည့်ကြာ ဆိုပြီး စစ်အစိုးရအလိုကျ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ကားကြီးတကား ရိုက်ခဲ့ကြသေးတာပဲ။ ရုပ်ရှင်ရိုက်တာက ရွေးကောက်ပွဲ လုပ်ရတာထက် လွယ်လို့ ကျနော်တို့ တပ်မတော်ကြီးက လုပ်နေတာ ဖြစ်မှာပါ။ ရိုက်ကြပါစေ ရိုက်ကြပါစေ၊ …

မိုက်ခဲစိန် – သာဓု ခေါ်လိုက်ပါတယ်ဗျာ။ ဒီတပတ်တော့ ဒီမျှသာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts