Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – SME ပညာရေးအစီအစဉ် မြို့လေးမြို့မှာ စမည်

ရန်နောင် (ဗိုလ်တထောင်) – SME ပညာရေးအစီအစဉ် မြို့လေးမြို့မှာ စမည်
စက်တင်ဘာ ၁၀၊ ၂၀၁၄

ဗြိတိသျှကောင်စီနှင့် Standard Chartered ဘဏ်တို့ပူးပေါင်းပြီး E4E နှင့် SME ပညာရေးအစီအစဉ်ခေါ် မြန်မာနိုင်ငံရှိ အသေးစား အလတ်စားလုပ်ငန်းများအတွက် ရည်ရွယ်ပြင်ဆင်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ ပညာပေးအစီအစဉ်ကို ရန်ကုန်၊ ဒဂုံမြို့နယ် အလံပြဘုရား လမ်းရှိ ဗြိတိသျှသံအမတ်ကြီး၏နေအိမ်မှာ စက်တင်ဘာလ  ၈ ရက် ညနေ ၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

Standard Chartered ဘဏ်အနေနဲ့ ဗြိတိသျှကောင်စီမှ သင်တန်းဆရာ/မ များကို မြန်မာနိုင်ငံတဝှမ်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများမှာ ယင်းအစီအစဉ်ကို ပို့ချနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေကို လိုအပ်သလို ကူညီထောက်ပံ့ပေးသွားမှာကြောင်း၊ လတ်တလောတွင် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ မြို့လေးမြို့ကို စတင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊  E4E လို့ခေါ်တဲ့ ပညာ ရေးအစီအစဉ်ကို Standard Chartered ဘဏ်က Price water house Coopers ရဲ့ စီမံပံ့ပိုးမှုနဲ့ ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းတို့ကို Standard Chartered ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ချုပ် Mrs.Tina Singhsacha က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါအစီအစဉ်တွင် မြို့လေးမြို့က အသေးစားလုပ်ငန်းရှင် ၃၀၀ လောက်ကလည်း ပါဝင်ကြမှာဖြစ်သလို၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာများကို လုပ်ကိုင်တဲ့အခါ ပညာရေး လက်လှမ်းမမှီမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ဆုံးရှုံးမှုတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်သလို ဘဏ္ဍာရေးဆိုင်ရာအသိအမြင်များကို တိုးပွားလာစေမှာဖြစ်ကြောင်းလည်း သူမက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယင်းအစီအစဉ်ဟာ Standard Chartered ဘဏ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုရဲ့ အဓိကအစိတ်အပိုင်းအဖြစ်တယ်လို့ လည်း သိရပါတယ်။

ဗြိတိသျှကောင်စီ (မြန်မာ) ရဲ့ ဒါရိုက်တာ Mr. Kevin Mackenzine က ယခုကဲ့သို့ အရေးပါတဲ့အစီအစဉ်တခုကို Standard Chartered ဘဏ်နှင့် ပူးတွဲလုပ်ဆောင်ခွင့်ရလို့ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဗြိတိသျှကောင်စီ၏ လူမှုစီးပွားရေးလုပ်ငန်းရှင်များအား ပံ့ပိုးပေး နေတဲ့လုပ်ငန်းစဉ်များနှင့် နိုင်ငံတစ်ဝှမ်းပြုလုပ်နေသော အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီပေးနေခြင်းတို့နှင့် ဆက်စပ်မှုရှိနေကြောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများတွင် ပညာရပ်ဆိုင်ရာ ပံ့ပိုးမှုကိုပြုလုပ်ခြင်းဖြင့် ယခုအစီအစဉ်သည် စီးပွားရှာဖွေမှု၊ စွန့်ဦးတီထွင်မှုတို့နှင့် တိုးတက်ကြီးပွားမှုတို့ကို ဖော်ဆောင်နိုင်သောအခြေအနေကောင်းများ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

E4E ပညာရေးအစီအစဉ်တွင် ငွေကြေးစီးဆင်းမှုဆိုင်ရာ စီမံမှု၊ ရသုံးခန့်မှန်းတွက်ချက်ခြင်း၊ စာရင်းအင်းပညာနှင့် စီးပွားရေး စီမံကိန်းရေး ဆွဲခြင်း စသည့်ကဏ္ဍများပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံအသေးစားလုပ်ငန်းရှင်များကို တဆင့်သင်ကြားခြင်း အစီအစဉ်ကိုတော့ အောက်တိုဘာလအတွင်းမှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts