Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – ABSDF မှ သီးခြားရပ်တည်ခွဲထွက်လာသော ပြည်ထောင်စုကာကွယ်ရေးတပ်မတော်

ဟန်သစ်နိုင် – ABSDF မှ သီးခြားရပ်တည်ခွဲထွက်လာသော ပြည်ထောင်စုကာကွယ်ရေးတပ်မတော်
စက်တင်ဘာ ၈၊ ၂၀၁၄

စက်တင်ဘာ ၆ ရက် ကျိုက်ထိုမြို့ သိမ်ဇရက် ဝါးဒတ်ကွင်းကျေးရွာ ဓမ္မသိဒိဘုန်းကြီးကျောင်းတွင် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှ ခွဲထွက်လာသော ခေါင်းဆောင်၊ တပ်မှူး၊ တပ်သားအချို့သည် ပြည်ထောင်စုကာကွယ်ရေး တပ်မတော်ဟုအမည်ပြောင်းလိုက်ပြီး ၂၀၁၄ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)၏ ပြည်တွင်းပြည်ပရဲဘော်များ၊ လက်ရှိ ABSDFတွင် တာဝန်ထမ်းဆောင်လျှက်ရှိနေသော ရဲဘော်များတက်ရောက်သည် အစည်းအဝေးမှ ဗဟိုကော်မတီဝင်များနှင့်အတူ အောက်ပါဦးဆောင်ကော်မတီအား  ရွေးချယ်တင်မြှောက်လိုက်သည်။ ၄င်းတို့မှာ ရဲဘော် ခင်ကျော် (စစ်ဦးစီး ချုပ်) ဥက္ကဌ၊ ရဲဘော်မြတ်သူ အထွေထွေအတွင်းရေးမှူး၊ ရဲဘော်မျိုးမြင့်အောင် အတွင်းရေးမှူး ၁၊ ရဲဘော်ကျော်ကျော် (ဒု-စစ်ဦးစီးချုပ်)အတွင်းရေးမှူး ၂၊ ရဲဘော်သောင်းလှိုင် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ရဲဘော်ထက်နိုင် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ရဲဘော်ကိုထွန်း ဦးဆောင် ကော်မတီအဖွဲ့ဝင်၊ ရဲဘော်တိုးအောင် ဦးဆောင်ကော်မတီအဖွဲ့ဝင်၊ ရဲဘော်ကျော်ကြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည်။

ရဲဘော်ခင်ကျော်(ဦးစီးချုပ်) ဥက္ကဌက မကဒတမှ သီးခြားခွဲထွက်လာခြင်းကို ပြောကြားရာတွင် မကဒတမှ အပေးအယူပြုလုပ်ထားသော အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသည် တော်လှန်ရေးတပ်ရပ်ရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး တပ်ဦးရဲ့မူလရည်မှန်းချက် ယုံကြည်ချက်လုပ်ငန်း စဉ်တွေ အသက်မဝင်တော့ပဲ မူလရှိနေသော သမိုင်းတန်ဘိုးများပျောက်လာပြီဖြစ်ကြောင်း၊ တဖက်က ဖိအားများပေးလာသည့်အတွက် တပ်ဦးအတွင်း ဒီမိုကရေးစီကျင့်စဉ်တွေအားနည်းလာပြီး ကိုယ့်နိုင်ငံရေးကိုယ်သုံးသပ်ခွင့်များ ကိုယ့်ကြံမ္မာကိုယ်ဖန်တီးခွင့်များ လျော့နည်း လာခဲ့သည့်အတွက် မကဒတမှခွဲထွက်ခဲ့ရကြောင်း၊ ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် ပါတီနိုင်ငံရေးလုပ်မည်မဟုတ်ကြောင်း၊ အစိုးရနှင့်တွေ့ဆုံစကားပြောလျှင် ကိုယ်ကျိုးစီးပွားများပြောမည်မဟုတ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်းမစွန့်လွှတ်ကြောင်း၊ တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းများပြောသည်။

ဆက်လက်ပြီး “ကျနော်တို့ဟာ ABSDF နဲ့ သဘောထားကွဲတာဖြစ်ပါတယ်၊ စိတ်ဝမ်းကွဲတဲ့အထိ မရှိပါဘူး” ဟုပြောသည်။

အခမ်းအနားအဖွင့်တွင် ပြည်ထောင်စုကာကွယ်ရေးတပ်မတော်သည် ဒီမိုကရေစီတိုက်ပွဲကာလတွင် ကျဆုံးသွားခဲ့သော ရဲဘော်ကျောင်း သားများကို  ၁ မိနစ်ငြိမ်သက်ခြင်းဖြင့် မတ်တပ်ရပ် အလေးပြုခဲ့ကြသည်။ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသာများဒီမိုကရက်တစ်တပ်ဦး ၂၆နှစ်လုံးလုံးရပ်တည်လာရခြင်းသည်  (၁)မကဒတ ၏ ဦးတည်ချက်သည် လူထုရဲ့လိုအင်ဆန်ဒနှင့် တထပ်တည်းဖြစ်ခြင်း၊ (၂) စစ်မှန်သောအမျိုးသားနိုင်ငံရေးလမ်းစဉ်ကိုကိုင်စွဲခဲ့ခြင်း၊ (၃)ပြည်တွင်းပြည်ပမှ မကဒတရဲဘော်များ၏ ထောက်ခံဝန်းရံပံ့ပိုးမှု၊ (၄)ဦးတည်ချက် လမ်းစဉ်များကို ယုံကြည်မှုရှိစွာဖြင့် အောက်ခြေမှစပြီး အဆင့်ဆင့်ရဲဘော်များ ကိုယ်ကျိုးမဖက်စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ပြီး မကဒတ၏ မူလဦးတည်ချက် မူဝါဒလမ်းစဉ်များအတိုင်း  ပြည်ထောင်စုကာကွယ်ရေးတပ်မတော်မှ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts