သတင်းပဒေသာ

မိုးမခ – ၁ ဦး၊ ၁ လ၊ ၁ ထောင်၏ (၃) နှစ်ပြည့်တွေ့ဆုံပွဲ ကျင်းပမည်

မိုးမခ – ၁ ဦး၊ ၁ လ၊ ၁ ထောင်၏ (၃) နှစ်ပြည့်တွေ့ဆုံပွဲ ကျင်းပမည်
စက်တင်ဘာ ၄၊ ၂၀၁၄
 
 
 

လူ ၁ ဦး၊ ၁ လ၊ ၁ ထောင်ဟူဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လကစခဲ့သည့် One More အစီအစဉ် သုံးနှစ်ပြည့် အမှတ်တရတွေ့ဆုံပွဲကို စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 
 
ယင်းအစီအစဉ်ကို  စာရေးဆရာမောင်သာချို၊ ကာတွန်းအော်ပီကျယ်နှင့် ခေတ်ရနံ့မဂ္ဂဇင်းအယ်ဒီတာ ပြည်သွေးနိုင်တို့ ဦးဆောင်ပြီး စာပေ နှင့် အနုပညာနယ်မှ ပုဂ္ဂိုလ်များ ၀န်းရံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

One More အစီအစဉ်သည် လူတစ်ဦးလျှင် တစ်လ ၁၀၀၀ ကျပ် စုဆောင်းပြီး ရရှိသမျှ အလှူငွေများကိုလစဉ် ပြန်လည်လှူဒါန်းနေသည့် အစီအစဉ်ဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေးတို့ကိုဦးစားပေးလှူဒါန်းပြီး သဘာဝဘေးအန္တရာယ်နှင့် စစ်ဘေးဒုက္ခသည်များကိုလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအခါ သုံးနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာပေါင်း ၁၉၉ နေရာသို့ သိန်းပေါင်း ၄,၅၀၀ ကျော် ခွဲဝေလှူဒါန်းနိုင်ခဲ့ပြီး One More အစီအစဉ်အတွက် အလှူငွေလက်ခံသည့်နေရာ ရန်ကုန်မြို့ပေါ်တွင် နေရာ ၄၀ ကျော်ရှိပြီး နယ်မြို့ ၄၀ တို့တွင်လည်း အလှူငွေ စုဆောင်း လက်ခံသည့်နေရာများထားရှိကြောင်းသိရသည်။ ထို့အပြင် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း လစဉ်အလှူငွေများပေးပို့လျက်ရှိပြီး မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်းနှင့် ဒူဘိုင်းရောက် မြန်မာများကလည်း အခါအားလျော်စွာ လှူဒါန်းလျက်ရှိကြောင်းသိရသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD Bank) နှင့် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် (မွေး/ရေဘဏ်)  တို့မှလည်း One More အစီအစဉ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ၀န်ဆောင်မှု အခမဲ့ကူညီပေးလျက်ရှိပြီး AGD ဘဏ်ခွဲများတွင် ၁၀၀၀ ကျပ် လှူဒါန်း လျှင်လည်း စာရင်းဖွင့်လက်ခံဆောင်ရွက်ပေးကြောင်းသိရသည်။

One More ၏ သုံးနှစ်ပြည့် အမှတ်တရတွေ့ဆုံပွဲသို့ အလှူရှင်များ၊ One More အစီအစဉ်နှင့် ဆက်နွယ်နေသူများ၊ စာပေအနုပညာ ရှင်များ တက်ရောက်ကြရန် ဖိတ်ကြားထားကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts