မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ ဖြစ်ရပ်များ၊ အမှတ်တရများ
ထင်အောင် – ကျွန်တော်နဲ့ကာလပေါ်တူရိယာအဖွဲ့များ
ထင်အောင် – ကျွန်တော်နဲ့ကာလပေါ်တူရိယာအဖွဲ့များ
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၄
ကျွန်တော်တို့ငယ်စဉ်က အပန်းဖြေရန်နဲ့ ဗဟုသုတရရန် ရေဒီယိုကိုသာ အားကိုး၍ နားသောတဆင်နား ထောင်ရပါတယ်။ အပန်းဖြေစရာဆိုသည်မှာ ရေဒီယိုအစီအစဉ်မှလာသောသီချင်းများ၊ ဇာတ်လမ်းပမာ ဇာတ်လမ်းများနဲ့ အသံလွှင့်ဇာတ်လမ်းများကိုဆိုလိုပါတယ်။ တနေကုန်အလုပ်ခွင်မှာ ပင်ပမ်းလာသော ဝန်ထမ်းများ၊ အိမ်မှုကိစ္စတကုပ်ကုပ်လုပ်နေရသောအိမ်ရှင်မများ၊ ကျောင်းစာ အိမ်စာများ ကျက်မှတ် နေရသော ကျောင်းသားကျောင်းသူများနဲ့ တနေကုန်အိမ်စောင့်တာဝန်ကျနေသော အငြိမ်းစား အဖိုး၊ အဖွားများအားလုံးဟာ ညနေကျရင် အနားယူအပမ်းဖြေရန်အတွက် ရေဒီယိုကိုဖွင့်နားထောင်ကြပါတယ်။
တအိမ်သားလုံး စုံစုံညီညီနားထောင်ကြတာကတော့ ညနေပိုင်းသတင်းမလာခင်မှာ လွှင့်ထုတ်တဲ့ဇာတ်လမ်းပမာနားဆင်စရာ အစီအစဉ်ပါ။ လစဉ်ထုတ်မဂ္ဂဇင်းတွေမှာပါတဲ့ ဝတ္တုတွေထဲက ကောင်းမယ်ထင်တဲ့ဇာတ်လမ်းများကို မြန်မာအသံဝန်ထမ်းများက အသံဖြင့်သရုပ်ဖေါ်ပြီး တင်ဆက်တာဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ ဘဝကြေးမုံဇာတ်လမ်းစုံဆိုပြီး အသံနဲ့တင်ဆက်ပြန်ပါတယ်။ ဇာတ်လမ်းတပုဒ်ကို ဆယ့်ငါးမီနစ်လောက်အတွင်း ပြီးအောင်စီစဉ်ပြီး လွှင့်ထုတ်တာပါ။ နောက်ပိုင်းမှာတော့ လေးဆယ့်ငါးမီနစ်စာ လွှင့်ပေးပါတယ်။ အသံလွှင့်ဇာတ်လမ်းလို့အမည်ရပါတယ်။ ဝတ္တုဖတ်ရတာနဲ့ကွာခြားအောင် တေးဂီတသံတွေက ပံ့ပိုးကူညီအားဖြည့်ပေးထားပါတယ်။ ကြောက်စရာအခန်းမှာဆိုရင် ထိတ်လန့်စရာ တီးလုံး၊ ပျော်ရွှင်နေသောအချိန်မှာ သွက်လက်မြူးတူးစေတဲ့ တီးလုံးစတာတွေနဲ့  နားထောင်နေတဲ့ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကိုအရွယ်သုံးပါးလုံးက ကြိုက်ကြတာပါ။ စနေနေ့တပတ်ခြားလွှင့်ပေးပါတယ်။ ဇာတ်လမ်းကရှည်လို့ နောက်အပတ်မှ ဆက်သောတဆင်ပါလို့ကြေငြာလိုက်ရင် တပြည်လုံးကနားထောင်နေသူအားလုံး ဟာကနဲ ဖြစ်သွားကြတာပါ။
အရွယ်လေးရလာတော့ မွေးနေ့လက်ဆောင်ကဏ္ဍ၊ ခေတ်ပေါ်သီချင်းတွေကို တောင်းဆိုကြတဲ့ သောတရှင်တို့လိုရာကဏ္ဍု၊ ရုပ်ရှင်တေးသီချင်းကဏ္ဍ စတာတွေကို မလွတ်တမ်းနားထောင်လာပါတော့တယ်။ တနင်္ဂနွေနေ့နေ့လည်ပိုင်းမှာ လွှင့်ပေးတဲ့ မင်္ဂလာလက်ဆောင်တေးသံအခန်းမှာ စုံတွဲတေးသံတွေကိုလည်း အချိန်ပေးနားထောင်မိပါတယ်။
လူတိုင်းနားမထောင်ပေမဲ့ ကျွန်တော်အလေးထားပြီး နားဆင်တဲ့ကဏ္ဍကတော့ ကာလပေါ်တူရိယအဖွဲ့များ လွှင့်ထုတ်ချိန်ပါ။ တနင်္လာနေ့သတင်းအစီအစဉ်အပြီးမှာ လေးဆယ့်ငါးမီနစ်စာ ထုတ်လွှင့်တဲ့အစီအစဉ်လေးပါ။ ကာလပေါ်အဖွဲ့တွေက သီချင်းအသစ်တွေကို သီဆိုလွှင့်ထုတ်တဲ့ အချိန်ပါ။ ဒီမှာလွှင့်တဲ့သီချင်းတွေအထဲကမှ စံဝင်တဲ့တေးတွေကို ဓါတ်ပြားသွင်းပေးပါတယ်။ ဓါတ်ပြားရတေးသီချင်းလို့ အမည်ပေးထားပါတယ်။ ဓါတ်ပြားရပြီဆိုရင် သောတရှင်လိုရာ၊ မွေးနေ့လက်ဆောင်စတာတွေမှာ မကြာခဏလွှင့်ထုတ်ခွင့်ရပါတယ်။ သောတရှင်တွေရဲ့ ပါးစပ်ဖျားမှာ သီဆိုသံတွေကြားရတော့မယ့် အခွင့်အလမ်း ရလာတာပါ။
“တက္ကသိုလ်စိုးတူရိယာအဖွဲ့မှ သီချင်းဆန်းများနှင့်ဖြေဖျော်ပါတော့မည်လို့” အစီအစဉ်ကြေငြာသော အမျိုးသမီးလေးကကြေငြာသံကိုကြားလိုက်တာနှင့် ဘာသီချင်းအသစ်တွေလာမှာလဲ ဆိုတာကို မျော်ရတာကိုက အလုပ်တခုဖြစ်နေပါတယ်။ တက္ကသိုလ်စိုးအဖွဲ့မှာပင်တိုင်အဆိုတော်က ကိုမြကြီးဖြစ်ပါတယ်။ ကိုမြကြီးအတွက် တကိုယ်တော်အစီအစဉ်လွှင့်နေတာလားလို့ ထင်ရလောက်အောင် ကိုမြကြီးသီချင်းအသစ်တွေချည်း လွှင့်နေပါတယ်။ ဆိုရှယ်သီချင်းမှာဆို “ခင်လဲဆိုရှယ် မောင်လဲဆိုရှယ်” ဆိုတဲ့သံပြိုင်အပိုဒ်က အစီအစဉ်ပြီးတာနဲ့ နားထောင်နေသူတွေပါးစပ်ဖျားမှ ငြီးသံလေးတွေ ထွက်လာပါတယ်။ ဝိသာခါ၊ ဂီတဗိမာန်စတာတွေက ခုအချိန်အထိ သီဆိုသူတွေပြောင်းပြီး ဆိုနေကြ၊ လွှင့်နေတုံးဖြစ်ပါတယ်။ စာသားအချို့ကတော့ နဲနဲပြောင်းသွားသလို ခံစားမိပါတယ်။ တခြားအဆိုတော်တွေလည်း ပင်တိုင်အဖြစ်ဆိုပါသေးတယ်။ စိန်စိန်၊ မြင့်ဆွေတို့က တဦးချင်းရော စုံတွဲရောဆိုကြပါတယ်။ တက္ကသိုလ်စိုးကိုယ်တိုင်ရေးသားပြီး ကိုမြကြီးသီဆိုခဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တန်ဆောင်တိုင်သီချင်းကတော့ တန်ဆောင်တိုင်ရာသီရောက်ပြီးဆိုပါက သောတရှင်တို့လိုရာကဏ္ဍမှာ တောင်းဆိုတဲ့သူအများဆုံး သီချင်းတပုဒ်ဖြစ်ပါတယ်။ တခါတ လေ ဧည့်သည်အဆိုတော်အဖြစ် ပဒေသာမျိုးလှိုင် ၀င်ဆိုပေးတာ နားထောင်ခဲ့ဘူးပါတယ်။
အေဝမ်းခင်မောင်က ရုပ်ရှင်လောကနဲ့ ဆက်နွယ်နေတာကြောင့်၊ သူရဲ့ပင်တိုင်အဆိုတော်တွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေများပါတယ်။ မေရှင်၊ ဇေယျ၊ မေသစ်၊ သိန်းဇော်တို့အပြင် ဝေဇင်နဲ့ မေမြတို့ ပါကြပါတယ်။ ရုပ်ရှင်ရော ပြဇာတ်မှာပါ ရေပန်းစားနေတဲ့ တက္ကသိုလ်မျိုးချစ်လဲ တခါတလေဝင်ဆိုတာ ကြားရပါတယ်။ ရုပ်ရှင်လောကမှာ စကားပြောကောင်းသူအဖြစ် ထင်ရှားလာမဲ့ မြတ်လေးကလည်း ကိုယ်တိုင်ရေးဆိုပြီး အသံလွှင့်ခဲ့တာကို နားထောင်ခဲ့ဘူးပါတယ်။ သီချင်းခေါင်းစဉ်က”ယဉ်မေပျို” ပါ။ ကြားဖူးခဲ့သူရှိခဲ့လျင် ပြန်ဖေါ်ထုတ်ဘို့ကောင်းတဲ့ တေးတပုဒ်ပါ။ တက္ကသိုလ်ဝင်းညွန့်အမည်နဲ့ ဆိုခဲ့သူကိုလည်း သတိရမိပါတယ်။ နောင် ၀င်းညွန့်အမည်နဲ့ မီးရထားအရာရှိကနေ မင်းသားဖြစ်လာသူဝင်းဦး၏အကို ဖြစ်မယ်လို့ထင်ပါတယ်။
တူရိယာအဖွဲ့ တိုက်ရိုက်အသံလွှင့်စဉ်က မမှီလိုက်ရပေမဲ့ သဘောကြသောအဖွဲ့မှာ ဂီတနက်သန်အဖွဲ့ဖြစ်ပါတယ်။ တေးရေး၊ တေးဆို ကိုယ်တိုင်လုပ်ခဲ့တဲ့ ကိုစောညိမ်းကြောင့် သဘောကျသွားတာဖြစ်ပါတယ်။ ကျွန်တော်နားထောင်တဲ့အချိန်မှာတော့ အဖွဲ့သားတွေက ပြန်ဆို ထားတာကိုပဲ နားထောင်ရပါတော့တယ်။ စိမ်၊ ပွင့်ဦး၊ စပယ်၊ ချစ်ပြုံးနှင်းဆီ၊ သစ္စာ စတာတွေအပြင် သူရေးတာကို အခြားသူတွေ သီဆိုကာ အမည်ကျော်ကြားသွားတာတွေလည်း ရှိခဲ့ပါတယ်။ နွေဦးဆိုရင် စာရေးဆရာသုခ ဆိုဘို့ရေးပေးတာပါ။ စာရေးစရာပြဇာတ်မှာ ဇာတ်ဝင်တေး နွေနှောင်းဝဿန်ကို လည်းရေးပေးပါသေးတယ်။ သုခသီဆိုပြီး အခုချိနအထိ အငြင်းပွါးစရာလေးတွေဖြစ် ကျန်နေခဲ့တဲ့သီချင်းပါ။
ရန်ကုန်မြို့အရှေ့ပိုင်းသားတွေ ဂရုစိုက်နားထောင်တဲ့အဖွဲ့ကတော့ အရှေ့ပိုင်းတူရိယာအဖွဲ့မှသီချင်းဆန်းများ အစီအစဉ်ဖြစ်ပါတယ်။အဖွဲ့ခေါင်းဆောင်ကို မသိပေမဲ့ အဖွဲ့ကလွှင့်ထုတ်မဲ့သီချင်းတွေကို တေးရေးသူ၊ တေးဆိုသူစာရင်းနဲ့ပါ စာစောင်လေးနဲ့ရောင်းပါတယ်။ ဒါကြောင့်တေးရေးသူကိုတော့ ဖတ်ဖူးသိဖူးနေပါတယ်။ ဒုန်မင်းမောင်လှိုင်တင်၊ ဂျူဗလီစိန်တို့ကိုတော့ မှတ်မိနေပါတယ်။ အခြားအဖွဲ့တွေနဲ့ မတူတာကအချစ်သီချင်းတွေသာမက မျိုးချစ်စိတ်ဓါတ်တက်ကြွစေမဲ့သီချင်းတွေကိုပါ ရေးဖွဲ့ပြီး သီဆိုစေတာပါ။ လက်ဝဲဆန်တဲ့အဖွဲ့လို့ အပြောခံရစရာရှိပါတယ်။ အရှေ့ပိုင်းမှာနေတဲ့ မြတ်လေးလက်ရာများလည်း နားဆင်ရပါတယ်။ သီချင်းခေါင်းစဉ်တွေကိုက “တူနဲ့တံဇင်”၊ “ခေါ်သံ”၊  “မဲတမဲ”၊ “အလံတော်”၊ “ထိန်လင်းအောင်ဆန်း”၊ “သမဂ္ဂအောင်ဆန်း”၊ “သခင်အောင်ဆန်း”၊ “တေဇ အောင်ဆန်း”၊ “တော်လှန်ရေးအောင်ဆန်း”၊”ရဲဘော်အောင်ဆန်း”၊ “အာဇာနီအောင်ဆန်း” (အာဇာနည်ကို အဲဒီခေတ်ကရေးတဲ့မူရင်းအတိုင်း ‘နီ’ လို့ရေးထားတာပါ)။ ဘယ်နှစ်ပုဒ်ဓါတ်ပြားရသလဲတော့ မသိပါဘူး။ ဒီလိုခေါင်းစဉ်နဲ့ သီချင်းကိုလွှင့်တာ မကြားမိတာတော့ သေချာပါတယ်။
ကျွန်တော်ကြိုက်တဲ့ နောက်ဂီတအဖွဲ့ကတော့ “တေးသစ်လွင်တူရိယာအဖွဲ့” ပါ။ သူတို့အလှည့်ကျပါက မြန်မာသံစဉ်ရော၊ ဘိုသံစဉ်ရော နားထောင်ရပါတယ်။ တေးရေးတွေက စန္ဒယားအောင်ခင်၊ ကိုမြမောင်၊ ကိုတင်ဖေ (စာရေးစရာအောင်လင်း) တို့က ပင်တိုင်ရေးပေးပြီးတခါတရံ ကိုစောညိမ်းလက်ရာတွေလည်း နားဆင်ခွင့်ရပါတယ်။ စာရေးဆရာမင်းရှင် သီဆိုထားတဲ့ ‘ပင်မြင့်စံ’ ဆိုတာကို သတိရမိပါသေးတယ်။ နွယ်ညီအမတွေထဲက စန်းစန်းနွယ်၊ ခင်စိုးနွယ်တို့အပြင် မင်းရှင်ရဲ့ ညီမ စန်းစန်းတင့်၊ ညီဖြစ်သူ ခင်မောင်သန်းတို့တွေက ပင်တိုင်အဆိုတော်တွေပါ။ စာသားလှလှလေးတွေကို သံစဉ်ထဲ့ထားလို့ သဘောကျသူများပါတယ်။ သီဆိုသူတွေက ဘိုဆန်ဆန် မေးရိုက်သံလေးနဲ့ ဆိုပါတယ်။ ဒါကြောင့် ကာတွန်းဆရာကြီးဦးဘဂျမ်းက ‘ငှက်ဖျားတက်သလို တုန်နေတဲ့အသံ” လို့ရေးဆွဲထားပါတယ်။ ဘိုသံဝဲဝဲလေးနဲ့သီဆိုထားပေမယ့် မြန် မာသံစဉ်တွေကိုတော့ မဖျက်လိုက်ပါဘူး။ တေးသီချင်းကစာသားလေးတွေကိုလည်း ဖတ်ကြည့်လိုက်ပါ။
“မဉ္စူခိုင်ပန်းလှမဉ္စူ ယိမ်းနွဲ့နွဲ့သာဟန်မူခိုင်ပန်းမဉ္စူ သင်းကြည်အေး မွှေးလှိုင်လှိုင်ကြူ”။
အခုခေတ် အဆိုတော်တွေဘယ်လိုမှ မဆိုနိုင်မဲ့သံစဉ်နဲ့ စာသားတွေပါ။ အေဝမ်းက ပင်တိုင်အဆိုတော်မေရှင်ကလည်း ဧည့်သည်အဆိုတော်အဖြစ် တပုဒ်ဝင်ဆိုပေးပါသေးတယ်။ မေရှင်က မြန်မာ့အသံမှာ အလုပ်လုပ်နေပြီလို့ထင်ပါတယ်။
တက္ကသိုလ်ကျောင်းသားများစောင့်မျှော်၍ နားသောတဆင်သောအဖွဲ့မှာ ‘ရန်ကုန်တက္ကသိုလ်အနုပညာတူရိယာအဖွဲ့” ဖြစ်ပါတယ်။ကိုတင်ထွဋ် ရေးဖွဲ့သောတေးများကို မြိုင်ညီအမမှ တင်တင်မြိုင်သီဆိုထားသော ‘စိတ်ကူး’ သီချင်းအမည်သာ သတိရပါတော့တယ်။ တက္ကသိုလ်ကျောင်းသူ စန်းစန်းတင်ကလည်း သီဆိုတာကို မှတ်မိနေပါသေးတယ်။
စာပေဗိမ္မာန်စာပေဆုရှင် တက္ကသိုလ်ကြည်မာ ကိုယ်တိုင်ရေးဆိုထားတဲ့သီချင်းတွေကိုတော့ ‘ဋ္ဌေးအောင်တူရိယာ” အဖွဲ့ ထုတ်လွှင့်စဉ်က နားဆင်ခဲ့ရပါတယ်။ “ပေါ့ပေါ့ပါးပါး ကျောင်းတက်ကြပါစို့” ဆိုတဲ့ခေါင်းစီးလေးပဲ သတိရပါတော့တယ်။ တေးရေးသူထံမှ သံစဉ်နဲ့ စာသားတွေကို မေးမြန်းပြီး ပြန်ဖေါ်ထုတ်ရရင် အကျိုးရှိနိုင်ပါတယိ။
ဂီတအစည်းအရုံးကနှစ်စဉ်ကျင်းနေတဲ့ ကန်တော့ပွဲမှာ ဒေါ်ကြည်မာတက်ရောက်အကန်တော့ခံတာ မြန်မာရုပ်မြင်သံကြားက သတင်းအစီအစဉ်မှာတွေ့မိပါတယ်။ ကြည်သာ(ပွဲကြိုက်ခင်)လည်း ဂီတမြစ်ဖျားအစီအစဉ်မှာ မှတ်တမ်းတင်ထားခဲ့ရင် တန်ဘိုးရှိမှာပါ။
ဒါတွေက ငယ်ငယ်က နားထောင့်ခဲ့ရတဲ့အဖွဲ့တွေအထဲက မှတ်မိသလောက်ကို ပြန်ရေးပြတာပါ။ နောက်ပိုင်းမှာ အေဝမ်းဖလင်က ရုပ်ရှင်သီချင်းတွေ ကိုအေဝမ်းခင်မောင်အဖွဲ့ ထုတ်လွှင့်ချိန်မှာ သီဆိုထားကြပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်သီချင်းတွေက ဓါတ်ပြားရပြီး၊ ယနေ့တိုင်နားဆင်နေခွင့်ရနေတာပါ။ ကြည်ကြည်ဋ္ဌေး၊ အေဝမ်းသိန်းဇော်နဲ့ မေလွင်စုံတွဲ၊ မြင့်မြင့်ခင်၊ မာလာမြင့်၊ မေမြင့်စတဲ့ မင်းသား၊ မင်းသမီးတွေက ရုပ်ရှင်ထဲကလို ဆိုထားတာပါ။ ကြည် ကြည်ဋ္ဌေးအကယ်ဒမီရတဲ့ ချစ်သက်ဝေဇာတ်ကားထဲက ‘တကူကူးကူး’သီချင်း၊ လေထဲကဖူးစာ ဇာတ် ကားထဲက ‘လေထဲကဖူးစာ’ သီချင်းကို လွှင့်ပေးတော့ ပရိတ်သတ်တွေကြိုသိပြီးသားသီချင်းတွေဆိုတော့ ပိုပြီးအောင်မြင်သွားတာ မဆန်းပါဘူး။
ရှုမဝမဂ္ဂဇင်းထုတ်ဝေသူ ဦးကျော်က ထုတ်လုပ်တဲ့ ‘လာလုလုငေး’ ဇာတ်ကားမှာ မင်းသမီးအဖြစ်ပါဝင်ခဲ့တဲ့ အဆိုတော်ဒဂုံခင်ကလည်း ‘ဒဂုံခင်တူရိယာအဖွဲ့’ ဆိုပြီး အသံလွှင့်ပါသေးတယ်။ အဆိုတော်ခင်မောင်လွင်သီဆိုတာတော့ သတိရပါတယ်။ သီချင်းတွေကိုတော့ သတိမရတော့ပါဘူး။ တင်တင်မြလဲ ဆိုနေပါပြီ။ သူအသံက နဲနဲသြတော့ ငယ်ငယ်ကမကြိုက်ပါဘူး။ နောက်ပိုင်းကျမှ နားထောင်ပြီး ကြိုက်သွားတာပါ။အရင်ကမကြိုက်ခဲ့တဲ့ ‘နှောင်းချစ်ဒါလီ’ကို အခုပြန်နားထောင်ချင်မိပါတယ်။
‘ရဲသီဟအဖွဲ့’ ကနေ ရဲသီဟကိုရဲအောင်၊ ကိုမောင်မောင်၊ စေညွှန်းလိုနဲ့အမည်ကျော်လာတဲ့ ကိုမင်းသူတို့ သီဆိုတာတွေကတော့ ခုထိမမေ့နိုင်တော့ပါ။ ကိုခင်လတ်ကိုလည်း သဘောကျလာပါတယ်။ ဘယ်အဖွဲ့မှာပင်တိုင်ဆိုတာလည်းကို စဉ်းစားလို့မရတော့ပါဘူး။ ‘ချိုတေးရှင်အဖွဲ့’ မှာ ဆိုတယ်လို့ ထင်မိပါတယ်။
အမှတ်တရသတိရမိတာက ယနေ့မြို့မအဖွဲ့ ရဲ့ဂန္တဝင်တေးအဖြစ် သီဆိုဖြေဖျော်နေတဲ့ “ညချမ်းသဘင်”သီချင်းကို ‘ရွှေဂုံမြို့အပျော်တမ်းတူရိယာ’ အဖွဲ့အလှည့်ကျစဉ်က အဆိုတော် ‘ရင်ရင်နု’ သီဆိုပြီးတော့ ဓါတ်ပြားလည်းရခဲ့တယ်ထင်ပါတယ်။  ဘာဖြစ်လို့ မြို့မအဖွဲ့၊ မန္တလေးအပျော်တမ်းအဖွဲ့တွေ အလှည့်ကျတုံးက မဆိုတာလည်းဆိုတာကိုတော့ စဉ်းစားစရာပါ။ ဒီနောက်ပိုင်းမှာတော့ မြန်မာ့အသံတူရိယာအဖွဲ့၊ အေဝမ်းစိုးမြင့်တူရိယာအဖွဲ့၊ ဂီတလုလင်တူရိယာအဖွဲ့တွေကိုသာ အချိန်ပေးနားထောင်မိပါတယ်။
နောက်ပိုင်း ရုပ်မြင်သံကြားစက်ပေါ်လာတော့ တူရိယာအဖွဲ့တွေကို နားဆင်ဘို့တောင် မေ့နေမိပါတော့တယ်။ သတင်းစာမြန်မာပိုင်းအစီအစဉ်ဆိုတာကို သဘောလောက်ပါရုံထဲ့ထားတာလေ။ လူတွေက တပတ်စာရုပ်မြင်သံကြားအစီအစဉ်အသေးစိတ်ဝယ်ပြီး ဖတ်နေကျနေတဲ့ကာလဖြစ်သွားပြီလေ။ နံမည်ကြီးအဆိုတော်တွေရဲ့ သီချင်းတွေ၊ ပရိသတ်အကြိုက်သီချင်းတွေကိုသာ ဦးစားပေးရိုက်ကူးကာ ထုတ်လွှင့်နေတော့ တူရိယာအဖွဲ့သစ်တွေအတွက် အချိန်နဲ့နေရာမရတော့ပါဘူး။ ခေတ်ကာလအပြောင်းအလဲတွေကြောင့် သံစဉ်တွေလည်းပြောင်းကာ၊ မြန်မာသံစဉ်တွေ မှေးမှိန်ခဲ့တဲ့ကာလလည်း ကြုံခဲ့ရပါတယ်။ မြန်မာသံဆိုသူတွေကို တောကျသလှိ နှိမ်ချတာကို ကြုံခဲ့ရတာသိကြမှာပါ။
ဒါပေမဲ့ ကာလယန္တယားကြီး တပတ်လည်ပြန်တော့ မြန်မာသံစဉ်တွေခေတ် ပြန်ရောက်လာပါတယ်။ အခု ဗုဒ္ဓဟူးနေ့တိုင်း ရုပ်မြင်အစီအစဉ်မှာ အလင်္ကာဝတ်ရည်အဖွဲ့ဆိုပြီး လွှင့်ထုတ်ပေးနေတာကို ဝမ်းသာစရာကြည့်လိုက်ရပါတယ်။ အမည်ရပြီးသား တခြားအဖွဲ့တွေလည်း မင်္ဂလာဆောင်တွေမှာ သီချင်းအဟောင်းတွေကိုသာဆိုနေမဲ့အစား မြန်မာသံသီချင်းအသစ်တွေကို လူတွေစိတ်ပါဝင်စားပြီး နားထောင်လာအောင်ရေးစပ်သင့်ပါပြီ။
ကျွန်တော်တို့လို မြန်မာသံစဉ်ကြိုက်နှစ်သက်သော ဘူတားအဖိုးအိုများသာမက ဟစ်ဟော့အော်ဟစ်နေသော လူငယ်လေးများပါ အော်ဟစ်ဆိုနိုင်ရန် ကာရန်မိမိ၊ သံစဉ်ထိထိ မြန်မာသီချင်းများကို တေးရေးတွေကလည်း ရေးဖွဲ့ကြစေလိုပါတယ်။ သီဆိုသူတွေ ကျားမအားလုံးကလည်း ပီပီသသ၊ သာယာနာပျော်ဘွယ်ဖြစ်အောင် ကြိုးစားပြီး သီဆိုပေးကြပါက မြန်မာသံစဉ်တွေဟာ လူကြိုက်များလာပြီး၊ အနောက်နိုင်ငံတွေမှာတောင် မြန်မာသီချင်းခိုးကူးခွေတွေပေါ်လာနိုင်ပါတယ်။ မြန်မာသံစဉ်သီချင်းဟောင်းတွေကို လေ့လာ နားထောင်ပါ။ သံစဉ်တွေကို မဖျက်စီးပဲ ပိုပြီးသာယာနာပျော်ဘွယ်ကောင်းအောင် ရေးစပ်ကြတဲ့ ဂီတလောကသားတွေ တိုးပွါးလာရင်၊ မြန်မာသံစဉ်ဆိုတာ ကျွန်တော်တို့တသက်မှာတော့ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ရဲရဲကြီးကြွေးကျော်ရင်း ပေါ်ထွက်လာမဲ့ဂီတပညာရှင်တွေကို ဂုဏ်ပြုရန် ရန်ပုံငွေကို ဘယ်နည်းနဲ့ရှာရင်ရမလဲ ဆိုတာကိုသာ တွေးနေမိပါတော့တယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts