ရသဆောင်းပါးစုံ

ရွှေကူမေနှင်း – စနစ်ဆိုး၏သားကောင်များ

ရွှေကူမေနှင်း – စနစ်ဆိုး၏သားကောင်များ

(စံတော်ချိန်နေ့စဉ် ၂။ဇူလိုင်။၂၀၁၄။ဗုဒ္ဓဟူးနေ့ထုတ်)

မိဘမကောင်းလျှင် သားသမီးခံရသည်။

အစိုးရမကောင်းလျှင် တိုင်းပြည်နစ်နာသည်။

စနစ်မကောင်းလျှင်ကား တမျိုးသားလုံး ဒုက္ခ ဖြစ်၏။

မြန်မာနိုင်ငံတွင် ကျွန်ပညာရေးစနစ်အလိုမရှိဆိုပြီး တော်လှန်ပုန်ကန်ခဲ့ကြသည်။ ပညာရေးစနစ်သည် လူမျိုးကို တုံးစေသည်၊ တော်စေသည်။ ထို့ကြောင့် ပညာရေးစနစ်ကို ကောင်းမွန်အောင် ပြဌာန်းရန် လိုအပ်သည်။

ဂျပန်လူမျိုးများ အဘယ်ကြောင့် စည်းကမ်းကောင်းသနည်း။ သူတို့၏ ပညာရေးစနစ်မှာ သုံးတန်း အထိစာမေးပွဲမစစ်ပဲ စာရိတနှင့် စည်းကမ်းကို သင်သည်ဟုကြားဖူး၏။ လူမျိုးတစ်မျိုး ၏အသက်မှာ စာရိတ္တကောင်းခြင်း နှင့်စည်းကမ်းလိုက်နာခြင်းဟု သူတို့ခံယူ၍ဖြစ်၏။ ဂျပန်တို့၏ စည်းကမ်းလိုက်နာ ခြင်းတွင် သန်လျင်တံတားကြီး ပေါ်ခေတကားရပ်၍မြစ်ရူခင်းကို ခံစားဆဲ၊လိုက်ပို့သူ မြန်မာအမျိုးသားက မြစ်ထဲသို့ စီးကရက်တိုကို ပစ်ချလိုက်ရာ ဂျပန်အမျိုးသမီးမှာ ထိတ်ထိတ်ပျာပျာဖြင့် မြစ်ရေညစ်ညမ်းမည်ကို ပူပန်ကြောင်း သတိပေးလေသည်။ မြန်မာများအဖို့ လမ်းဘေးမြောင်းထဲ အမှိုက်ပစ်နေကျမို့ စီးကရက်တိုလေး ကိုမြစ်ထဲ ပစ်ချခြင်းအတွက် အပြစ်ဟုမသိခဲ့ချေ။ ဂျပန်စည်းကမ်းနှင့် ကွာခြားခြင်း၊ ဂျပန်တို့ အချိန်လေးစားခြင်းကိုလည်း မြင်ဖူးခဲ့သည်။

၁၉၈၀ ပြည့်တုန်းက မြန်မာ့အသံအစီအစဉ် များကို ရုပ်မြင်သံကြားအဖြစ် တိုးချဲ့ရန် ပြင်ဆင်ခဲ့၏။ မြန်မာပြည်က ရုပ်မြင်သံကြားစက်ကို ပင်မမြင်ဖူးသေး။ ဂျပန်၏နည်းပညာကိုခေါ်ခဲ့ ရသည်။ ဂျပန်က ကျွမ်းကျင်သူများ စေလွှတ်၍စတူဒီယိုနှင့် လွှင့်တိုင် (ပါဝါတိုင်) ကိုတည်ဆောက်ပေးသည်။ ယခုမြန်မာ့အသံဝင်းထဲ ရှိပါဝါတိုင်သည် ပထမဆုံးတိုင် ဖြစ်သည်။

ကျွန်မက ထိုအချိန်မှာ အသံလွှင့်ကြေငြာသူအဖြစ် အမူထမ်းနေဆဲ ဖြစ်၏။ အနောင်ဇာခေါ် အစီအစဉ် ကြေညာသူရှစ်ယောက်သည် တစ်ရက်ကို လေးဦးစီဖြင့် တစ်ရက်ခြား တာဝန်ကျသည်။ ရှစ်ရက်တွင် တစ်ရက် နံနက်ပိုင်းကျသည်။ နံနက် ၇နာရီတွင်စတင် အသံလွှင့်နိုင်ရန် ရုံးသို့ ၆နာရီ အရောက်ဝင်ရသည်။ ကျွန်မအပါအ၀င် ရှစ်ဦးစလုံးသည် နံနက်ဂျူတီကို ကြောက်ကြစမြဲဖြစ်သည်။ အိပ်ရာမှ အစောကြီးထရမှာကို ကြောက်ခြင်းဖြစ်သည်။ ကျွန်မသည် နံနက်ဂျူတီအတွက် ရုံးကားလာကြို၍ ၆နာရီကျော်ကျော် ရုံးဝင်းထဲ ၀င်လိုက်တိုင်း ရုပ်မြင်သံကြားပါဝါတိုင် အတွက် ရောက်ရှိနေသော ဂျပန်ကျွမ်းကျင်သူများ ကားတိုင်ထိတ်တွင် ရောက်နေကြပြီကို မြင်ခဲ့ရ၏။ သူတို့ တိုင်းပြည် ကြီးပွားသည်မှာ မဆန်းပါ။

ပညာရေးစနစ်က စာရိတ္တနှင့် စည်းကမ်းကို တစ်သက်စာ ဘောင်ချပေးပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ ကျွန်ပညာကို တော်လှန်ပြီး သခင်ပညာသင်ကြားရာ၌ အင်္ဂလိပ်စာကို ကျွန်ပညာအဖြစ်ရူပ်ချပြီး ငါးတန်းကျမှ ABCD သင်ပေးခဲ့လေသည်။ တကသို်လ် မှာလည်း အားလုံး မြန်မာလို သင်ရမည်ဆိုပြီး ဘာသာပြန်အဖွဲ့ဖွဲ့သည်။ ပုံနှိပ်တိုက်ထောင်သည်။ အတော်ကြီးကြာ သောအခါ အင်္ဂလိပ်စာညံ့၍မဖြစ်ဟု ဆိုကာ မူလတန်း မှာပင် အင်္ဂလိပ်စာ သင်စေပြန်သည်။

၁၉ ၆၄ ခုနှစ်မှ ၁၉ ၈၈ ခုနျစ် အထိ စနစ်သစ်သင်ရိုးများနှင့် စခန်းသွားခဲ့ပြီး ၁၉ ၈၈ အရေးတော်ပုံအပြီးမှာကား တက္ကသိုလ်ကျောင်းသားများ မရှိရလေအောင် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့၏။ သုံးနှစ် တိတိကြာလေသည်။ ထိုသုံးနှစ်နောက်ပိုင်း ပြန်ဖွင့်သောအခါ စုပုံရှင်းစနစ်ဖြင့် ခြောက်လတစ်ကြိမ် အဝေးသင်စာမေးပွဲဖြင့် နှစ်နှစ်မှာ ဘွဲ့ပေးခဲ့သည်။

နောက်တော့ သုံးနှစ်နေကျောင်းတက်ပြီး ဘွဲ့ပေးသည်။ စာတတ်မတတ်အရေးမကြီးပါ။ ကျောင်းသားတွေ စုပုံမနေလျှင် တော်ပြီ။ နောက်ပိုင်းတွင် အမ်အေနှင့် ပီအိပ်ခ်ျဒီဘွဲ့ များကို ဖောဖောသီသီ (နားအေးလျှင်ပြီးရော) ပေးခဲ့လေသည်။ ယခု ၂၀၁၄ မှာတော့ ပီအိပ်ခ်ျဒီ တွေကို မူလတန်းပြ နေ့စားလရှင်းရာထူးခန့် နေရ၏။ ကြေကွဲဖွယ်ကောင်းလှ၏။

အခြားကိစများမှာ မှားယွင်းခြင်းထက် ပညာရေးကိစမှာ မှားယွင်းခြင်းသည် အနာဂတ်၏ သားကောင်များကို ရိုက်ချိုးရာကျပေသည်။ မျော်လင့်ချက်ကင်းမဲ့စေလေသည်။ သင်ရိုးနှင့် စာမေးပွဲစနစ်ကို ထင်သလိုပြောင်းလဲခြင်း၊ လုပ်ပိုင်ခွင့် ရှိသူများက ထင်ရာ စိုင်းခြင်းများသည် ကာယကံရှင်များကို မည်မျှနစ်နာစေခဲ့ပြီနည်း။

မနေ့က စာအုပ်တစ်အုပ် ဖတ်ခဲ့ရသည်။

ဂျူနီယာဝင်း ရေးထားသောစာအုပ် (‘My Life Will Go On’) ဖြစ်၏။

အင်္ဂလိပ်လိုရေးထားခြင်း ဖြစ်သည်။

စာအုပ်ပါအကြောင်းအရာမှာ သူ၏ဘ၀ဖြတ်သန်းမူများ ဖြစ်ပြီး အဓိကအချက်ကား ၁၀နှစ်လုံးလုံး တကသိုလ်၌ ကြိုးစားသင်ယူခဲ့ရပြီး ကျူတာခေါ် နည်းပြဆရာအလုပ်ကို မရရှိခဲ့ပုံတည်း။ ဂျူနီယာဝင်း ဆိုသည်မှာ ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ မြေးဖြစ်၏။ ဖခင်က ဒေါက်တာခင်မောင်ဝင်း(သချာင်္) ဖြစ်ပြီး မိခင်က တကသိုလ်ရွှေရီဝင်း ဖြစ်သည်။ စာရေးဆရာများပင် ဖြစ်၏။ ဂျူနီယာဝင်းက ယခုအခါ အင်္ဂလိပ်ဘာသာဖြင့် အွန်လိုင်းစာအုပ်များ ရေးဖြစ်ပြီး ပုံနှိပ်အဖြစ် နှစ်အုပ်ထွက်ပြီး ဖြစ်သည်။

ယခုအင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာအုပ်ကလေးကား ဖတ်ရသူများအဖို့ ပညာရေးဗိသုကာ မဟာပညာရှိကြီးများ နှိပ်စက်၍ အပြစ်မဲ့ကလေးများ နစ်နာရပုံကို အရင်းအတိုင်းခံစားရပါသည်။

၎င်းစာအုပ်မှ အချက်နှစ်ချက်ကို ဥပမာအဖြစ်ပြောရလျှင် –

၁။ ဂျူနီယာဝင်းသည် မဟာသိပံဘွဲ့အတွက် စာတမ်းရေးသားရသည်။ ကြီးကြပ်သူအဖြစ် ဖခင်ဒေါက်တာခင်မောင်ဝင်း ကဆောင်ရွက်ပေးသည်။ ထိုစဉ်က ဒေါက်တာခင်မောင်ဝင်းသည် ရန်ကုန်တကသိုလ်ဌာန၌ တွဲဖက်ပါမောက္ခဖြစ်၏။ မဟာသိပံဘွဲ့အတွက် စာတမ်းတင်သောအခါ လူတွေ့နုူတ်ဖြေစာမေးပွဲ ရှိသည်။ ၄င်းနှုတ်ဖြေ သည်စာတမ်းအတွက် အဓိကကျသည်။ စာတမ်းပါအချက်အလက်များကို တကယ်ကျွမ်းကျင်ခြင်းရှိမရှိ စစ်ဆေးမေးခြင်းဖြစ်ရာ နှူတ်ဖြေ ကောင်းလျှင် ဂုဏ်ထူးရတတ်သည်။

ဂျူနီယာဝင်းသည် စာတမ်းကို ကောင်းစွာ ရေးတင်ခဲ့၏။ နှူတ်ဖြေနေ့တွင်ကား တစ်လုံးမှ မမေးခဲ့ဟုဆိုလေသည်။ ဂျူနီယာဝင်းကိုမေးရမည့်အစား ဒေါက်တာခင်မောင်ဝင်း ကိုသာမေးခဲ့သည်ဟုဆိုသည်။ အတိုချူပ်ပြောရလျှင် သူသည် ဂုဏ်ထူးမရ။ သာမန်မှသာ အောင်ခဲ့၏။ အစွမ်းပြခွင့်လည်းမရ။ ဘာဆိုဘာမှ ကျေနပ်စာရာမရခဲ့ပေ။ နောက်တော့ သူသည် အချိန်ပိုင်းနည်းပြလေးအဖြစ် လှိုင်ကောလိပ်နှင့်နည်းပညာတက္ကသိုလ်မှာ အလုပ်ရ၏။ ထူးဆန်းပုံကား နည်းပြစာမေးပွဲ ဖြေတိုင်း ကျရုူံးခြင်းတည်း။

၂။ပီအိတ်ခ်ျဒီဝင်ခွင့်တွေ ခေါ်သည်။ ဂျူနီယာဝင်းဖြေသည်။ ၀င်ခွင့်ရသည်။ ပီအိတ်ခ်ျဒီဘွဲ့ ရလျှင်ဖြင့် ကျူတာ ဖြစ်လိမ့်မည်ဟု သူမျှော်လင့်၏။ ပီအိတ်ခ်ျဒီ(ရူပဗေဒ)ကိုကြိုးစားတက်ခဲ့၏။ သို့သော် အံ့သြဖွယ်ကောင်းလှသည်။ ပီအိတ်ခ်ျဒီ သင်တန်းများ ကိုရှစ်လတိုင်တက်ခဲ့ပြီးမှ အမိန့်စာတစ်ခုထွက်လာ၏။ အားလုံးဝင်ခွင့်ပြန်ဖြေ ရမည်။ ယခင်အောင်စာရင်းကို အသိအမှတ်မပြုတော့ ဟူ၏။ မတော်မတရားသောကိစ္စဆိုပြီး ဂျူနီယာဝင်းက ၀င်ခွင့်ပြန်မဖြေဘဲ အပြီးအပိုင် ထွက်ခဲ့တော့သည်။

ဤမျှသာမကသေးပေ။ အချိန်ပိုင်းနည်းပြ လုပ်နေစဉ် အဆင့်မြင့်ပညာရေးဌာနမှ စာပို့ခဲ့၏။ စာထဲမှာ အလုပ်လုပ်နေသူဝန်ထမ်းအနေဖြင့် မိမိအိမ်၌ စာမပြရဟု အမိန့်ထုတ်ထားသည်။ သူ အလုပ်မှထွက်လိုက်သည်။ ၁၀နှစ်လုံးလုံး  တက္ကသိုလ်ဆရာဖြစ်ရေး ကြိုးပမ်းမူများလေတွင် ပျောက်သွားခဲ့ရ၏။

အထက်ပါသာဓက နှစ်ခုနှင့်ပင် ပညာရေးဆရာကြီးများ ၏မှားယွင်းသော လုပ်ရပ်များကို ထင်ရှားစွာ မြင်နိုင်ပေသည်။ မိမိလူမျိုး၏ မျိုးဆက်သစ်များကို လူတော်များအဖြစ် မွေးမြူနိုင်သော ပညာရေးစနစ်မဟုတ်ဘဲ နှိပ်ကွပ်ဖိနင်းသော ပညာရေးစနစ်မျိုး ဆက်လက်ရှင်သန်နေလျှင် မြန်မာပြည်၏ အနာဂတ် ကားနစ်နာသည်ထက်နစ်မှာ သေချာပါသည်။

(ဓာတ်ပုံ – မြန်မာသံတော်ဆင့်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရွှေကူမေနှင်း – စနစ်ဆိုး၏သားကောင်များ
  1. ပညာရေပြုပြင်ပြောင်းလဲမှုအတွက် – ဆရာမရွှေကူမေနှင်းရဲ့ ဥပမာတစ်ခု၊ တက္ကသိုလ်ဆရာအလုပ်နှစ်ခြိုက်တဲ့ ဆရာမဂျူနီယာဝင်း အကြောင်း… သင်ခန်းစာပါပဲ။ နောက်နောင်
    – အဖေနာမည်ကြောင့်လက်မခံတာလား (ဆွေမျိုးဝါဒ)
    – ဆရာများကျူရှင်မပြရ.ဆိုပေမဲ့၊ မြန်မာဥပဒေကိုအတိကျလိုက်နာချင်သူကတော့ အလုပ်ကထွက်ရတာပေါ့…။

    အခုထိလဲ .. ဆရာအသစ်ခန့်ထားရေးများ မူဝါဒမပြောင်းသေးပါဘူး။ ပုသိမ်ကောလိပ်က ဆရာလိုရင် ဗဟိုကပဲရွေးချယ်စေလွှတ်တဲ့ဝါဒပါ။ တက္ကသိုလ်၊ကော်လိပ်များက အာဏာပိုင်များအဖို့
    ၁။ သင်ကြားရေးလည်း ဗဟိုဦးစီး
    ၂။ ဆရာခန့်ထားရေးလဲ ဗဟိုဦးစီး
    အဲ.. အခုခေတ် ဝန်ကြီးဌာနတိုင်း ငမ်းငမ်းတက်လိုချင်တဲ့ ပညာရေးဘတ်ဂျတ် ပိုသုံးခွင့်၊ ချပေးငွေအသုံးပြုရေး… ဗဟိုဦးစီးစနစ်ထက်တောင် ဆိုးသေးတယ်။ မိုးကျကိုယ်တော်များက ဆုံးဖြတ်နေကြပါတယ်။

    အခုခေတ်မှာ ကိုယ့်တက္ကသိုလ်အတွက်၊ ကိုယ့်အုပ်ချုပ်ရေးအဖွဲ့ကပဲ ဘတ်ဂျတ်တင်ပြ၊ သုံးစွဲ၊ ဆရာခန့်ထားဖို့ ဗဟိုဦးစီးမှုဖြုတ်ချမယ်လို့ ဆိုပါတယ်။

    ဘယ်တော့လဲ..ဘယ်သူစာရင်းစစ်မလဲ..?

    ပညာရေးဥပဒေက ဒါတွေ မပြောင်းလဲသေးဘူး… ဟုတ်ပါသလား..ဆရာမရွှေကူမေနှင်းခင်ဗျား…။ ပညာရေးဘတ်ဂျတ် သုံးဖို့ ဆရာတွေ အရည်သွေးမြှင့်ရေး (ပညာတော်သင်) လွှတ်တာလဲ … ကိုယ့်လူတွေပဲ၊ ချပေးတဲ့ဘတ်ဂျတ်ကိုလဲ ဆောက်လုပ်ရေးကုမဏီတွေနဲ့ လိုင်စင်/ပါမစ် လုပ်စားနေဆဲပါ။

    ပြုပြင်ပြောင်းလဲမှာပါ… ဘယ်တော့လဲ..ဘယ်သူစာရင်းစစ်မလဲ?

    စာရင်းစစ်ဌာန အရာရှိတွေလည်း မဟုတ်တဲ့အသေးဖွဲလေးတွေပဲ..ဖြစ်ညှစ်မေးမြန်းစစ်နေတယ်။ မိုကျကိုယ်တော် ဗိုလ်ချုပ်တစ်ယောက်ရဲ့သား ကုမ္ပဏီဆိုရင် စာရင်းစစ်တောင်၊ မစစ်ရဲတော့ဘူး…၊ ကြောက်နေဆဲပဲ…ခက်ပါတယ်။

Comments are closed.