ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အမေရိကန်သိမ်းငှက်ကြီး

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – အမေရိကန်သိမ်းငှက်ကြီး
စက်တင်ဘာ ၂၊ ၂၀၁၄
 

တခါကရယ်လို့ သတ်မှတ်ပြောဆိုမရနိုင်တဲ့ မကြာသေးချိန်ကာလတခု မှတ်မှတ်ရရ  ညွှန်းဆိုပြရရင်တော့ ၁၉၈၈ ခု အရေးအခင်းကြီး မီးမတောက်လောင်ခင်စပ်ကြား အထင်ကရ ဘုန်းမော်ပြဿနာအပြီး လူ ၄၂ ယောက် အချုပ်ကားထဲအသက်ရှုမရ မွန်းကြပ်ပြီး သေဆုံးခဲ့တဲ့အဖြစ်ဆိုးကိုအကြောင်းပြု  သက်ဆိုင်ရာဝန်ကြီး၊ ရဲချုပ်တွေကိုအပူတပြင်း အရေးယူနေချိန်အတောအတွင်း မဆလသတင်းစာတစောင့်မှာ သတင်းတပုဒ်ကိုဓါတ်ပုံနဲ့တကွ ဖော်ပြခဲ့တာအများက ထွေထွေထူးထူး  သတိထားမိမှာတော့မဟုတ်။ သမရိုးကျသတင်းထက်  အနည်းငယ်ထူးဆန်းတယ်ဆိုရုံလေးမို့လားမသိ။ ပြည်သူအများ လှုပ်လှုပ်ရှားရှား သွေးပူလာစအချိန် အပြောင်းအလဲတခု အခြေအနေအသစ်တခု ဆီ ရွှေ့လျားဖို့ပြင်ဆင်တာစူနေချိန်မှာတော့ အဖက်ဖက်က အကြပ်ရိုက်နေတဲ့ မဆလပါတီအာဏာရှင်တွေက ကြံမိကြံရာ ဂယောင်ချောက် ခြား တို့သတင်းတခုအဖြစ်  မွေးဖွားလိုက်ရခြင်းပါ၊၊

“အမေရိကန်သိမ်းငှက်ကြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာခြင်း”   ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတဲ့သတင်းက  ဒီလိုဖော်ပြထားပါတယ်။ အဆိုပါ အမေရိကန်သိမ်းငှက်ကြီးမှာ နေရာဒေသ လမ်းကြောင်းမှားပျံသန်းလာရာမှ မြန်မာ့မြေပြင်ပိုင်နက် (ကရင်ပြည်နယ်အတွင်း လို့ သာမှတ်မိ) ပေါ်အရောက် ခရီးဝေးပျံသန်းလာလို့ အစာရေစာပြတ်လပ်၊ အတောင်ပံဒဏ်ရာကြောင့် (…) မြို့၊ ကျေးရွာအနီး လယ် ကွင်းတခုထဲ ပြုတ်ကျလာခဲ့ရတယ် ..လို့ ဆိုထားပါတယ်။ ရွာသားအများမှ ခက်ခက်ခဲခဲ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့သိမ်းငှက်ကြီးမှာ တောင်ပံနှစ် ဖက် ဖြန့်ကျက်ထားတဲ့အကျယ်   (…) ပေ ၊ အမြင့် (..) ၊ အလေးချိန် (..) ရှိပါ၍  ထိုသို့ မတွေ့စဖူး   မကြုံစဖူး ကြီးမားလှသော အမေရိကန် သိမ်ငှက်ကြီးကို အများပြည်သူ ကြည့်ရှုနိုင်ရန်အတွက် ရန်ကုန်တိရစ္ဆာန်ရုံဆီသို့ ပို့ဆောင်ရန် အလို့ငှာ ပါတီရဲ့အနီးကပ် ကြီးကြပ်မှု၊ ကောင် စီရဲ့ လမ်းညွှန်ဦးဆောင်မှုအောက် ဌာနဆိုင်ရာတို့မှ ကူညီပံပိုးမှုဖြင့် ကျေးရွာသူ ကျေးရွာသားတို့မှ လှောင်အီမ်ကြီးတခု တည်ဆောက်ကာ  ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆီသို့ အမြန်ဆုံးပို့ဆောင်နိုင်ရန် အပူတပြင်းဆောင်ရွှက်လျှက်ရှိနေပါတယ်လို့ အကျယ်တဝင့် ဓါတ်ပုံနဲ့တကွ ပြည့် ပြည့်စုံစုံ ရေးသားထားပါတယ်၊၊

ထူးထူးဆန်းဆန်း စကားတွေ ပြောပြောနိုင်လွန်းတဲ့သူမို့လားမသိ။ ထူးပေ့ဆန်းပေ့တွေကို ကြုံကြုံရသူ  တောင်ကြီးမြို့ က   အထင်ကရရှေ့ နေကြီး  ဦးစီလှိုင်တယောက် အဲဒီအချိန်အတွင်း ရန်ကုန်ရောက်တုန်း ထူးဆန်းတာကိုကြိုက်တဲ့သူက အဲဒီတိရစ္ဆာန်ရုံကို တကူးတက သွားခဲ့ပါတယ်။ မမြင်ဖူး မတွေ့ ဖူး ကြုံရခဲတဲ့  အမေရိကန်သိမ်ငှက်ကြီးက ဘယ်လိုလဲ  ဘာလဲဆိုတာ ကိုယ်တိုင်တွေ့က  သူများအပြော ထက်  ပိုပြီးသာတယ်  အရသာရှိတယ် သဘောလားမသိ။ ကြိုးစားပမ်းစားရှာတာ မတွေ့ ရတဲ့အဆုံး နီးစပ်ရာဝန်ထမ်းတယောက်ကို  မေး ကြည့်တော့ ကြုံရဆုံရတာ ငိုအားထက် ရီအားသန်ဆိုသလို ..အဲဒီအမေရိကန်သိမ်းငှက်ကြီးက ……. လဒကြီးဗျကိုလတ်ရဲ့ ဆိုတော့ ရီလိုက်ရတာ ဖတ်ဖတ်မောဆိုသလိုပါဘဲ၊၊

မိုင်ထောင်ချီ ဝေးကွာတဲ့အမေရိကန်နိုင်ငံကနေ ပျံသန်းလာတဲ့သိမ်ငှက်ကြီးက အစာရေစာပြတ်လပ်  အတောင်ပံ ညောင်းညာကိုက်ခဲပြုတ်ကျ လာတာကနေ တိရစ္ဆာန်ရုံအရောက်မှာ  လဒကြီး ဖြစ်သွားရောဗျား …။ အနီးကပ်ကြီးကြပ်တဲ့ပါတီက လူကြီးတွေလဲမသိ။     လမ်းညွှန်ဦးဆောင် မှုပေးနေတဲ့ကောင်စီလူကြီးတွေလဲ  ဝေဝါးဝါး။ ကူညီပံပိုးပေးတဲ့ ဌာနဆိုင်ရာလူကြီးမင်းတွေလဲ  နားမလည်။ ရိုးသားတဲ့ ရွာသူရွာသားတွေက   တပင်တပန်းကြီး လှောင်အိမ်ကြီးတခုကိုဆောက် တကူးတက စရိတ်အကုန်ကျခံ၊ ဒုက္ခခံ သယ်ဆောင်လာခဲ့တာ ဟိုရောက်တော့   လဒကြီး အဖြစ်တို့ ငှက်လှောင်အိမ်နောက်  အခန်းငယ်တခုထဲ ထည့်ထားယုံကလွဲပြီး ဘာဆက်လုပ်ရမှန်းမသိတော့။ ကြံကြံဖန်ဖန် လဒကြီးကိုမှ  လာပို့ရတဲ့အဖြစ်က မျက်နှာမရ  ခြေထောက်ရကိန်း၊၊

ဟိုတုန်းက  ရီမောခဲ့ရတဲ့အဖြစ်တွေ  မီးခိုးကြွက်လျှောက်တွေးမိရင်းက သမင်လည်ပြန် ကြည့်လိုက်တော့  ဒီနေ့ ဒီအချိန်ခါမှာလဲ  အလားတူ အဖြစ်မျိုးပါဘဲ။ တောတောင်အုံကြားက  ရှားရှားပါးပါးကောက်ရတဲ့ ငှက်ဥလေးတဥ။

လှပတဲ့ဒေါင်းပျိုလေးတကောင်ရယ်လား….?
ငြိမ်းချမ်းရေးနိမိတ် ချိုးငှက်တကောင်ရယ်လား….?

စိုးတထိတ်ထိတ်  မျှော်တလင့်လင့် စောင့်ကြည့် … နွေးနွေးထွေးထွေး တယုတယ မွေးလာခဲ့တာ … အခုတော့ အဖြေထွက်သွားပါပြီ။ လှပတဲ့ တောင်ပံတို့အများအတွက် ကြည်နူးစေမယ့် ဥဒေါင်းငှက်တော့ မဟုတ်။ သာယာတဲ့တေးသံကျူးမယ့် ငြိမ်းချမ်းရေးငှက်ငယ် ချိုးဖြူ ငှက်လဲ မဟုတ်ပြန်။ အများသူထိုင်နေမဲ့ ဧည့်ခန်းအတွင်းထားလို့ မသင့်တော်တဲ့ မင်္ဂလာမရှိတဲ့      လဒပေါက်စလေးတကောင်အဖြစ်  ရုပ် လုံးပေါ်ခဲ့ပါပြီ၊၊

ဒီတော့ လူနေအိမ်တအိမ် လူနေရပ်ကွက်..မြို့ရွာအတွင်း ဘယ်လိုမှဆက်ထားဖို့မသင့်တော် ဆက်မွေးမြူလို့မဖြစ်တော့တဲ့ လဒပေါက်စ လေးကို  သူတို့ပျှော်ရာ  သူတို့မူလဇာတိ  တောကြီးမျက်ထဲ စွန့်ပစ်ယုံကလွှဲပြီး တခြားနည်းလမ်းမရှိတော့။ အလားသဏ္ဍာန်တူ….တိုင်းပြည် တခုလုံး ချုံးချုံးကျ  မွဲပြာအောင် နှစ်ပေါင်းများစွာ ကုပ်သွေးစုပ်ချယ်လှယ် အုပ်ချုပ်တဲ့စစ်အာဏာရှင်စံနစ်ဆိုးကြီး   လဒငှက်ဆိုးကြီးကို      လူထုလူတန်းစား အလွှာအသီးသီး  စုပေါင်းညီညီညာညာတို့တောခြောက်  သံပုံးတီးနှင်ထုတ်ယုံကလွပြီး  တခြားနည်းလမ်းမရှိတော့၊၊

အခြေခံအလုပ်သမားတွေဖက်က အလုပ်သမားအလွှာအသီးသီးအလိုက် စက်ရုံရှေ့စက်မှုဇုံရှေ့   လမ်းနံဘေးပေါ်ထိုင် ဆန္ဒဖော်ထုတ်တောင်း ဆိုနေမယ့်အစား တောင်သူဦးကြီး လယ်သမားတွေကလဲ သိမ်းပိုက်ခံ ကိုယ့်လယ်ယာမြေပေါ် ထွန်တုံးတိုက်ပွဲဆင်နွှဲရင်း ဆန္ဒပြရင်း  အဖမ်း ခံထောင်ကျခံနေမယ့်အစား သမိုင်းအစဉ်အလာကြီးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေလည်း ကျောင်းသားအဖွဲ့ဦးဆောင်မှုတို့ ကျောင်းဝန်း ကျောင်းပြင်ပ ပတ်ပတ်လည်ဆန္ဒပြနေမယ့်အစား နိုင်ငံရေးအင်အားစု၊ နိုးကြားတက်ကြွသူအင်အားစုတွေမှလည်း ရှင်းလင်းပွဲ၊ ပညာပေး စည်းရုံးရေးလုပ်နေမယ့်အစား တိုင်းရင်းသားအသီးသီးတွေကလဲ  တောင်ပေါ်ဒေသအနှံ့ ကိုယ့်နယ်ပယ်အလိုက် သီးခြားဆန့်ကျင်နေမယ့် အစား ဒီနေ့ ဒီအချိန်အခါ အားလုံး အားလုံးသော  အလွှာအသီးသီး  အဖွဲ့ အစည်းအသီးသီးတို့ စုပေါင်းပြီးသကာလ မြို့ ရွာ ထိခိုက်နစ်နာ၊ တိုင်းပြည်ဂုဏ်သိက္ခာ ညှိုးနွမ်းစေမဲ့ လဒငှက်ဆိုးကြီးသဏ္ဍာန်တူ  စစ်အာဏာရှင်စံနစ်ဆိုးကြီးကို ဝိုင်းဝန်းတောထုတ် မောင်းထုတ်ကြပါစို့ လား …. …၊၊

အခြေအနေက အကောင်းဆုံးဖြစ်အောင် တွန်းပို့ပေးနေပါပြီ …
သမိုင်းက  တကျောါပြန်အခွင့်အရေး  လမ်းဖွင့်ပေးနေပါပြီ …
အခွင့်အခါက နောက်ဆုံးအရှုံးအနိုင်အတွက် တောင်းဆိုနေပါပြီ …

စိတ်လှုပ်ရှားစရာ  ရင်ခုန်စရာအဖြစ် အရှုံးအနိုင်တခုဆီကိုသာ ဦးတည်နေတာကလွဲပြီး ကျန်တဲ့ပြဿနာအရပ်ရပ်၊ ဖြစ်နိုင်ချေ ဖြစ်လာနိုင်မဲ့ အခြားခြားသော အကြောင်းအရာတွေကလဲ  ဘာဆိုဘာမှ မရှိတော့…။ အသစ်အသစ်သော ဖန်တီး လှည့်ဖျား သွေးဆောင်မှုတွေလဲ  နှစ် ပေါင်း ၆၀ ကျော်ခံစား ကြုံတွေ့ရင်ဆိုင်ခဲ့တဲ့ဒုက္ခပေါင်းစုံ၊  နစ်နာဆုံးရှုံးမှုတွေ၊ နာကျည်းမှုတွေအပေါ် အရောင်မပြောင်းနိုင်တော့ အရောင် မဆိုးနိုင်တော့ …..၊၊

စကားလုံး အသစ်အဆန်းတွေ ထပ်ခါထပ်ခါ ပေါ်လာတာများနေပါပြီ။ ရှိပြီးသားစကားလုံးဆိုလိုရင်းကို ဝေ့လည်ကြောင်ပတ် ရှင်းလင်းနေ တာလည်း ကြာနေပါပြီ။ ပြင်ဆင်ရမယ့် အခြေခံဥပဒေပါအချက်အလက်တွေလည်း များသထက်များများလာနေပါပြီ..၊ ဦးတည်ရာလမ်း ကြောင်း ဝေဝါးစေမဲ့ အာရုံပြောင်းလုပ်ဇာတ်တွေလဲ များခဲ့ပါပြီ။ အခုတော့ လမ်းလဲဆုံးပြီ။ အဖြစ်သနစ်လဲ ကုန်ပြီ …။ ဘယ်လိုဆုံးဖြတ်  ဘယ်လမ်းကိုလျှောက်မည်ဆိုတာကို  ပြတ်ပြတ်သားသား ရွှေးချယ်ယုံကလွဲပြီး အခြားဘာမှမရှိတော့ …။

အဆိုး အကောင်း၊ အလှည့်အပြောင်းအတွက် ဒီနေ့ပြည်သူတွေ အဆင်သင့်ဖြစ်နေပါပြီ …။
သမိုင်းသစ်အတွက် ကဗ္မည်းထိုး မှတ်ကျောက်တင်ခံဖို့ ဒီနေ့ပြည်သူတွေတက်ကြွနေပါပြီ ….။
နောင်မျိုးဆက်သစ်အတွက်  အနာဂတ်အတွက် ဒီနေ့ပြည်သူတွေ နိုးကြားနေပါပြီ …။

ဒီနေ့ ဒီအချိန်အခါ.. အကျဉ်းအကြပ်  အခက်အခဲဆုံးအခြေအနေမှာ နိုးကြား တက်ကြွ အဆင်သင့် ဖြစ်နေတဲ့ပြည်သူတွေအနေနဲ့ အရေး တကြီး မေးစရာ နောက်ဆုံးမေးခွန်းက ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲဆိုတဲ့မေးခွန်းမဟုတ်။ အာဏာရှင်စံနစ် ယန္တရားကြီးတခုလုံး  ချေ မှုန်း တိုက်ဖျက်ဖို့အတွက် နိုင်ငံရေးပါတီအင်အားစုတွေတို့ တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့၊      တစုတည်း တပေါင်းတည်း တ သံတည်း… သွေးစည်းညီညွှတ်ကြမှာလား ….?  ?   ? ၊၊

ပြည်သူတွေက  အဆင်သင့် …..
ပြည်သူတွေက  အဆင်သင့် ….
ပြည်သူတွေက  အဆင်သင့် ….၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts