ဝေဖန်ရေးရာ
ထင်အောင် – ကွေ့ မယ်ကိုင်ထား
ထင်အောင် – ကွေ့ မယ်ကိုင်ထား
သြဂုတ် ၂၇၊ ၂၀၁၄
ကျွန်တော်တို့ ငယ်စဉ်က လမ်းဆုံလမ်းခွ – ဘယ်ဘက်ထောင့်တွေမှာ အနီ၊ အဝါနဲ့ အစိမ်းရောင်ပါတဲ့ တိုင်တတိုင်ကိုစိုက်ထားတာကိုတွေ့ နိုင်ပါတယ်။ လမ်းတိုင်းရဲ့ထိပ်တိုင်းမှာရှိတာပါ။ ရန်ကုန်မြို့တွင်သာမက နယ်မြို့တွေမှာပါရှိနေတဲ့ အမှတ်အသားတိုင်လေးတွေပါ။ အဓိပ္ပါယ်က လမ်းဆုံရောက်ပြီ၊ အရှိန်လျော့၊ သတိထားဆိုတာကို သတိပေးထားတာပါ။ ကမ္ဘာနိုင်ငံကြီးတွေမှာတော့ လျှပ်စစ်အားသုံးပြီး အချက်ပြစံနစ် ကိုသုံးနေကြပြီ။ အနီပြရင်ရပ်၊ အဝါဆိုရင်အသင့်ပြင်၊ အစိမ်းပြရင်ထွက်တော့ ဆိုတဲ့ အဓိပ္ပါယ်ကိုလူတိုင်းသိနေကြပါတယ်။ သခင်ကြီးတို့ရဲ့ တိုင်းပြည်နဲ့ စာရင် တောသာသာအဆင့်သာရှိနေသေးတဲ့ ကျွန်တော်တို့ နိုင်ငံကို နီဝါစိမ်းတိုင်လေးနဲ့ အန္တရာယ်ကင်းအောင်သတိပေးတဲ့အကျင့်လေးလုပ်ပေးထားတာပါ။ ကားမောင်းတဲ့သူတွေ၊ မြင်းလှည်း၊ နွားလှည်းမောင်းသူတွေ၊ ဆိုက်ကားနင်းသူတွေ၊ လံချားဆွဲသူတွေအားလုံးက လမ်းဆုံရောက်ရင်ရပ်ရမယ်၊ ဘယ်ညာကို အန္တရာယ်ကင်းမကင်း ကြည့်ရမယ်၊ စိတ်ချရမှ ထွက်ရမယ်ဆိုတာကို သိထားကြပါတယ်။ လမ်းစည်းကမ်းယာဉ်စည်းကမ်းကို လံချားဆွဲသူကအစ သိရှိနားလယ်ပြီး လေးလေးစားစားလိုက်နာနေတာကိုသိနိုင်ပါတယ်။
လမ်းဆုံရောက်ပါက မိမိယာဉ်သည် တဲ့တဲ့ကို သွားနိုင်သလို၊ ဘယ်သို့မဟုတ် ညာဘက်ကိုလဲ ကွေ့ နိုင်ပါတယ်။ ဘယ်ဘက်ကိုပဲသွားချင်သွားချင်ရင် လမ်းဆုံရောက်ရမယ်ဆိုတဲ့ အသိရှိနေတာကိုက လမ်းစည်းကမ်းကိုလိုက်နာနေတာပါ။ ယာဉ်ကိုရပ်ဘို့ရန် အရင်ဆုံးအရှိန်ကို လျော့ချရပါတယ်။ အရှိန်လျော့သွားတာနဲ့ ယာဉ်မောင်းသူက မိမိကိုင်တွယ်နေသောယာဉ်ကို လိုသလိုထိန်းသွားနိုင်မှာဖြစ်ပါတယ်။ ခရီးသည်တွေ အတွက်အန္တရာယ်ကင်းသွားပြီဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ သွားလာနေတဲ့ လှည်းတွေတောင် ရပ်လိုက်ခြင်းဖြင့် အန္တရာယ်ကင်းစေနိုင်ပါတယ်။
လမ်းဆုံမှာအရှိန်မလျော့ပဲ လမ်းမကြီးပေါ်သို့ အတင်းထိုးဝင်မှုကြောင့် လမ်းမပေါ်မှသွားလာနေသောယာဉ်များကို ထိခိုက်နစ်နာမှုများ မကြာခဏဖြစ်လာကြပါတယ်။ ထိုအမှားကိုပြင်ဆင်မယ်လို့ စိတ်မကူးပဲ လမ်းဆုံမှာ ‘ကွေ့ မယ်ကိုင်ထား’ လို့ပြောနေတာက မှန်ကန်သော မောင်းနှင်နေတာလို့ တလွဲထင်နေကြပါတယ်။ ပိုဆိုးတာက လမ်းပိတ်ဆို့မှုပြေလည်အောင်ဆိုပြီး ပြုလုပ်ပေးလိုက်တဲ့ ကုန်းကျော်တံတားတွေ ပေါ်လာတာပါ။ အရေးပေါ်ကုန်းကျော်တံတားတွေရဲ့ပုံသဏ္ဏာန်က အရှိန်ပြင်းစွာမောင်းမဲ့ယာဉ်တွေကို အန္တာရာယ်မကင်းအောင်ဆောက်ထားတဲ့ ပုံစံဖြစ်နေပါတယ်။ ရွှေဂုံတိုင်ကုန်းတံတားပေါ်မှာ မျက်နှာခြင်းဆိုင်လမ်းကြောကနေ မောင်းတဲ့လိုင်းကားတွေရှိပါတယ်။ လမ်းကွေ့မှာ တဘက်ကလာတဲ့ကားကသာ ရုတ်တရက်ပေါ်လာရ င်ဘယ်လိုမှမရှောင်နိုင်တဲ့ အနေအထားပါ။ ကားချင်းမျက်နှာချင်းဆိုင်တိုက်မိနိုင်သလိုရှောင်ပြန်ရင်လဲ ခရီးသည်အပြည့်နဲ့ တံတားအောက်ကို ပြုတ်ကျသွားနိုင်ပါတယ်။ ကံဆိုးတာနဲ့ ကြုံနိုင်တဲ့ အောက်လမ်းကသွားနေတဲ့ကားတွေလူတွေ၊ အဆာက်အဦးတွေပါ ထိခိုက်ပျက်စီးနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ တကယ်တော့ လိုင်းကားတွေကို တံတားရဲ့အောက်လမ်းသာ သွားခိုင်းတာ အန္တရာယ်ကင်းပါလိမ့်မယ်။ ရုံးချိန်ကျောင်းချိန် rush hour မှာတော့ တံတားပေါ်ကသွားခွင့်ပြုရမှာပါ။ ဒီအချိန်က ကားတွေကြပ်နေတော့ လိုင်းကားတွေ ကျော်တက်တာ မလုပ်နိုင်ပါဘူး။ ဒါတောင်လစ်ရင်လစ်သလို တဘက်ယာဉ်ကြောကို လုမောင်း၊ ကျော်တက်တာ လုပ်နိုင်ပါသေးတယ်။
အခုအသစ်ဆောက်လုပ်မဲ့မြေနီကုန်းက ကုန်းကျော်တံတားမှာ လိုင်းကားတွေအောက်ကသွားနိုင်အောင် လမ်းနေရာကျယ်ကျယ်လေးချန်ထားဘို့ အကြံပြုချင်ပါတယ်။ ရွှေဂုံတိုင်တံတားပေါ်တက်သွားတဲ့အတွက် မူလရှိပြီးသား ရွှေဂုံတိုင်မှတ်တိုင်ဟာ ပျောက်ကွယ်သွားပါတော့တယ်။ လူအတက်အဆင်းများသော လမ်းဆုံနေရာ သံဃာတော်များ နာမကျမ်းဖြစ်ပါက ဆေးလာကုရသော ဇီဝိတဒါနဆေးရုံသို့လာပြသော သံဃာတော်များအတွက် သွားရေးလာရေး အင်မတန်အဆင်ပြေစေသောမှတ်တိုင် ပျောက်သွားတာ နှမျောစရာပါ။ ပိုဆိုးတာက ကုန်းပေါ်တက်ခါနီးကျရင် ကွေ့မယ်ကိုင်ထားလို့ အော်တဲ့အသံပါ။ တကယ်က ကုန်းတက်ကာနီးရင်အရှိန်လျော့၊ ဂီယာကိုချိန်းပြီး၊ သတိဝီရိယနဲ့ ဖြေးဖြေး မောင်းရမှာပါ။ အခုတော့ … ပါးစပ်ကအော်ဟစ်ပြီး ခြေထောက်က လီဘာဖိနင်းနေတာက အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။ ယခုမြေနီကုန်းမှာလုပ်မဲ့ ကုန်းကျော်တံတားကြောင့် လူအသုံးများသောမြေနီကုန်းမှတ်တိုင်ပျောက်သွားနိုင်ပါတယ်။ စောစောကအကြံပြုထားသလို လိုင်းကားတွေကို တံတားအောက်မှ သွားစေပါက ခရီးသည်တွေအတွက် အဆင်ပြေနိုင်သလို ယာဉ်တွေလည်း ပြိုင်မမောင်းရနိုင်သဖြင့် ဘေးကင်းရန်ကင်း သွားနိုင်ပါတယ်။
နံနက်ကားကြပ်ချိန်နဲ့  ညနေကားရှုပ်ချိန်တွေမှာတော့ ကုန်းပေါ်ကနေပဲ သွားရပါမယ်။ ဒီအချိန်ပိုင်းမှာတော့ မှတ်တိုင်မှာ မရပ်ပေးနိုင်ပါဘူး။ ခရီးသည်တွေက လမ်းနဲနဲတော့လျှောက်ရပါမယ်။ တချို့ နိုင်ငံတွေမှာဆို လမ်းပြောင်းပြေးဆွဲတာတောင် ပြုလုပ်တတ်ကြပါတယ်။ ဒီလိုပြသနာတွေကင်းအောင် အကောင်းဆုံးက နှစ်ထပ်လမ်းတွေကို တည်ဆောက်ဘို့ လိုပါတယ်။ အောက်လမ်းက လိုင်းကားတွေ၊ အဌားကားတွေ မောင်းစေပြီး၊ အပေါ်လမ်းက ကိုယ်ပိုင်ကားတွေကို မောင်းခိုင်းလိုက်ရင်၊ ယာဉ်ကြောတွေချောင်သွားနိုင်ပါတယ်။
ခငိဗျားရေးတာက တယ်လွယ်တာကိုး … အခု BRTဆိုတဲ့ သုံးမိနစ်တစင်းလာမဲ့ကားတွေ ပြေးဘို့ - တတ်နိုင်သူတွေက သန်းနဲ့ချီ ရင်းနှီးမြူတ်နှံတဲ့ စီမံချက်ကြီးကို လုပ်နေကြပါပြီ။ ဒီလိုကားကြီးတွေကို ‘ကွေ့မယ်ကိုင်ထား’ ဆိုတဲ့ ယာဉ်ကိုမောင်းတဲ့သူတွေ၊ အော်ဟစ်သတိပေးနေတဲ့ ယာဉ်နောက်လိုက်စပယ်ယာတွေ ရှိနေသမျှကာလပတ်လုံး ခရီးသည်တွေ ဘုရားစာတွေရွတ်ဖတ်ရင်း၊ အန္တရာယ်ကင်းအောင် ဆုတောင်းမေတ္တာပို့ စီးနေရတဲ့ကာလတွေ ရှိနေအုန်းမှာဆိုတာကို ယာဉ်စည်းကမ်းထိန်းသိမ်းနေတဲ့ ပုဂ္ဂိုလ်ကြီးသိသင့်တယ်လို့  သတိပေးတင်ပြလိုက်ပါတယ်။
Photo Credit – www.oilseedcrops.org 1000 × 514Search by image
Yangon Myanmar Traffic Jam Paya Road Image David DuByne
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
Similar Posts