ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – သမိုင်း လက်ဆင့်ကမ်း

ငြိမ်းချမ်းအေး – သမိုင်း လက်ဆင့်ကမ်း
သြဂုတ် ၂၀၊ ၂၀၁၄
 
 
 

ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး နှစ်ပတ်လည် အချိန်အခါ လည်း ထပ် ရောက်လာပြန်ပါပြီ။  နှစ်တွေသာ ကုန်လာခဲ့တယ် ဗမာ့ သမိုင်းရဲ့ သွေးစွန်းခဲ့နေ့ရက်များ အတွက် ထိုက်တန်တဲ့ တာဝန်ခံ၊ တာဝန်ယူမှုမျိုး တာဝန်ရှိခဲ့သူများ ယနေ့ထက်တိုင် မပြုကြသေးပါဘူး။  အရပ်သား ပြည်သူ့အစိုးရ (ဆိုတဲ့) စစ်တပိုင်း အစိုးရသစ် သက်တမ်း (၃) နှစ်သာ ကျော် လာခဲ့တယ် ပြည်သူလူထု အပေါ် အလေးထား အသိအမှတ်ပြု ဦးတင်မှုမျိုး ဟာ စကားအရာ က လွဲလို့ အလုပ်ပိုင်းမှာတော့ ကဏ္ဍစုံမှာ အားနည်းနေဆဲပါ။

ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံ ဟာ ဝန်ကြီး ဆိုသူများ ရဲ့ ငါ့စကား နွားရ အပြောအဆိုများ၊ ပြည်သူ အပေါ် စော်ကား တဲ့ အပြုအမူများ၊ အကျင့် ဟောင်း၊ စရိုက်ဆိုး ပေါ်လစီများ အောက်မှာ လက်တွေ့မပါ ဖြစ်နေပြီး သမ္မတ ဆိုသူရဲ့ တလ တခါ ဝါဒဖြန့်ချီရာ မိန့်ခွန်း အဖြစ်သာ အနှစ်သာရ မဲ့ တည်ရှိနေတယ်။

ဒီလို မပြောင်းလဲမှုများ ထဲမှာ စစ်အာဏာရှင်စနစ်ဆိုး ရဲ့ အတိတ် သမိုင်း ဆိုး အလုပ်တွေကို ကာကွယ် ပြောဆိုတာ၊ အနာဂတ် မျိုးဆက်သစ် ကို အမှန်လို့ ယူဆလာစေအောင် ကြားခံ မီဒီယာစုံကန သမိုင်းပုံဖျက် မှိုင်းတိုက်တာ၊ အမှား ကို ဝန်ခံ၊ တောင်းပန်ရဲတဲ့ သတ္တိ မရှိတာ မျိုးတွေလည်း ပါတယ်။

မနှစ်က ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ရန်ကုန်မှာ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ခဲ့တာကို လူအများက အကောင်းမြင်ကြည့်ချင်ကြတယ်။  တကယ်တော့ ဒါဟာ နိုင်ငံရေး လုပ်စားလာတာ ရာစုဝက်ကျော် အတွေ့အကြုံ ရှိပြီး ဖြစ်တဲ့ စစ်အုပ်စု ရဲ့ နိုင်ငံရေး ပရိယာယ် အခင်းအကျင်း တခု၊ စစ်မှန်တဲ့ သဘောထား ကင်းမဲ့နေတဲ့ ငြိမ်းချမ်းရေး ပွဲစား များရဲ့ ကားပါမစ် နည်းနာလို ရှမ်ပိန် ချောင်းစီး ပေးရင်း လူထု တော်လှန်ရေး ကို သားလျှော စေခြင်း သဘောက သာ အဓိက ဖြစ်တယ်။

အရေးတော်ပုံကြီး ကို ထိုက်သလောက် ဂုဏ်ပြုခဲ့နိုင်၊ ခေတ်လူငယ်များကို သမိုင်း ဗဟုသုတ မျှပေးနိုင်ခဲ့တယ် ဆိုနိုင်သော်ငြားလည်း စစ်အုပ်စုလော်ဘီ များရဲ့ ပူးသတ်မှု ဒဏ် ပုံရိပ်တွေလည်း အများအပြား တွေ့ခဲ့ရတယ်။  စစ်အုပ်စုရဲ့ တကယ့် အတွင်း သဘောမှာလည်း ရှစ်လေးလုံး နဲ့ ပတ်သက်သမျှ ရန်သူလို သဘောထား ဆက်ဆံ နေဆဲပါပဲ။

အခု လတ်တလော ဖြစ်ခဲ့တဲ့ ကိစ္စ တခုကို ပဲ ဥပမာ ကြည့်ပါ။  ရှစ်လေးလုံး မှာ တက်ကြွခဲ့တဲ့ ကျောင်းသား ဟောင်း တယောက် အခု အမေရိကန် နိုင်ငံသား ဘဝ နဲ့ ဗမာပြည်ကို လူမှုရေး လုပ်ငန်းသက်သက် နိုင်ငံရေး အလုပ် ဘာ ပယောဂ မှ မပါ အခမဲ့ အင်္ဂလိပ် စာ သင်ပေး ပညာဒါန ပြုဖို့ ပြန်လာတာ အနှောင့်အယှက် မျိုးစုံ ကြုံခဲ့ရတယ်။  ဒီလို အသေးအဖွယ် ကိစ္စမျိုးက အစ လက်ရှိ စစ်တပိုင်း အစိုးရဟာ အရင် စစ်အစိုးရ အဆက်ဆက် အကျင့် အတိုင်း မပြောင်းလဲနိုင်သေးတာ အရာရာမှာ မျက်မြင်ပါ။

ဒီလို အနေအထားမှာ နီရူဒါ ရဲ့ “ပန်းခြံတွင်း၌ သေဆုံးရသူများ” ကဗျာ ရွတ် လမ်းမပေါ်က လူသတ်ပွဲများအတွက် အမိန့်ပေး ကျူးလွန်ခဲ့သူများကို ပြစ်ဒဏ်ပေးနိုင်ဖို့ ပြည်သူများက မမျှော်မှန်းပါဘူး။  အတိတ်က အပြစ်တွေ ကို ပြည်ဖုံးကား ချ တခန်းရပ် ဖို့ရာ ခွင့်လွှတ်ရေး၊ သင်ပုန်းချေရေး၊ အမျိုးသား ရင်ကြားစေ့ရေး ကိုပဲ တောင်းဆိုနေကြတာပါ။  ဒါပေမယ့် ခံခဲ့ရသူများဘက်က ဒီလို ကျေအေးနိုင်ဖို့ရာ ပထမဆုံး ဖြစ်သင့်တဲ့ အလုပ်ကတော့ ကျူးလွန်ခဲ့သူများထဲက အဓိက တာဝန်ရှိသူ စစ်အုပ်စု အမွေခံ လက်ရှိ စစ်တပိုင်း အစိုးရ နဲ့ တပ်မတော် က သမိုင်း အမှားတွေ အတွက် ပြည်သူကို အရင် ဝန်ချ တောင်းပန်ရမှာပါ။  ဒါလည်း အခုအချိန်ထိ မဖြစ်သေးပါဘူး။

ဒီလို အစစ အရာရာ အခြေခံ အတွေးအခေါ်၊ အတွင်းသဘော မပြောင်းလဲသေးဘဲ ဖြစ်နေတဲ့ အရပ်သားအရေခြုံ အပေါ်ယံ ဝတ်ရုံပြောင်း စစ်မိုကရေစီ ခေတ် မှာ ကျနော်တို့ဟာ ရန်ကုန်မြို့က ကတ္တရာလမ်းတွေကိုခွာ၊ ဗမာပြည် အနှံ့ က မြေကြီးတွေကို တူးဆွ ရာဇဝင်ရုပ်ရေး၊ သမိုင်းစစ်တမ်းထုတ် သုတေသနလုပ် အာဏာရှင်ဆန့်ကျင်ရေး လူထု အရေးတော်ပုံတွေရဲ့ စစ်မှန်တဲ့ သဘော၊ တရားတွေကို မမေ့မလျော့ နှစ်စဉ် ဂုဏ်ပြု ဖော်ထုတ် နေဖို့ လိုပါတယ်။  ရဟန်း သံဃာ၊ ကျောင်းသား ၊ အလုပ်သမား၊ လယ်သမား လူထုအပေါင်း ရဲ့ မရိုင်းခဲ့တဲ့ သမိုင်းနောက်ခံနဲ့ တာဝန်ကျေ ခံထည် နီမြန်းတဲ့ ဂုဏ်ပုဒ်တွေကို နှစ်စဉ် ဖော်ကျူးနိုင်ဖို့ လိုပါတယ်။  ဒါမှသာ ကျဆုံးသွားခဲ့တဲ့ သူတွေကို လေးစားရာရောက်မယ်၊ အပြစ်ကျူးလွန်ခဲ့သူတွေလည်း နောင်တ ရ အမှားကို ဝန်ခံ၊ အမှန်ကို ပြင်ရင်း အပြုသဘော အနာဂတ်ကို လျှောက်လှမ်းနိုင်မှာပါ။

အနှစ်သာရ အပြည့် ရှိတဲ့ ၈၈၈၈ နှစ်ပတ်လည် တခုကို ဥပမာ ယူပြချင်ပါတယ်။  ၂၀၀၇ ရှစ်လေးလုံး (၁၉) နှစ်ပြည့် ခြောက်ထပ်ကြီး သာသနာ့ သိပံ္ပကျောင်းတိုက် နှစ်ပတ်လည် ပွဲ ပါ။  စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု အန္တရာယ် မျိုးစုံကြားကနေ ၈၈ မျိုးဆက် နဲ့ လူငယ်မျိုးဆက်သစ် ဆုံစည်း နိုင်ခဲ့တယ်။ သမိုင်း တန်ဖိုးရှိခဲ့တယ်။  အဲ့ဒီ ပွဲအပြီး ဖြစ်ပျက်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အပါအဝင် သမိုင်းဝင် ဖြစ်ရပ်တွေဟာ “ဆံပင်ရှည်ထား၊ ခေါင်းလောင်းဘောင်းဘီဝတ်၊ ဗီယက်နမ်စစ်ကိုဆန့်ကျင်တဲ့ မျိုးဆက်” ကနေ “ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ကြိုက်တတ်တဲ့ ဆံပင်နီကြောင်ကြောင် မျိုးဆက်” ကို စစ်မှန်တဲ့ တော်လှန်ရေး လက်ဆင့်ကမ်း အမွေပေးခဲ့မှုလို့ ဆိုနိုင်ပါတယ်။

“…နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ ရေ
ဒို့ နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
ဒို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ…။”

(ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) (၁၉၆၃ – ၂၀၁၁) ၏ ‘သူငယ်ချင်း အပျင်းပြေဖတ်ဖို့’ ကဗျာ မှ)

ဆံပင်ရှည်ထားရင်းနဲ့ တော်လှန်ခဲ့ရတဲ့ စနစ်ဆိုး ဟာ ကံမကောင်း၊ အကြောင်းမလှစွာနဲ့ Hip Hop သီချင်းဆို ဆံပင် ထောင်၊ နီကြောင်ကြောင် အရောင်ဆိုးကြတဲ့ ခေတ်အထိ သက်ဆိုးရှည်ခဲ့ရတယ်။  ဒီလိုနဲ့ စကားပြောရင် သီချင်းဆိုသလို ပြောပြီး သီချင်းဆိုရင် စကားပြောသလို ဆိုတတ်တဲ့ လူကြီးဆိုသူများ မျက်စိစပါးမွှေးစူးစရာ မျိုးဆက်ရဲ့ ဘောင်းဘီ စကောစက၊ စကတ်တို၊ ဆံပင်ထောင်၊ ဆံပင်ဆိုး လူငယ်လေးတွေဟာ ကျလာတဲ့ သမိုင်းပေး တာဝန်ကို ထမ်းရင်း လမ်းပေါ်ထွက်ကာ စနစ်ဆိုးကို တော်လှန်ခဲ့ကြတယ်။  ရွှေဝါရောင်လူထုလှုပ်ရှားမှုကြီးရဲ့ ဦးဆောင် သံဃာတွေကို ဝန်းရံ အာဏာရှင်ကို ဆန့်ကျင်ခဲ့ရပြန်တယ်။

တနည်းအားဖြင့် ၈၈ မျိုးဆက် ကနေ ၂၀၀၇ မျိုးဆက် ကို ပြောင်း ခေတ်ဝန်ကို ဆက်ထမ်း ခေတ်လမ်းကို ဆက်လျှောက်ခဲ့ကြရတယ်။  ဒီ အချက်ဟာ အခု မြင်နေရတဲ့ ဗမာ့ ဒီမိုကရစီ အပြာင်းအလဲလို့ အကောင်းမြင် ဆိုနေကြရတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ လက်ငင်းအကြောင်းကြီး တခုလည်း ဖြစ်တယ်။

ဒီလို ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၂၀၀၇ မျိုးဆက် အဆက်ဆက်ဟာ အနာဂတ် မျိုးဆက်သစ် အတွက် သမိုင်းအမွေကောင်း အဖြစ် တိုင်းပြည်မှာ “တရားမျှတမှု၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး” ဒီမိုကရေစီ တရားတွေ ထွန်းကား၊ စည်ပင်၊ ရှင်သန်စေဖို့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကြိုးစားခဲ့ကြတယ်။  အဆုံးတိုင် အောင်မြင်မှုတော့ အခုအထိ မရသေးပါဘူး။

ဒါပေမယ့် ဒီလို မျိုးဆက်ဟောင်းတွေ အဆက်ဆက် ပေးခဲ့တဲ့ သမိုင်းအသိ၊ သမိုင်းအမွေ၊ သမိုင်းမှတ်တိုင် စစ်အာဏာရှင်စနစ်ဆိုး ကို မဆုတ်မနစ် ဆန့်ကျင်မှု နဲ့ ရပ်တည်ချက် ခိုင်မာမှုဟာ ခေတ်အဆက်ဆက် က မျိုးဆက်သစ်တိုင်း အတွက် အတုယူစရာ၊ အမွေခံချင်စရာ “စိတ်ဓာတ်လက်ဆင့်ကမ်းမှု” ကောင်းတခု ဖြစ်ခဲ့ရတယ်။  ဒီလို ပုခုံးပြောင်း တာဝန်ယူလိုမှု ဖြစ်ပေါ်လာခြင်းဟာ ခေတ်က တောင်းဆိုလို့၊ လိုအပ်လို့ ဆိုတာ အပြင် နောင်တော် မျိုးဆက်ဟောင်းတွေရဲ့ အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ် ခိုင်မာမှု ကို ကြည်ညို၊ လေးစား၊ အားကျ၊ အတုယူမှု ဆိုတဲ့ အချက်ကလည်း အဓိက ကျတယ်။

“အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ်” မှန်ကန်၊ ခိုင်မာမှု ရှိခြင်း ဟာ မျိုးဆက်တိုင်းအတွက် “အသက်” ပါ။

ကမ္ဘာ့ နိုင်ငံ အသီးသီးက ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုတွေ၊  အာဏာရှင် စနစ် ဆန့်ကျင်ရေးတွေကို ကြည့်ရင် “ခေတ်ပညာတတ် ကျောင်းသားလူငယ်များ” ဆိုတဲ့ အခန်းကဏ္ဍ ဟာ အမြဲ အရေးပါခဲ့သလို သူတို့ဟာ အများအားဖြင့် ရပ်တည်ချက်လည်း မှန်ခဲ့တယ်။  ဗမာ့ သမိုင်းကို ပြန်ကြည့်ပါ။

ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေးခေတ် ဒိုင်အာခီ၊ ၉၁ ဌာန နဲ့ လူကြီး နိုင်ငံရေး သမား များ ငြင်းခုံ ကောင်းပြီး ငါးထောင်စားနေချိန်၊ တွဲရေးလား၊ ခွဲရေးလား နဲ့ “ကျွန်” နဲ့ “ဒါသ” အတူတူချည်းပဲကို အရေးလုပ် “ဗျာ” များနေချိန် မှာ သူခိုးကြီး ငတက်ပြား စကားလုံး “လှံနဲ့ ထိုးသတ်တာလည်း မကြိုက်၊ သံလျက်နဲ့ ခုတ်သတ်တာလည်း မကြိုက်၊ သတိုးမင်းဖျား ဘေးက မိဖုရားခေါင်ကြီး စောဥမ္မာ ကိုသာ ကြိုက်တယ်” ဆိုတဲ့ သဘော အတိုင်း “လုံးဝ လွတ်လပ်ရေး” လမ်းကြောင်းကို ရဲရဲဝံ့ဝံ့ နဲ့ တောင်းဆိုခဲ့တဲ့ သခင်ဘသောင်း လမ်းစဉ် ကို ယုံယုံကြည်ကြည် လိုက်ခဲ့၊ တကယ် အကောင်ထည် ဖော် ခဲ့တာဟာ သခင်နု၊ သခင်ဘဟိန်း၊ သခင်အောင်ဆန်း အစရှိတဲ့ အဲဒီခေတ် ကျောင်းသား လူငယ်မျိုးဆက် ဖြစ်တယ်။

၁၉၆၂ ဆိုရှယ်လစ် (အမည်ခံ) ခေတ်ပြောင်းတော်လှန်ရေးကြီး ပုံဖျက် စစ်အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်ကို လူကြီး နိုင်ငံရေး သမား ဝါရင့် များ အငိုက်မိသွားချိန်၊ တချို့ “ခွေးကတက်” က လိုက်ဖို့ ပြင်ဆင်ချိန်၊ တချို့ “ပေါင်းစားဖို့” ကြံစည်နေချိန်မှာ ရဲရဲဝံ့ဝံ့ စတင် ဆန့်ကျင်၊ ကန့်ကွက် ခဲ့တာကလည်း ကိုသက်၊ ကိုဗဆွေလေး အစရှိတဲ့ ဗကသ၊ တကသ ကျောင်းသားလူငယ် မျိုးဆက်ပဲ ဖြစ်တယ်။

ဒီလို ရပ်တည်ချက် မှန်ခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်း ဆိုတာတွေ ဟာ ခေတ်အဆက်ဆက် အတွက် ပုခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူ စေဖို့ ဖြစ်စေတဲ့ “ကောင်းမွေ” တွေ ဖြစ်တယ်။  ဒါဟာ တော်လှန်ရေး ရည်မှန်းချက် အပြီးပြတ် မအောင်မြင် ခဲ့စေဦး စံနမူနာပြု အတုယူ အမွေခံထိုက်တဲ့ အချက် ဖြစ်တယ်။

ပြင်သစ်တော်လှန်ရေးကြီးဟာ အာဏာရှင် ဧကရာဇ် တပါးကို မွေးဖွားပေးခဲ့တာ မှန်ပေမယ့် တော်လှန်ရေးကြီးရဲ့ အခြေခံ အနှစ်သာရ “လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ညီအကိုရင်းပမာ သွေးစည်းညီညွတ်မှု ရှိခြင်း” ဆိုတဲ့ အတွင်း အသား သဘာ ဟာ ခေတ်အဆက် ဆက် ကမ္ဘာ့ အနှံ့အပြား က တော်လှန်ရေးတွေကို အကျိုး သက်ရောက်စေခဲ့တယ်။

ဒီ သဘောပဲ အတွင်း သဘော မှန်ကန်၊ ရပ်တည်ချက် မှန်ကန်တဲ့ ဗမာ့သမိုင်းက ခေတ်အဆက်ဆက် အရေးတော်ပုံတွေဟာလည်း နောင် အနာဂတ် မျိုးဆက်အတွက် စံ မူစရာ သမိုင်း အမွေ တွေ ဖြစ်တယ်။  ဒီသဘောကို သိမြင်ခြင်းဟာ ဗမာ့ သမိုင်း သွေးစွန်းမှုတွေ၊ တော်လှန်ရေး မှတ်တိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ မပြောင်းလဲတဲ့ ရက်စက်၊ ယုတ်မာ၊ ရိုင်းစိုင်း ခဲ့မှု တွေကို ပြန်လည် ဖော်ထုတ်ရင်း ကျဆုံးခဲ့သူ၊ ပါဝင်ခဲ့သူ နောင်တော်တွေကို ဂုဏ်ပြု အမှတ်တရ နှစ်ပတ်လည် လုပ်နေရခြင်း ရဲ့ အဓိက အနှစ်သာရပါ။

အတွင်း သဘော မပါ၊ အနှစ်သာရ ကင်းမဲ့၊ ရပ်တည်ချက် မမှန် ဖောက်ပြန်၊ စိတ်ဓာတ် ပျက်ပြား မှောက်မှား ဝေဝါး သူ (သို့မဟုတ်) သမိုင်းဖြစ်စဉ် တွေကို နှစ်ပတ်လည် လုပ်လေ့ မရှိပါ။  အမှတ်တရ မပြုကြပါ။  အကြောင်းက သမိုင်းတာဝန် ပုခုံးပြောင်း လက်ဆင့်ကမ်း အမွေခံထိုက်မှု ဆိုတဲ့ အနှစ်သာရ သဘော မရှိလို့ ဖြစ်တယ်။

ဒါကြောင့် လက်ရှိခေတ်လို သွေးစွန်းမှုသမိုင်းတွေ အတွက် တာဝန်မခံကြသေးတဲ့၊ ဖိနှိပ်ရက်စက်မှုများ လည်း သရဖူဆောင်းဆဲဖြစ်တဲ့ “ခွေးတူဝက်တူ ဒီမိုကရေစီ” အတုအယောင် အပြောင်းအလဲ ခေတ်ကြီးမှာ ရှစ်လေးလုံးလို အမှတ်တရလုပ်၊ ဂုဏ်ပြု သင့်တာကို နှစ်ပတ်လည် လုပ် အမှတ်တရပြုကြပြီ ဆိုရင် အတွင်း အနှစ်သဘော အတုအယောင် မဟုတ်တဲ့၊ မှတ်ကျောက်တင် ခံနိုင်တဲ့ စစ်မှန်မှု၊ ရပ်တည်ချက် မှန်ကန်မှု၊ မဖောက်ပြန်မှု၊ စိတ်ဓာတ် ခိုင်မာမှု တို့ကို အဓိက ဖော်ထုတ်ကာ လက်ရှိမျိုးဆက် နဲ့ နောင်လာ နောင်သားများ ကို အတုယူ အားကျ အမွေခံ စေရမှာပါ။

ပွဲကြီး၊ လမ်းကြီး၊ အခမ်းအနားကြီးတွေ မလို၊ လူပုဂ္ဂိုလ် ကိုးကွယ်မှု၊ ချီးကျူးမှု တွေ အဓိက မကျ၊ စစ်မှန်တဲ့ ၈၈ တော်လှန်ရေး စိတ်ဓာတ် တရားကိုသာ ဖော်ထုတ် “သမိုင်းလက်ဆင့်ကမ်း” ကြပါ။  ဒါမှသာ  ပြည်သူ့ဒီမိုကရေစီ ခရီးကြမ်းလမ်း အဆုံးတိုင် ပန်းတိုင် အရောက် ဗမာပြည် ချီတက်နိုင်မှာပါ။

နိဂုံးချုပ်ရရင် နှစ်တွေဟာ ရူးသလို၊ ပေါသလို နဲ့ ကုန်သွားဦးမှာပါ။  ကျနော်တို့ရဲ့ နောင်တခေတ် ဆံပင် ဘာအရောင်ဖြစ်မယ်မှန်း မသိတဲ့ မျိုးဆက်သစ် အတွက် လက်ဆင့်ကမ်း သမိုင်းအမွေ အဖြစ် ခိုင်မာတဲ့ စိတ်ဓာတ်၊  မှန်ကန်တဲ့ ရပ်တည်ချက်၊ စစ်အာဏာရှင် စနစ်ဆိုး ဆန့်ကျင် ရေး အသိတွေ ဖော်ထုတ်ဖို့၊ ထားခဲ့နိုင်ဖို့ မဖြစ်မနေ လိုနေဆဲဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
၀၆ ၊ သြဂုတ် ၊ ၂၀၁၄
(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com ထံ စာရေး ဆက်သွယ်နိုင်သည်။)

The Ladies News Journal: အတွဲ (၂)၊ အမှတ် (၂၅)၊ ၀၈ သြဂုတ်လ ၂၀၁၄ ထုတ် တွင် ပုံနှိပ် ဖော်ပြခဲ့ပြီး ဖြစ်သည်။  မိုးမခ တွင် အွန်လိုင်း ထပ်မံ ပုံနှိပ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts