Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) နာဂါဆာဂီကို အဏုမြူဗုံး ကြဲချတဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ငြိမ်းချမ်းရေးကို သီဆိုခဲ့တဲ့ အဆိုတော် ခိုင်ထူးရဲ့ ၃၄ …. ခိုင်ထူး

 

ရန်နောင်(ဗိုလ်တထောင်) နာဂါဆာဂီကို အဏုမြူဗုံး ကြဲချတဲ့ နှစ်ပတ်လည်နေ့ မှာ စစ်နဲ့ငြိမ်းချမ်းရေးကို သီဆိုခဲ့တဲ့ အဆိုတော် ခိုင်ထူးရဲ့  ၃၄ …. ခိုင်ထူး
သြဂုတ် ၁၂၊ ၂၀၁၄

စတီရီယို တေးဂီတလောကတွင် နှစ်ပေါင်း သုံးဆယ့်လေးနှစ်ကြာရပ်တည်ခဲ့သော တခေတ်တခါက လူငယ်ထုအကြိုက် တေးရေး၊တေးဆို ခိုင်ထူး ၏တစ်ကိုယ်တော် ဖျော်ဖြေပွဲကို   ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံကြီးတွင် သြဂုတ်လ (၉)ရက်နေ့ ည(၇) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သြဂုတ်လ၏ မိုးရေစက်တွေထဲမှ အဆိုတော်ကြီးခိုင်ထူးအား လာရောက်ကြည့်ရှုကြသူများမှာ သက်လတ်ပိုင်းလူကြီးအများအပြားဖြစ်သည်။ သူဆိုနေကျ ပင်တိုင်တီးဝိုင်းသဖွယ်ဖြစ်သော The Aces , Aurora တီးဝိုင်းများဖြင့် တခေတ်တခါက ပရိတ်သတ်ရင်ထဲငြိခဲ့သော သီချင်းများကို သီဆိုဖျော်ဖြေပေးခဲ့သည်။

ဖျော်ဖြေမှု အစီအစဉ်စတင်သောအခါ ခိုင်ထူး မှ ပရိတ်သတ်အားဆုတောင်းမေတ္တာပို့သရင်း လက်အုပ်ချီဂါရဝပြု နှုတ်ဆက်သည်။ ထို့နောက် တေးမြုံငှက်၊ အဉ္ဇလီ၊ ရွှေလသာမှ၊ ဘိုမ၊ စပျစ်ရည်ချိုနောက်ကမေ့မျက်ရည်၊ စစ်ကိုင်းလမ်း၊ဆို၊ နှင်းဝေတဲ့ဆောင်း၊နှင်းသက်သက်ဝေ၊ အစောဆုံးပြန်ခဲ့ ၊နေရာဟောင်း၊ သိလား၊ မကျေနပ်ဘူး၊ ၊မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး၊ ခတ္တာ၊တရံတခါဆီ၊ကြယ်ကြွေချိန်ညလေးတစ်ည၊ သီချင်းတစ်ပုဒ် ပန်းတဆုပ်၊ ရွှေလည်တိုင်၊ ငါသည်မြတ်သောအကျင့်ကိုကျင့်၍ အမှန်တရား၌ နေ၏ ၊ အဝေးဆုံး၊ ဖိုးသာထူး၊ ဆိုင်သူကိုယ်စီနဲ့မို့၊ အားလုံးကိုကျော်ဖြတ်ရမယ်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ၈၃×၂၆ ၇၁လမ်းကြား စသော တေးသီချင်းများကို သူ့စတိုင်အတိုင်း ဂစ်တာကို ဟန်ပါပါတီးခတ်ကာ မာန်အပြည့်ဖြင့်သီဆိုဖျော်ဖြေပေးခဲ့သည်။

 

တေးသီချင်းများသီဆိုနေစဉ်တွင် သူ့အားချစ်ခင်သော ပရိတ်သတ်မှ ဆုငွေများ၊ပန်းကုံးများ၊ပန်းစည်းများ တက်ရောက်၍ ပေးအပ်မှုများစွာပြုလုပ်ခဲ့ကြသည်။

အဆိုတော် ခိုင်ထူး ၏တစ်ကိုယ်တော်ဖျော်ဖြေမှုတွင် သူ့အားချစ်ခင်သူ တစ်ဦးဖြစ်သော တေးရေး၊တေးဆို ဂျေမောင်မောင် မှလည်း မန္တလေးမှာရှိနေမယ်၊မန္တလေးညများ သီချင်းနှစ်ပုဒ်ဖြင့် ဝင်ရောက်အားဖြည့် သီဆိုပေးခဲ့သည်။

 

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အဆိုတော်ခိုင်ထူးမှ လိုရင်အကုန်လုံးယူ၊ ဒို့လာတယ်၊ တချို့တွေနေနိုင်လွန်းတယ်၊ သီချင်းများကို သီဆိုပြီး ပွဲကိုသိမ်းခဲ့သော်လည်း ပရိတ်သတ်၏ တောင်းဆိုမှုအရ တေးရေး ကိုနေဝင်းရေးစပ်သီကုံးသော အခါမတိုင်တဲ့မိုး၊ ကြွေမယ့်မိုး သီချင်းနှစ်ပုဒ်ဖြင့် ထပ်မံသီဆိုဖျော်ဖြေပေးခဲ့သည်။

အဆိုတော် ခိုင်ထူး မှ ပရိတ်သတ်အား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုလိုပြောဆိုခဲ့သည်။

“ကျွန်တော်ဒီပွဲကို သီဆိုဖို့ ဖုန်းတောင်မပြောပါဘူး၊မိန်းမနဲ့တောင် စကားမပြောပဲနဲ့ အသံတွေ မွေးထားတာပါ။ ဒါတွေက ပရိတ်သတ်ကြီးအတွက် ပါ …” ဆိုကာ သီချင်းအပုဒ် လေးဆယ် နီးပါးခန့်ကိုဆိုသွားခဲ့သည်။

တကျောင်းတည်းထွက် အနုပညာရှင်များ – ပက်ထရစ်၊ ခိုင်ထူး၊ စင်ယော်မောင်မောင်

အဆိုတော် ခိုင်ထူး ၏ သီချင်းများသည် တခေတ်တခါက လူငယ်ထုရင်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့သော သီချင်းများဖြစ်သဖြင့် ယခုအချိန် လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်သော အရွယ်များအတွက် ရင်ကိုထိမှန်စေသော တေးသီချင်းများဖြစ်ခဲ့သည်။

နေ့ရက် အချိန်လေးတွေ ပြောင်းပေမဲ့၊ နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် …သိလား အစချီသော သိလားသီချင်း သီဆိုပြီးသောအခါ ဒီသီချင်းက ရည်းစားဘဝမှာဆိုလို့ကောင်းတဲ့သီချင်းပေါ့၊ အိမ်ထောင်သည်ဖြစ်သွားတဲ့ အခါကျတော့ ဗျာဟုဆိုကာ မကျေနပ်ဘူး သီချင်းကိုသီဆိုခဲ့ပုံလေးမှာလည်း ပရိတ်သတ်ရင်ထဲစွဲငြိစရာဖြစ်ခဲ့သည်။

ထပ်မံ၍ စွဲငြိစရာ သီဆိုပြမှုကတော့ စစ်နဲ့ငြိမ်းချမ်းရေး သီချင်းဖြစ်သည်။ ကျွန်တော် ဒီနေ့ကို ပွဲလုပ်ဖို့ရွေးကတည်းကိုက သြဂုတ်လ (၆)ရက်နေ့ မှာဟီရိုရှီးမားကို အဏုမြူဗုံးချတဲ့နေ့၊ ဒီနေ့ သြဂုတ်လ (၉)ရက်နေ့မှာတော့ နာကါဆာဂီကို အဏုမြူဗုံးချတဲ့နေ့ ပေါ့ ။ဒါလေးကို အမှတ်တရဖြစ်စေချင်လို့ ဒီသီချင်းကို ဆိုတာပါဟုလည်းဖွင့်ပြောခဲ့သည်။သီဆိုနေစဉ် အတွင်း စစ်၏ အနိဋ္ဌာရုံများကို နောက်ခံ စလိုက်ရှိုးဖြင့် ပြသခဲ့သည်။

ကိုယ်တို့ကအိမ်က တီဗီမှာ ကြည့်ရတာ အားမရခဲ့ဘူး။အဲဒါကြောင့် ဒီကို လာပြီးတကူးတက ကြိုက်လွန်းလို့ လာကြည့်တာပါ။ သူ့သီချင်းတွေနဲ့ အခုကိုယ့်ဘေးက ကိုယ့်အမျိုးသမီးကို ပိုးခဲ့ရတာပေါ့ကွာ ဟု ပွဲလာကြည့်သူ လူကြီးတစ်ဦးမှ အမှတ်တရစကားပြောပြပါသည်။

 

သူ့ဘေးမှ ဦးလေးကြီးတစ်ဦးမှလည်း ဒီနေ့ပွဲက ငယ်ငယ်တုန်းက စတိတ်ရှိုးကြည်ရတဲ့ အရသာကို ပြန်ခံစားမိတယ်ကွ၊ တရုံလုံး မှာမျက်နှာသိတွေချည်းပဲဖြစ်နေတော့လေ ဟုလည်းဝင်ရောက်ပြောဆိုခဲ့သည်။

အရင်ခေတ်အဆိုတော် ခိုင်ထူးကို နားမထောင်ဘူးသော လူငယ်ပရိတ်သတ် များ အတွက် ရိုးအီနိုင်သော သီချင်းများဟု ထင်နိုင်ဖွယ်ရှိသော်လည်း လူကြီးပရိတ်သတ်များ အတွက် ငယ်မူငယ်သွေးကြွစေသော သီချင်းများဖြစ်သဖြင့် ထိုင်ခုံမှထကာ ကခုန်နေသော လူကြီးများကိုလည်း တွေ့မြင်ရသည်မှာ ခိုင်ထူး၏ ပရိတ်သတ်အင်အားမသေးကြောင်းကိုလည်းတွေ့မြင်ခဲ့ရသည်။

ယခုခေတ်အဆိုတော်များလို ပရိတ်သတ်ဆီမှ လက်ခုပ်သံတောင်းခံခြင်း မရှိပဲ သီချင်းအစတီးလုံး တီးရုံဖြင့် လက်ခုပ်သံတဖြောင်းဖြောင်းထနေအောင် အတီးခံရသော အဆိုတော်ကြီးဖြစ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

“ကျွန်တော်ဒီနေ့ညမှာ မဆိုဖြစ်လိုက်တဲ့ သီချင်းတွေရှိပါတယ်။ မိုးရဲရင်ဆောင်းရဲရမယ်၊ မိုးကျော်စသဖြင့်ပေါ့ ၊ဒါတွေကို နောက်တခါ ဆိုဖြစ်ခဲ့ရင်ထည့်ဆိုပေးပါမယ် …” ဟုလည်း ပရိသတ်အားတောင်းပန်စကားဆိုခဲ့သေးသည်။

ထိုနေ့ည ဖျော်ဖြေမှုတွင် Aces နှင့် Aurora တွဲဖက်ဖျော်ဖြေခဲ့ပြီး လိဒ် ပက်ထရစ်၊

  ဘေ့စ် ဆလိုင်းဇာလျန်း

မြတ်မိုး၊

ကီးဘုတ် ကျော်မင်းနိုင်၊အောင်လင်းထွဋ် ၊ဒရမ် အော်စကာသန်းတင်၊

စိုင်းသာဌေး တို့ မှ တီးခတ်ပေးခဲ့ကြသည်။

၃၄…ခိုင်ထူးပွဲကို ဦးပီးပေါ်မှစီစဉ်ပြီး ရုံဝင်ကြေးမှာ နှစ်သောင်း၊ တသောင်းခွဲ၊ တသောင်း၊ ခုနစ်ထောင်ကျပ် ဖြစ်သည်။ခိုင်ထူး၏ အမာခံပရိတ်သတ် အင်အားအပြည့်ရှိကြောင်းလည်း တွေ့မြင်ခဲ့ရသော ပွဲကြီးတစ်ပွဲဖြစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts