ကဗျာ

လင်းနွေးအိမ် – နှစ်ဆယ့်ခြောက် နှစ်လီ ငါးဆယ့်နှစ်

လင်းနွေးအိမ် – နှစ်ဆယ့်ခြောက် နှစ်လီ ငါးဆယ့်နှစ်

သြဂုတ် ၉၊ ၂၀၁၄

။၁။

ပထမနှစ်ဆယ့်ခြောက်နှစ်။

ဒီခေတ်မှာ

အညွန့် တလူလူနဲ့  လူမဖြစ်ခဲ့ကြပေမယ့်

အငွေ့ တလူလူနဲ့ တော့ ပူချစ်ခဲ့ရ။

ကယ်တင်ရှင်တွေ ပဒုမ္မာဆိုင်က ပေါ်ဆန်းမွှေးတွေရကြပြီး

အကယ်ခံရသူတွေက သမဆိုင်က ငစိန်ဆန်ရကြတယ်။

သိက္ခာတော်ရဂုဏ်သရေရှိလူကြီးမင်းတွေ ၉၂၉ ကားနဲ့ ရုံးတက်နေတဲ့အချိန်မှာ

လူ့ ဆင်းရဲ ငမွဲတွေက စစ်ကျန်ဘပ်စ်ကားတွေမှာ တိုးဝှေ့ ပြေးတက်နေရတယ်။

ပြည်ပရန်ကာကွယ်ပေးထားသူက အင်္ဂလန်သွားဆေးကုရပြီး

အကာကွယ်ခံထားရသူတွေက လူမှုဝန်ထမ်းဆေးခန်းမှာ ဘာစပရိုတပြားအတွက် တန်းစီစောင့်ဆိုင်းခဲ့ရတယ်။

ဗဟိုကော်မတီတွေရဲ့သားသမီးတွေဂုဏ်ထူးတွေတသီတတန်းနဲ့ ဆယ်တန်းအောင်ခွင့်ရချိန်မှာ

ဆိုရှယ်လစ်စနစ်အောင်ရမည်လို့  တရက်တဆယ်နဲ့ လိုက်အော်သူရဲ့သားသမီးက ကျောင်းကထွက်လိုက်ရတယ်။

အဲဒီအပူတွေစုရုံးသွားတဲ့အခါ

တောင်ဥက္ကလာ နယ်ထိမ်းကြာညွန့် ဖြစ်ရပ်က ပြရုဂ်တခုဖြစ်ခဲ့တယ်။

။၂။

ဒုတိယနှစ်ဆယ့်ခြောက်နှစ်။

ဌါနဆိုင်ရာတွေကိုယ့်ဝင်ငွေကိုယ်ရှာကြလို့ မူဝါဒချမှတ်လိုက်တဲ့အခါ

လယ်သမားတွေယာပျောက်ပြီး

လယ်သမားသားသမီးတွေ လူတန်းစားလက္ခဏာပြောင်း

ရွှေ့ ပြောင်းအလုပ်သမားဖြစ်ရတယ်။

ဆိုရှယ်လစ်စီးပွါးရေးစနစ်ကနေ ဈေးကွက်စီးပွါးရေးစနစ်ဆီတံခါးဖွင့်လိုက်တဲ့အခါ

အစွန်းထွက်တန်ဖိုးကြေညက်ထားတဲ့ ခရိုနီတွေက

တံခါးထဲကနေဖွင့်ထွက်သွားကြတယ်။

ပထမနှစ်ဆယ့်ခြောက်နှစ်မှာ ငစိန်ဆန်စားခဲ့ရသူတွေက

ဒုတိယနှစ်ဆယ့်ခြောက်နှစ်မှာ ထမင်းရည်သောက်ခဲ့ကြရတယ်။

သစ်တပင်ခုတ်မိသူအချုပ်သုံးလကျချိန်မှာ

တတောလုံးခုတ်မိသူကနိုင်ငံ့သားကောင်းဖြစ်သွားတယ်။

လမ်းတံတားတွေခင်းပေးခဲ့တယ်လို့ ပြောဆိုနေသူက လမ်းဖွင့်ပွဲဖဲကြိုးဖြတ်လိုက်တဲ့အခါ

ပြတ်ကျသွားတာက တအိမ်တယောက် ကျင်းတကျင်း ပေါက်ခဲ့ရတဲ့ဘဝတွေဖြစ်နေတယ်။

ဒီခေတ်မှာ

အညွန့် တလူလူနဲ့  လူမဖြစ်ခဲ့ကြပေမယ့်

အငွေ့ တလူလူနဲ့ ပူချစ်ခဲ့ရ။

အဲဒီအပူတွေစုရုံးမိတဲ့အခါ။                ။

(၈၊၈၊၂၀၁၄)

Photo – 8th August 2014, Yangon. Yan Naung (Botahtaung)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts