ရသဆောင်းပါးစုံ

သီရိညွန့် (ABSDF) – ၀တ်မှုန်လေးရဲ့ သခင် (သို့မဟုတ်) တော်လှန်သူ မိုးလုံးမှိုင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သီရိညွန့် (ABSDF) – ၀တ်မှုန်လေးရဲ့ သခင် (သို့မဟုတ်) တော်လှန်သူ မိုးလုံးမှိုင်း
သြဂုတ် ၈၊ ၂၀၁၄
 ဓာတ်ပုံ အညွှန်း – စာရေးသူ သီရိညွန့်နှင့် ကိုမွန်းအောင်၊ ၁၉၉၁ ခုနှစ် ABSDF ဗဟိုကော်မတီ ဌာနချူပ်တည်ရှိရာ မာနယ်ပလော၊ လောခွါး လူတောင်ကုန်းမှာ အမှတ်တရ။


♫ ♪ ♫ ♪…
” ပန်းကလေးက.. ပြောလိုက်တယ်..
လောကရဲ့.. အလှအပဟာ..
တို့.. ပွင့်မှ.. ပြည့်စုံတာတဲ့..ပန်းချစ်သူ.. ပျားက.. ပြုံးတယ်..
တောက်ပတဲ့.. အဆင်းလည်း.. ရှိမယ်..
လိုက်ဖက်မယ့်.. မွှေးရနံ့နဲ့.. ဆို..
ဝတ်မှုန်ရယ်.. နင်နဲ့.. နှိုင်းရင်.. ရှုံးကြမှာပဲ..

ရင်ထဲ.. ရှိရှိသမျှ.. ပြောပြရရင်..
တကယ်.. လှတယ်..
မြင်သူတကာ.. ငေး. ငေး.. လောက်အောင်..လှရက်လို့..
ချူလိုသူတွေ.. လက်ထဲမှာ..
အလှမပျက်အောင်.. ဆုတောင်းတယ်..
ပန်းကလေးရယ်..
သင်းပျံ့ကာ.. အမြဲ.. မွှေးစေချင်တယ်..”
♫ ♪ ♫ ♪…


ဤသီချင်းလေးကိုကြားဖူးသူတိုင်း နှစ်ခြိုက်ကြလိမ့်မည်ဆိုတာ ကျနော် အပြည့်အ၀ ယုံကြည်ပါသည်။

တကယ်ကိုကောင်းတဲ့ သီချင်းလေးပါ။

တေးရေးကိုမောင်မောင် (ကွယ်လွန်သူ တေးရေးဆရာ အဉ္ဇလီ မောင်မောင်) ရဲ့ကိုယ်ပိုင်သံစဉ် သီချင်းလေးပါ။
.
ဒီသီချင်းလေးကို ကနဦး မူရင်းသီဆိုသူတေးသံရှင်ကတော့…..
.
၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်ခဲ့တဲ့၊ လူထုအုံကြွမှုကာလ၊  န၀တ စစ်တပ်မှ လက်နက်မဲ့ ပြည်သူများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွင်းခဲ့ပြီးသည့်နောက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲမှပဲ ရတော့မည် ဆိုတာကို ယုံကြည်ခဲ့ကြပြီး မြန်မာပြည်နယ်စပ် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ရှိရာသို့ ထွက်ခွာလာခဲ့ကြသော လူငယ်ကျောင်းသား ထောင်ပေါင်း များစွာထဲမှ တဦးဖြစ်သည့် တေးသံရှင် ကိုမွန်းအောင်ပါ။
.
တေးသံရှင် ထူးအိမ်သင်နှင့်အတူ ဘုရားသုံးဆူဒေသသို့ရောက်ရှိလာခဲ့သော ကိုမွန်းအောင်သည် ABSDF ကျောင်းသားတပ်ရင်းများ ဖွဲ့စည်းတည်ထောင်ကြသည့်အခါ၊ ဘုရားသုံးဆူဒေသရှိ တပ်ရင်း (၂)ခု၊ ABSDF တပ်ရင်း (၁၀၁)နှင့်(၁၀၂) တို့ထဲမှ ကျနော်တို့ တပ်ရင်း (၁၀၂)၏ တပ်ဖွဲ့ဝင်တဦး ဖြစ်လာခဲ့သည်။

လက်နက်ကိုင် တော်လှန်ရေးကို ယုံကြည်ခဲ့သော ကိုမွန်းအောင်သည် အပြောသမားသက်သက် မဟုတ်။  ဘုရားသုံးဆူတိုက်ပွဲနှင့် ရေးမြို့သိမ်းတိုက်ပွဲများတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တဦး။

စကားနည်းပြီး တည်ငြိမ်အေးဆေးသောကိုမွန်းအောင်ကို ကျနော်ခင်မင်လေးစားမိသည်။

ကျနော်သာမဟုတ်၊ ကျောင်းသားအားလုံးလိုလို သူ့ကို ချစ်ခင်လေးစားကြသည်။

ကိုမွန်းအောင်နှင့်ကျနော် တောတွင်းရောက်ကြမှ စတင်သိကျွမ်းခဲ့တာမဟုတ်။  သူအဆိုတော် ဖြစ်မလာ သေးခင်၊ သူ၏ပထမဦးဆုံးသီချင်းများ ထုတ်ဝေဖြန့်ချိဖို့ ကြိုးစားနေစဉ် ကာလကတည်းက သူနှင့်ကျနော် စတင်သိရှိခဲ့ကြပါသည်။

၁၉၈၃ – ၈၄  ၀န်းကျင်။

ရန်ကုန်မြို့ ၊ ဘားလမ်းအထက်ရှိ၊ ပန်းချီဆရာ ကိုလူမင်း၏ နေအိမ်တိုက်ခန်းတွင် ကျနော် ကိုမွန်းအောင်ကို စတင်သိရှိခဲ့ရသည်။

ထိုအချိန်က ကိုမွန်းအောင် သူ့ပထမဦးဆုံး သီချင်းခွေကို မေ စတူဒီယိုမှာ အသံသွင်း ယူလာပြီး ကာစ ဖြန့်ချိဖို့ ကိစ္စတွေအတွက် ဘားလမ်းရှိ KISS တေးသံသွင်းဆိုင်မှ ကိုလှမြင့်နှင့် လာရောက်တိုင်ပင်နေစဉ်ကာလ။

ပန်းချီဆရာ ကိုလူမင်း ဆိုတာက ကျနော့် အကိုကြီး အရင်းလို ချစ်ခင်ရသော၊ ကျနော့် သီချင်းခွေ အားလုံးလိုလို ကို မျက်နှာဖုံး ဒီဇိုင်းဆွဲ၊ ကာလာခွဲ လုပ်ပေးခဲ့သောသူ။

ကိုလှမြင့်၊ ကိုလူမင်း၊ ဂီတာ ဥယျာဉ် ကိုစိုးသိန်း (ဂစ်တာသူရဲကောင်း စာအုပ် ဘာသာပြန် စာရေးဆရာ) နှင့် ကျနော်တို့ ထိုအချိန်က ကိုလူမင်း၏အိမ်မှာ၊ ဒါမှမဟုတ် ဘားလမ်းရှိ လက်ဖက်ရည်ဆိုင်တွေမှာ မကြာခဏ ဆုံဖြစ်ခဲ့ကြသည့် အချိန်။

ကိုမွန်းအောင်၏ သီချင်းများကို ကိုလူမင်းနှင့် ကျနော်တို့ နှစ်ယောက် အတူတူ စတင်နားထောင် ကြသည်။

အဲသည်မှာတင် “၀တ်မှုန်” ဆိုတဲ့ သီချင်းလေးကို ကျနော်အလွန်နှစ်သက်မိပြီး၊ တကယ့်ကို စွဲစွဲလန်းလန်း ဖြစ်ခဲ့ရသည်။

ဝတ်မှုန် တပုဒ်ထဲ မဟုတ်။
“၈/၈၂ အင်းလျား” (ညရဲ့သန်းခေါင် အိပ်မပျော်သေးချိန် ဂစ်တာလေးကို အဖော်ပြုရင်း တီးခတ်စဉ်) ဆိုတဲ့ သီချင်းလေးကိုပါ ကျနော်အလွန် နှစ်သက်ခဲ့ရသည်။
.
ထူးထူးခြားခြား သတိထားလိုက်မိတာက၊ ကျနော်ကြိုက်နှစ်သက်မိသည့် သူ့သီချင်းနှစ်ပုဒ်စလုံးကို ပန်းချီဆရာ ကိုလူမင်းကလည်း ကြိုက်သည်။  ကျနော်တို့ နှစ်ဦးစလုံး ကောက်ချက်ချလိုက်မိတာက ကိုမွန်းအောင်၏ တေးသီချင်းများ မြန်မာတေးချစ်သူများ အကြား အောင်မြင်ကျော်ကြား ရေပန်းစား လာမည်ဆိုတာကိုပင်။

၁၉၉၀  ခုနှစ် အစ ဇန်န၀ါရီလ၊ ဘုရားသုံးဆူ တိုက်ပွဲကာလတွင် ကျေင်းသားစစ်ကြောင်းများ ကိုဖွဲ့စည်း၍ ရှေ့တန်းသို့ စေလွှတ်သည့်အခါ ကိုမွန်းအောင်လည်း မဟာမိတ် မွန်ပြည်သစ်ပါတီမှ ဗိုလ်မှုးဘညွန့် ဦးဆောင် သော စစ်ကြောင်းတွင် ပါဝင်၍တိုက်ပွဲဝင်ခဲ့သည်။

အမှန်ပြောရလျှင် အဲသည်အချိန်က ကျနော် သူ့ကို ရှေ့တန်း တိုက်ပွဲခွင်သို့ မထည့်ချင်။

သို့ပေမယ့်လည်း သူကိုယ်တိုင်က အလွန် ဆန္ဒပြင်းပြနေတာက တကြောင်း၊ တပ်ဖွဲ့ဝင် ရဲဘော်များ အကြား မည်သူကိုမျှ ကျောသား ရင်သား မခွဲခြားသင့်သည်ကလည်း တကြောင်း ဒါကြောင့်မို့ ကျနော်နှင့် ဘားတိုက် တခုတည်းတွင် နေကြသည့် ကိုကျော်ကြီးနှင့် ဆေးမှူး ကိုညို(မင်းညိုအောင်) တို့လိုက်ပါမည့် စစ်ကြောင်းတွင် ကိုမွန်းအောင်ကို ထည့်သွင်းလိုက်ရသည်။
.
နောက်တလအကြာ မတ်လ (၂၂ -၂၃)ရက် မွန်ပြည်နယ်၊ ရေးမြို့သိမ်းတိုက်ပွဲတွင် လည်း ကိုမွန်းအောင် တယောက် ထပ်မံ၍ ပါဝင်တိုက်ပွဲဝင်ခဲ့ပြန်သည်။
.
တကယ်တော့ သူချစ်သော သူ့ဂီတ ပရိသတ်ရှေ့မှာ ဂစ်တာတီးပြီး သီချင်းဆိုနေရမည့် သူက သေနတ်ကိုင်ပြီး ကြမ်းတမ်း ခက်ထန်သော စစ်မြေပြင်မှာ ပါဝင်တိုက်ပွဲဝင် နေရတာကို မြင်နေရတော့ စိတ်ထဲမှာမကောင်း။

သူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အောင်မြင် ထိုးတက်နေသော အချိန်၊ ငယ်ရွယ် နုပျိုသောဘ၀၊ အေးချမ်းသာယာစွာ တေးဆိုနေထိုင်နိုင်ပါလျက်နှင့် ဤမျှ ကြမ်းတမ်းခက်ထန်လှသော တော်လှန်ရေးသမားဘ၀ကို သူခံယူ ဖြတ်သန်းသည်။  ပြည်သူလူထု လိုလားတောင့်တတဲ့ ခေတ်စနစ် တခု ထူထောင်နိုင်ဖို့ အတွက် သူ့ဘ၀ကို ပေးဆပ်ရင်း ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသော ဗမာနိုင်ငံသား လူငယ် ထောင်ပေါင်းများစွာ ကိုမွန်းအောင်လိုပင် သူတို့ရဲ့ ဘ၀တွေကို ပေးဆပ်ခဲ့ကြရသည်။  ဗမာပြည်နယ်နမိတ်အတွင်း တောတောင် လျှိုမြှောင်တွေထဲမှာ ကျဆုံးသွားကြသူတွေ ပျောက်ဆုံးသွားကြ သူတွေ တပုံကြီး။

ပြည်တွင်းက စစ်အကျဉ်းထောင်တွေ၊ စစ်ကြောရေး စခန်းတွေမှာကော၊ စစ်ထောက်လှမ်းရေးတွေ လက်ချက်ကြောင့် ဘ၀ပျက်သွားခဲ့ကြရသော တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ တပုံတပင်ကြီး။

အဲသည်အချိန်မှာ ကောင်းစားသွားခဲ့တဲ့ သူတွေက အချောင်သမား၊ အခွင့်အရေးသမား၊ သိက္ခာမဲ့ အရှက်တရားမဲ့ တကိုယ်ကောင်းသမား ခေတ်ပျက်သူဌေးဘွဲ့ခံ စားဖားများနှင့် ဘိန်းသမားများ။

တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသည့်အတိုင်း ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသူများ ခေါင်းထောင်ကြီးပွားခဲ့ကြသည်။

သည်ကနေ့ အခြေအနေမှာရော အမှန်တကယ် ကောင်းစား ချမ်းသာနေသူတွေက ဘယ်သူတွေလည်းဆိုတာ မေးစရာမလို။

ပြည်သူ အများစု၏ ဘ၀ကတော့ ထူးမခြားနား သီချင်းလေးလို ပါပဲ။

မတရားမှု၊ မညီမျှမှု၊ အနိုင်ကျင့်မှု၊ ကောက်ကျစ် စဉ်းလဲမှု ဆိုတာတွေကို လူစိတ်ရှိသော ဘယ်လူသားမှ လက်ခံမှာမဟုတ်။

အဲသည် ဟာတွေ မရှိဖို့ ထိန်းချုပ်ဖို့ အတွက် ကောင်းမွန်ညီမျှတဲ့ တရား ဥပဒေဆိုတာ ရှိရမှာဖြစ်ပြီး၊ အဲသည် ဥပဒေကို နိုင်ငံသားအားလုံးက လိုက်နာရမှာဖြစ်သည်။  နိုင်ငံသား အားလုံးဟာ အဲသည် ကောင်းမွန်ညီမျှတဲ့ တရားဥပဒေရဲ့အောက်မှာပဲရှိရမည်။

အကျိုးလိုလို့ ညောင်ရေလောင်း ဟန်ပြဖွင့်ပေးပြီး၊ အချိန်မရွေး ငါ လုပ်ချင်တာ ငါ လုပ်နိုင်တယ်ကွ ဆိုသည့် အာမခံချက်မရှိသော စနစ်ကြီး နှင့် ဥပဒေ အထက်မှာရှိနေသည့်  လူအချို့နှင့် ရှေ့ဆက် တိုးနေခြင်းက အိတ်ပေါက်နှင့် ဖားကောက်နေသလိုပဲ ဖြစ်နေပါလိမ့်မည်။

တကယ့် စေတနာအမှန်နှင့် တိုင်းပြည် တကယ်ကောင်းအောင် တကယ်လုပ်ကြမည်ဆိုလျှင် အဝေးရောက် အမေ့သား၊ အမေ့သမီးများ ကိုယ့်တိုင်းပြည်သို့ အမြန်ဆုံး ပြန်လာကြမည်ဆိုတာ ဗေဒင်မေးစရာမလို။

ဘယ်သူမဆို ကိုယ် မွေးဖွားကြီးပြင်းခဲ့ရာ ဇာတိမြေ၊ ကိုယ့် တိုင်းပြည်နှင့် ကိုယ့် လူမျိုးကို ချစ်ကြသူချည်းပင်။

ကိုမွန်းအောင် အပါအ၀င် ပြည်ပရောက် နိုင်ငံသား အများစု ပြန်လာနိုင်ပါလျက်နှင့် လုံးဝပြန်မလာဘူး ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ အဲသည် ကောင်းမွန်ညီမျှတဲ့ တရားဥပဒေတွေ ရှိမရှိ မီးမောင်းထိုးပြလိုသည့် အတွက်ကြောင့် ဖြစ်မည်ဟု ကျနော်ယူဆသည်။

တချို့က ပြောကြပါလိမ့်မည်။
“မင်းတို့ ရှိစရာမလိုဘူး၊ ပြန်လာတာ မပြန်လာတာ ငါတို့ သောက်ဂရုမစိုက်ဘူ၊ ငါတို့ လုပ်ချင်တာ လုပ်မှာပဲ”။

အဲသည် ဟာက အဲသည်လို ပြောမဲ့သူတွေရဲ့ အတွေးအခေါ်နှင့်သူတို့အလုပ်။  ကျနော်တို့ ထိန်းချုပ်လို့မရ။  ကျနော်တို့ ထိန်းချုပ်လို့ ရတာက ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းချုပ်လို့ရမှာဖြစ်သည်။

သည်တော့ သူတို့လည်း သူတို့အလုပ် သူတို့လုပ်ကြ။  ကျနော်တို့လည်း ကျနော်တို့အလုပ် ကျနော်တို့ လုပ်ကြမှာပဲ။

မွေးရပ်မြေကို စတင် စွန့်ခွဲခဲ့တဲ့ အချိန်ကစပြီး ကျနော်တို့ အားလုံးမှာ တိုင်းပြည်ကို ကောင်းစေချင်သည့် စိတ်ဆန္ဒပဲရှိသည်။  သည့်အတွက်လည်း အဆိုးအကောင်း ဘ၀အခြေအနေပေါင်းစုံကို ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြ ပြီးဖြစ်သည်။

ကိုယ်ကျိုးရှာဖို့ တောခိုခဲ့ကြတာ မဟုတ်ပါ။

ဂုဏ်ပြုခံချင်လို့ တောခိုခဲ့ကြတာ မဟုတ်ပါ။

ကျနော်တို့ ရင်ထဲမှာ တိုင်းပြည်ကို ကောင်းစေချင်သည့် စိတ်ဆန္ဒပဲ ရှိပါသည်။

ကျနော်တို့ မိဘ၊ ဆွေမျိုး မိတ်သင်္ဂဟ များနှင့် ပြန်ဆုံရသည် ဖြစ်စေ မဆုံရသည် ဖြစ်စေ။

အကယ်၍များ ကျနော်တို့ ချစ်သော ဗမာပြည် အမှန်တကယ် ငြိမ်းချမ်းသာယာ တိုးတက်သွားမည် ဆိုလျှင်၊ အဝေး တနေရာမှ နေ၍ အမိမြေကို လှမ်းကြည့်ရင်း ဗမာ ပြည်သူ ပြည်သားများ အားလုံးအတွက် ပျော်ရွှင် သာယာ ကြည်နူးနေကြမည့်သူတွေထဲမှာ ကျနော်တို့ ချစ်သော ကိုမွန်းအောင် တယောက်လည်း ပါဝင်နေပါ လိမ့်မည်။

သီရိညွန့် (ABSDF)
.
(သြဂုတ်လ ၈ ရက်၊ ၂၀၁၄ ခုနှစ် ၂၆ နှစ်မြောက် ၈-၈-၈၈ ဗမာပြည် လူထုအရေးတော်ပုံ အမှတ်တရ)

(The other မြန်မာ Font မှ Zawgyi Font သို့  အစအဆုံး ကူညီစာရိုက်ပေးခဲ့သော ညီမငယ်လေး ကြယ်နီတင့်ဆွေအား အထူးကျေးဇူးတင် ရှိပါကြောင်း)

ပြည်တွင်း The Street View Journal တွင်လည်း ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။  မိုးမခက စာရေးသူ ၁၉၈၀ ခုနှစ်များရဲ့ စတီရီယိုအဆိုကျော် တေး ရေး/တေးဆို (ကို) သီရိညွန့် (ABSDF) ကို ခွင့်တောင်းပြီး မိုးမခပရိသတ်အတွက် (ကို) မွန်းအောင် ၏ နာမည်ကျော် ဝတ်မှုန်သီချင်းနှင့်အတူ တင်ဆက်ပါသည်။

ဝတ်မှုန်၊ သံစဉ်/စာသား – အဉ္ဇလီ မောင်မောင် (မဇ္ဈိမလှိုင်း)၊ တေးဆို – မွန်းအောင်၊ တေးစု – ၈/၈၂ အင်းလျား (မွန်းအောင် ၏ တကိုယ်တော် ပထမ တေးစု)၊ တေးဂီတ – The Rhythm (၁၉၈၄)YouTube Music Video URL: http://youtu.be/J8KL3eBeEdw


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts