ဆောင်းလူ သောင်းပြောင်းထွေလာ

ဆောင်းလူ – ကျောင်းတော်ကြီး

ဆောင်းလူ – ကျောင်းတော်ကြီး

သြဂတ်စ် ၅၊ ၂၀၁၄
 


ငယ်ငယ် ဆယ်ကျော်သက်ဘ၀ မြို့မှာပေါင်းမိတဲ့ အပေါင်းအသင်းတွေက ကိုယ့်ထက် အသက်ထက်ဝက်ကြီးသူတွေချည်းပဲ။ ဒီတော့ သူတို့အတွေ့အကြုံက ထက်ဝက်သာတာပေါ့ …။

အရွယ်တွေရောက်လာတော့ မိဘတွေလည်း ထိန်းမနိုင်ပေါ့ ..။ အိမ်က ည ၁၀ နာရီ အိမ်အရောက်ပြန်ရမယ် … မပြန်တဲ့ကောင် အပြင်မှာ အိပ်လို့ ရာဇသံချလေတော့ … ဂယ်ပေါက်တွေလုပ်ရတာပေါ့ …။ အိမ်က အဖေက တအိမ်လုံးပတ်ပြီး ရှိသမျှအပေါက် နှစ် တလက်မ ကျွန်းပြားတွေကို သံတွေကပ်ရိုက် ပိတ်ပေါ့ …။ ကျွန်းသား ..ကျွန်းသားချင်းကတော့ သိတယ်မလား ..သံရိုက်ထားလည်း ခွာထားပြီး ပုံမပျက် ပြန်ထားရင် …ဘယ်သူသိတာမှတ်လို့ ..။ ကိုယ်တွေကလည်း လူလည် …ဂယ်ပေါက်ကို တပေါက်တည်း မထားဘူး …။

ကိုယ့်အသက် ထက်ဝက်လောက်တွေနဲ့ပေါင်းတော့ …တခါ တလေ သူတို့လုပ်တာ လိုက်လုပ်ပေါ့ …။ ညနေ ညခင်းဆို အော်ဒါမှာရတဲ့ ဆန်အရက်လေးကို …တို့ဟူးသုပ်လေးနဲ့ ကစ်ပေါ့ ..။ တခါ တခါ ကျတော့ မုန့်ကလေး ဘာလေးချ ..။ ကြက်ဘူးလေး ဘာလေးနဲ့ရောပေါ့ ..။ ဘယ်က ဘယ်လုဖန်ကြလဲတော့ မသိဘူး ..။ ငါးတို့ ကြယ်တို့ ရှားတဲ့ခေတ်ဆိုတော့ .. မုန့်ဆိုတာ ကာလသားတွေအကြိုက်ပေါ့ ..။ ဂီတာလည်းတီးကောင်း …အဆိုလည်းကောင်းကိုး …။ ကြပ်ချင်တဲ့ကောင်ဆိုရင် ..ဖယ်ဖယ်ထားတဲ့ မုန့်အရိုးတွေ ဆုံနဲ့ထည့်ထောင်းပြီး ..ရော့ပစ္စည်း မိုက်တယ်လုပ်တာ …။ ဟိုငနဲကလည်း တခါမှ မလုပ်ဘူးရှာတော့ … ကောင်းသဗျာ ..ကောင်းသဗျာနဲ့ စွတ်ကျေးဇူးတွေ တင် …။ နောက် ခိုင်းလို့ ကောင်းသွားတာပေါ့ ..။ ကိုယ်တွေကလည်း လိုချင်တာလေးတွေရှိတော့ ဘဲကြီးတွေကို ပေါင်းရတာပေါ့ဗျာ …။

အမယ် .. ကျနော်တို့ကချည်း ဒီဘဲကြီးတွေကို ကပ်ပေါင်းတာမဟုတ်ဘူး ..။ ဒီဘဲကြီးတွေကလည်း ကိုယ်တွေကို ကပ်ပေါင်းတာဗျ ..။ သူတို့လိုချင်တာရှိတာကိုး …။ တခြားမြို့ကရောက်လာတဲ့ ကိုယ်တွေဆရာမတွေကလည်းလည်း ရှိလှမှ နှစ်ဆယ်ကျော် အစိတ်လေး တွေဆိုတော့ ..ကိုယ်တွေကို ကပ်ပေါင်းချင်စရာကိုး ..။ သိပ်အချောအလှကြီးတွေတော့မဟုတ်ပါဘူးဗျာ …။ ဖင်ကောက် ရင်မောက် (ကန် တော့ ကန်တော့ ..) မြို့သူတွေဆိုတော့ …တောဇနပုဒ်သာသာ မြို့မှာ ..အမြင်ဆန်းတာပေါ့ …။

နောက်ပိုင်း အတတ်စုံ ..သောက်တတ် စားတတ်လာတော့ … ပထမ အိမ်ကမသိအောင် ခိုးချရတာပေါ့ ..။ ညနေစောင်း နေ၀င်ပြီဆို တောဓလေ့အတိုင်း အိမ်ကမထွက်ခင် ..ထမင်းဦးစွာဝါး ..ပြီး ဂီတာလေး မပြီး လစ်သွားဆိုတော့ ခမျာတို့မှာ ကာလသားအလုပ် ဂီတာတီးတယ်ပဲ ထင်ရှာတာပေါ့ ..။ ထမင်းစားပြီး အရက်သောက်တဲ့ခေတ်မဟုတ်တော့လည်း ထင်ရှာတာ မဆန်းပါဘူး ..။ သူတို့အိပ် ပျော်လောက်ချိန် သန်းခေါင်းတလွဲမှ ပြန်လာ ..ခိုးဝင် ..သိတာမှတ်လို့ …။ တခါတလေ အဖေ့ ဆေးဖြစ်ဝါးဖြစ် အရက်တောင် အဆစ်ပါသေး ..။ ခိုးပင့်ပြီးသွားရင် ..ရေရောထားလိုက်တယ် ..။ နောက်ပိုင်းတော့ သူလည်း နပ်သွားပုံရတယ် ..။ ဘီရိုထဲထည့် သော့ခတ်ထားတယ်။ နောက်ပိုင်းတော့ ပြောတော့ဘူး ..။ ကိုယ့်ဟာကိုယ် ခြင့်ချိန်ကြတဲ့ …။

၇ တန်း ၈ တန်း ထိတော့ ပုံစံခွက်ထဲကအတိုင်းပါပဲ…။ စာလေး ဘာလေးလည်း ဟုတ်တိပတ်တိပေါ့ …။ အိမ်က မိဘတွေက သဘောကို ကျလို့ …။ ရ တန်း အလွန် ၈ တန်းလောက်မှာ ခွက်ပုန်း မူးတတ် ရူးတတ်ပေမယ့် .. ၉ တန်း ၁၀ တန်းလည်းကျရော .. လူစုံ ..ဇာတ်စုံဆိုတော့ … တနှစ်လုံးနေလို့မှ ဗလာစာအုပ် တအုပ်မကုန်ဘူး …။ ဓာတုလည်း ဒီစာအုပ် ..။ ရူပလည်း ဒီစာအုပ် …။ ဇီဝလည်း ဒီစာအုပ် …။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ..အားလုံး အောအင်ဝမ်းပဲ။ တနှစ်လုံး စာအုပ်တအုပ်မကုန်တော့ ..အကုန်အကျ တော်တော်သက်သာတယ် ..။ ငယ်တုန်း ဘ၀တော့ ဆရာ၊ ဆရာမတွေက သိပ်ချစ်တာ ..ပြောစကားနားထောင်၊ ခိုင်းလည်းကောင်း …။ စာလည်း အထိုက်အလျောက်ရလေတော့ …။ ကြီးလာတော့မှ သံပုရာသီးမှန်း သိသွားတာ …။

သံပုရာသီးဘ၀ကိုရောက်တော့ ..အိမ်ကလူတွေကပါ လိုက်ချဉ်ကုန်ရော …။ နောက်ဆုံးတော့ … မထူးပါဘူးလေ … ကိုယ့်လမ်းကိုယ်လျှောက် မှဆိုပြီး … မိဘဆီ လမ်းစရိတ်လက်ဖြန့်ပြီးဘုမသိ ဘမသိ … ဟိုရောက် .. ဒီရောက်ပေါ့ …။ အဖေ့လုပ်သူရဲ့ နိုင်ငံရေးအချက်အလက်တွေ မလာပြီး … နိုင်ငံခြားပြေးဖို့ ကြံပေါ့ဗျာ ..။ နောက်ဆုံးတော့ နိုင်ငံခြားဆိုတာကြီးမှာ အလုပ်မလုပ်ရင် ထမင်းငတ်တယ်ဆိုတော့ … ဒီပုံဆို အသက်မှရှင်ပါ့မလား လန့်ဖြတ်ပြီး မသွားတော့ပဲ.. .. သူပုန်ဗိုလ်ကြီးတွေရဲ့ ထမင်းချက်၊ ရေခပ် အရန်နောက်လိုက်ဘ၀နဲ့ ပျော်မွေ့ခဲ့တာပေါ့။

ခုလဲ … ဒီကျောင်းတော်ကြီးတွေ …ဟိုကျောင်းတော်ကြီးတွေကို လွမ်းရင်း … ဘ၀ရဲ့ အရန်နောက်လိုက်လုပ်လို့… ..ဖင်ကောက် ရင်မောက် မြို့သူဆရာမတွေကို လွမ်းသလိုလို …၊ ထန်းရည်နဲ့မြည်းမှ လိုက်ဖက်တဲ့ ကြွက်ခေါင်းကြော်ကို လွမ်းသလိုလို..။

ခုချိန် လိမ္မာနေပြီလားဆိုတော့လည်း …. နောက်ထပ် ကျောင်းတော်ကြီးပေါ်မှာ ဘယ်လိုဆက်မိုက်ရမလဲဆိုတာ စဉ်းစားနေတုန်း ..။
======

၂ : ၂၁ နာရီ
(မှတ်ချက်။ ။ ဇင်းမယ်မိုးကြောင့် တောင်ရောက် မြောက်ရောက် ကောက်ခြစ်ထားသည့်စာဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts