သရော်စာ

သူရဿဝါ – မြန်မာ မြန်မာ…ဘယ်လိုမြန်မာ

သူရဿဝါ – မြန်မာ မြန်မာ…ဘယ်လိုမြန်မာ
သြဂုတ် ၅၊ ၂၀၁၄
 
 

၉၆ ခုနှစ် လောက်ပေါ့။ မောင်ဝါဝါ ခပ်ငယ်ငယ် သုံးလေးတန်းလောက် ဖြစ်မည်ထင်သည်။ မြန်မာ့ခရီးသွားနှစ် (Vist Myanmar Year) ဟု ဆိုရမည်။ အဲဒီတုန်းက တီဗီမှာ ခဏခဏလာသည့် အထိမ်းအမှတ်သီချင်းတစ်ပုဒ်ရှိသည်။ သီချင်းစာသားက မောင်ဝါဝါမှတ်မိသလောက် Come and see Myanmar, golden land Myanmar ဟူ၍ဖြစ်သည်။ ကလေးအတွေးနှုင့် ဥာဏ်မှီသလောက် ဘာသာပြန်ကြည့်တော့ ပထမစာကြောင်းအဆင်ပြေသည်။ Come and see Myanmar လာပါကြည့်ပါ ပြည်မြန်မာပေါ့။ နောက်တစ်ကြောင်းကျ ပြဿနာတက်ရော။ ကလေးဆိုတော့ နားက အမှတ်အကြားလွဲပြီး golden land Myanmar ကို (မရိုမသေကန်တော့ပါရဲ့)ေ-ွး တန်းလန်းမြန်မာချည်းပဲ ကြားနေသည်။ အတော်ကို ဦးနှောက်ခြောက်၏။ လာပါကြည့်ပါေ-ွး တန်းလန်းမြန်မာဆိုတော့ ဘယ်လိုကြီးပါလိမ့်ကွာ ….ပေါ့။ ပြီး ဒါကြီးတန်းလန်းဖြစ်နေမှတော့ ရှက်စရာကြီး… ဒီလို ရှက်စရာတန်းလန်းဖြစ်နေတဲ့ မြန်မာပြည်ကြီးကိုပဲ လာပါကြည့်ပါလို့ ဘာကြောင့်များ ခေါ်နေကြပါလိမ့်ဟု ကလေးဥာဏ်နှင့် မမီမကမ်း စဉ်းစားခေါင်းနောက်ဖူး၏။

ကလေးဘဝက အမှားကို အမှန်ထင်ခဲ့သော ထိုစာသားမှာ အခုတော့ အမှားမှ အမှန်ဖြစ်ရန် နီးပါပြီ။ သစ်တွေ၊ ဝါးတွေ၊ ကျောက်မျက်ရတနာ သယံဇာတတွေလည်း လူကြီးတွေနဲ့ သဟဇာတဖြစ်သည့် ပြည်ပနိုင်ငံတွေက သယ်သွားလိုက်၊ လူကြီးတွေနှင့် သဟဇာတဖြစ်သည့် ခရိုနီတွေ၊ ကုမ္ပဏီထောင်ကာ ပြည်ပထုတ်ပေးလိုက်နှုင့်  ဘာကျန်တော့လို့တုန်း။ ဒီကြားထဲ ပြည်တွင်းမှာပင် ကိုယ့်နိုင်ငံသားချင်း ကြီးနိုင် ငယ်ညှဉ်း လယ်သိမ်းလိုက်၊ မြေသိမ်းလိုက် (အခုဆို ဘုရား၊ သိမ်ကျောင်းတောင်မချန်) လုပ်နေတာတွေ ဖြစ်ကုန်ပြီ။ မခံနိုင်သူများ အမိုက်ခံပြောသော်လည်း ပြောရုံပဲတတ်နိုင်သည်။ စကားသာ အဖတ်တင်သည်။ သူတို့လုပ်နေတာတွေကို တား၍မရဘဲ နာမည်ပျက်ရုံအပြင် အကျိုးစီးပွားမထိခိုက်မှတော့ အပြောခံပြီး ဆက်လုပ်သူတွေ လုပ်ကြတာပဲပေါ့။ ဆိုတော့ … ပြည်ပကလာချွတ်လိုက် ပြည်တွင်းက ချွတ် ပေးလိုက်ဆိုမှတော့ မြန်မာပြည်ကြီး ကိုယ်လုံးတီးဖြစ်ပြီး ထိုတန်းလန်းသည်လည်း ပေါ်ပြီပေါ့။ (ဒီကြားထဲ တန်းလန်းကလေးဖြစ်မှတော့ အမိမြန်မာပြည်ဟု ခေါ်ကြသည်မှာ မမှန်၊ အဖမြန်မာပြည်ဟု ပြောင်းခေါ်သင့်သည်ဟုလည်း ပေါက်ပေါက်ရှာရှာ တွေးမိသေးသည်။)ေ-ွး တန်းလန်းမြန်မာဆိုသည့် မောင်ဝါဝါ့ ကလေးနား အမှတ်မှားသည် အမှန်ဖြစ်တော့မည့်ကိန်း ဆိုက်လာသည်။

ရပ်ကြဖို့ကောင်းပါပြီ။ အချိန်မီသင့်သလောက် မီပါသေးသည်။ ခုချိန်ရပ်ကြလျှင် Golden land Myanmar အထိ မဖြစ်နိုင်တော့သော်လည်း ဂိုးဒန်း မလန်းတလန်း မြန်မာဆိုတာလောက်တော့ ဖြစ်နိုင်ပါသေးသည်။ ဒါမှမဟုတ် ဆက်လုပ်ကြဦးမှာပဲဆိုလျှင်တော့…. လာပါ ကြည့်ပါ…ေ-ွး တန်းလန်း ပြည်မြန်မာ ဟူ၍ မျက်နှာပြောင်တိုက် ဖိတ်ခေါ်မနေကြပါနှင့်။ ကိုယ်တိုင်က လုံးတီးဖြစ်နေရသည့် ကြားထဲ ကိုယ့်ကို သူများ တွေဝိုင်းကြည့်ပြီး ကဲ့ရဲ့လှောင်ပြောင်ကြမှာကိုတော့ မခံယူလိုကြပါနှင့်။ ရှက်စရာကောင်းပါသည်။ မြန်မာ မြန်မာ …. ဘယ်လိုမြန်မာလည်း ဆိုတာကို ရွေးချယ်ခွင့်ရှိပါသေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts