သရော်စာ

မောင်လူပေ – အပေအတေတယောက် အကောင်းမြင်ခြင်း

မောင်လူပေ – အပေအတေတယောက် အကောင်းမြင်ခြင်း
ဇူလိုင် ၂၉ ၊ ၂၀၁၄

လောကကြီးကို ဘောင်ခတ်မကြည့်နဲ့  လို့  မျက်မှန်သမား သူငယ်ချင်းများကို စဖူးသည်။ စိတ်ညစ်နေသူများကိုလည်း အကောင်းပဲရှာတွေးဟု အကြံပေးဖူးသည်။ ကိုယ်တိုင်ကြတော့ တကယ်ကျင့်သုံးဖို့  မလွယ်။ မလွယ်တာအသာထားပြီး အကောင်းရှာစဉ်းစားတော့မည်။ သွေးကလည်း ခတ်တက်တက်မို့  အကောင်းတရားများကိုသာ စဉ်းစားတော့မည်ဟု စဉ်းစားနေစဉ် မိတ်ဆွေကြီး ကိုရင်ချက်တယောက် ဆိုင်းမပါဗုံမဆင့်နှင့် ရောက်လာလေသည်။

” ဘာတွေထူးသေးလည်း ကိုလူပေ ” ဟု နှုတ်ဆက်သော သူ့ မျက်နှာမှာ ဒေါသအရိပ်ငွေ့ လေးတွေ တွေ့ နေရသည်မို့ 

” ဘာတွေဒေါသဖြစ်လာလဲ ကိုရင်ချက်၊ စိတ်ကိုလျှော့။ အကောင်းဘက်က စဉ်းစားလေ။ ” ဟု အကြံပေးရန် အစပျိုးလိုက်သည်။
” ဘာဖြစ်ရမလည်း ကိုလူပေရယ်။ ကျုပ်တို့ ရွာနားက စပယ်တောင်၊ ကြေးစင်တောင်တွေလည်း ကျင်းတွေဖြစ်ခဲ့ပြီးပြီ။ ခုလည်း လက်ပန်းတောင်းတောင်တွေကို တွင်းဖြစ်အောင်လုပ်နေတာအပြင် အက်ဆစ်တွေပါ စည်းကမ်းမဲ့သွန်နေလို့  အနားကရွာတွေ သောက်ရေတောင် ခက်နေကြသတဲ့။ ”

” ဒါများကိုရင်ချက်ရယ်။ သတင်းဟောင်းကြီးကို လာပြောနေတယ်။ ဘုန်းတော်ကြီးတွေတောင် မီးလောင်ဗုံး အာရုံဆွမ်းနဲ့ တိုးခဲ့တာလေ။ ဘာတတ်နိုင်မလဲ။ ဆွေမျိုးပေါက်ဖေါ်တွေက အညာမှာရေရှားလို့  တောင်ဖြိုပြီး ရေကန်တူးပေးတယ်သဘောထားလိုက်။ ရေမကောင်းလည်း ရေသန့် တွေ ဒီလောက်ရောင်းနေကြတာ ဝယ်သောက်လိုက်။ ကျန်းမာရေးနဲ့ တောင်ညီညွတ်သေး။ ”
” ခင်ဗျားပဲဝယ်သောက်။ တောသားတွေဆင်းရဲပါတယ်ဆို ဘယ်ကရေသန့်  ဝယ်သောက်နိုင်မှာလဲ။ ”

” ဒါဆို ဆင်းရဲသားလျှော့ချရေး ကော်မတီကို တင်ပြလိုက်။ စကားမစပ် ခင်ဗျားရွာကလူတွေ သတိပေးလိုက်ဦး။ တော်ကြာ ကျေးလက်ဝန်ကြီးဆီမှာ ရေသန့် လိုပါတယ် သွားတောင်းနေလို့  ပါးရိုက်ခံနေရမယ်။ ”
”  အတော် ပေါက်ကရ တွေးတတ်တဲ့သူပဲ။ ”

” အကောင်းရှာစဉ်းစားတာပါဗျာ။ ကျွန်တော်တို့ ဆီလည်း အကောင်းတွေ အများကြီးပါ။ ”
” ဘာအကောင်းရှိလဲ။ ပြောစမ်းပါဦး။ ”

” မီးပျက်၊ ရေပြတ်၊ ကားကျပ်ဆိုတာက လူတွေကို အရာအားလုံးဟာ မမြဲတဲ့ ဒုက္ခတွေဆိုတာမြင်အောင် သည်းခံခြင်းတရားကို အမြဲ နှလုံးသွင်းနိုင်အောင် လေ့ကျင့်ပေးနေတာ။ ”
” ပြီးတော့ရော။ ”

” ရေကြီးတယ်ဆိုတာလည်း နိုင်ငံတော်ရဲ့ စေတနာလို့  တွေးလိုက်။ မြောင်းတွေပိတ်လို့  ရေကြီးတော့ ပြည်သူတွေ ရေထဲမှာ သွားလာရတယ်။ ဒါက ရန်ကုန်သားတွေကို အင်းလေးဒေသရဲ့  အတွေ့ အကြုံလေးတွေရအောင် ဆောင်ရွက်ပေးတဲ့သဘော။ ရေထဲ သွားရင်း မြောင်းထဲပြုတ်မကျအောင် ဘုရားစာရွတ်ရတော့ ပိုတောင် ကုသိုလ်ရသေး။ ”
” ခင်ဗျားပြောနည်းဆို အမြန်လမ်းက ကုသိုလ်လမ်းပေါ့။ ”

” ဟုတ်ပ။ အမြန်လမ်းပေါ်ရောက်တာနဲ့  ရသမျှ ပရိတ်တွေ ဂါထာတွေ ရွတ်ရတာမို့  ပိုပြီးသုသိုလ်ရတဲ့ နိုင်ငံတော်ရဲ့  စေတနာအမှန် သုသိုလ်လမ်းပေါ့။ အကောင်းပဲတွေးပေးပါ။ ”
”  သူတို့ တွေ နှစ်ပေါင်းများစွာ တလွဲတွေလုပ်ခဲ့လို့  နိုင်ငံဆင်းရဲနေတာရော ဘယ်လိုပြောမလဲ။”

” ဒါလည်းတွေးရင်ရပါတယ်။တချိန်က ချမ်းသာခဲ့ပေမဲ့ ခုလိုဆင်းရဲသွားနိုင်တယ်ဆိုတာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အဖြစ်နဲ့  လက်တွေ့ ပြလိုက်တာ။ ဖြစ်ပျက်တရားပြနည်းကောင်းနောက်တခုပေါ့။  ”
” ဒါဆို လယ်သိမ်းခံရလို့  ဆန္ဒပြတဲ့ လယ်သမားတွေကို ထောင်ချပစ်တဲ့ ကိစ္စကရော။”

” ဒါလည်း ကောင်းအောင်တွေးပေါ့ဗျာ။ ကျေးဇူးရှင် တောင်သူဦးကြီးများကို နိုင်ငံတော်စရိတ်နဲ့  အကျဉ်းဦးစီးဌာနပိုင် အဆောက်အဦတွေမှာ နှစ်ရှည်စောင့်ရှောက်ပေးထားတယ်ပေါ့။ အပြင်မျာဆို လယ်ထဲသွားရင်း လေယဉ်ဝင်တိုက်မှာတို့  ရာသီမကောင်းလို့ စိတ်ညစ်ရတာတို့  ဖြစ်နိုင်သေးတယ်။ ခုတော့ နှစ်ရှည် အခမဲ့  နားရတာပေါ့။ ”
” ဒါဆို အဲဒီမှာ ခင်ဗျားသွားနားမလား။”

” ကျွန်တော်က မနားရဘူး။ နိုင်ငံတော်ရဲ့  စေတနာမှန်ကို သိမြင်လို့ ။ ”
” ဟို သွားလေသူ နံပါတ်ဝမ်းကြီးရဲ့  မြေးတော်တွေပြောတဲ့ ဒေါ်လာ ငါး ဘီလီယံ ကိစ္စကရော။ ”

” ဒါကလည်း ဒီလိုပါ။ ဒီလောက်ငွေတွေ အများကြီးရှိရင် ခေါင်းခဲရတတ်တယ်လေ။ ဒါကြောင့် ပြည်သူအများ စိတ်မဆင်းရဲရအောင် သူတို့ ထဲက ကျေးဇူးရှင်ကြီးရဲ့  မြေးတွေကိုပဲ စိတ်ညစ်ခံပြီး ကိုင်ခိုင်းထားစေတာပါ။ နည်းတဲ့ ငွေတွေမှ မဟုတ်တာလေ။ မလုပ်တတ် မကိုင်တတ်နဲ့  ပြည်သူတွေဒုက္ခရောက် စိတ်ညစ်ရမှာ မလိုလားတဲ့ နိုင်ငံတော်ရဲ့  စေတနာမှန်တခုပါ။ ဒါတောင် တလောက ပြောကြတဲ့ ဆယ့်တစ် ဘီလီယံနဲ့  ယှဉ်ရင် ပါးပါးလေးပဲရှိသေးတယ်။ ”
” သူတို့ တွေနဲ့  အပေါင်းပါတွေ အရမ်းချမ်းသာနေကြပြီး ပြည်သူတွေအများစု ဆင်းရဲနေတာကရော ဘယ်လို တွေးမလဲ။ ”

” အော် ဒါကတော့ ပြည်သူအများ ကံနည်းရှာကြတာကိုး။ ကံကောင်းကံပွင့်အောင် ဘုရားသွားကျောင်းတက် များများလုပ်ကြစေရန် ရည်သန်ပြီး လုပ်ပေးတဲ့ နိုင်ငံတော်ရဲ့  စေတနာပါ။ ခုတောင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို သမ္မတကြီးနဲ့  အစိုးရအဖွဲ့ ဝင်များက နေ့ မအား ညမနား တည်ဆောက်ပေးနေ…..။ ”
” တော်တော့။ ဆက်ပြောရင် ရိုက်မိတော့မယ်။ စိတ်တိုနေပါတယ်ဆို ဘာတွေ လာပြောနေတယ် မသိဘူး။”

ဟုဆိုကာ ဒေါသအိုးကွဲ ကိုရင်ချက်တယောက် ထွက်သွားတော့သည်။

အဲဒါပေါ့။ အကောင်းကို မမြင်တတ်တော့ နိုင်ငံတော်ရဲ့  စေတနာမှန်တွေ မတွေ့ နိုင်တော့ဘူးဟု တွေးမိစဉ် မဒမ်ပေရဲ့  အသံကြားရလေသည်။

” ကိုလူပေရေ။ဆန်အိုးထဲ ဆန်မရှိတော့ဘူး။ ” တဲ့ ။ ဒါလည်း နိုင်ငံတော်ရဲ့  စေတနာမှန်တွေပေါ့ကွယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts