ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အမှိုက်ကစ ပြာသာဒ် မီးလောင်
ဇူလိုင် ၂၉ ၊ ၂၀၁၄
သူငယ်ချင်းတို့ရေ …
ဒီနေ့ပဲ မင်းတို့ ရေးလိုက်တဲ့စာ ရတယ်။ နိုင်ငံတော်အစိုးရရဲ့  အချိန်မီ ထိန်းသိမ်းဖြေရှင်နိုင်မှုကြောင့် မန္တလေးမြို့  အခြေအနေ တည်ငြိမ်လာပြီး၊ လူတွေလည်း အနည်းငယ်စိတ်သက်သာ ပုံမှန်ပြန်လည် သွားလာနိုင်ကြပြီဆိုတဲ့ သတင်းတွေ ကြားသိရလို့ ဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် မျက်စိဖွင့်နားဖွင့်၊ သွားသတိ၊ လာသတိနဲ့ နေထိုင်ကြကွာ။ အခုရက်အတွင်း သူတို့ မျက်မွေးစူးနေတဲ့ သတင်းသမားတွေကို ရှင်းနေရတော့ အဲဒီအတွက် တော်တော်လေး အလုပ်ရှုပ်နေပုံရတယ်
(သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ရဲထွဋ် ကတော့ ဝါရှင်တန်ဒီစီရောက်တုန်း RFA, VOA သတင်းဌာနတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ “သတင်းသမားတွေ သတင်းကျင့်ဝတ်နဲ့မညီ၊ မမှန်မကန်သတင်းလုပ်ရေးလို့ (ဒါက ငါ့စကား – ကျင့်ဝတ်နဲ့အညီ အုပ်ချုပ်နေတဲ့) အစိုးရက အရေးယူလုပ်ဆောင်ရတာလို့” ဗြောင်ပြောသွားတယ်)။ ဘယ်သူပြောနိုင်လဲ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ချင်တဲ့ သတင်းသမားတွေကို ရှင်းပြီးရင် ဘယ်အရေးကိစ္စတွေ ဖန်တီးမလဲဆိုတာ နိုင်ငံတော်ကြီးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ မှော်ဆရာကြီးတွေနဲ့ သူတို့အမိန့်အတိုင်း ကခုန်နေကြတဲ့ သစ္စာရှင်တွေပဲ သိတာ။
အဲ ဝမ်းသာမိတဲ့အကြောင်းအရာ နောက်တခုကတော့ နှစ်ပေါင်းများစွာ ပိတ်ပင်ထားလို့ ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့တဲ့ အာဇာနည်နေ့ကြီးကို တားမြစ်ပိတ်ပင်ထားတဲ့ မတရားအမိန့်အာဏာကို ဖိဆန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းစည်းကားကားနဲ့ နိုင်ငံတဝှမ်းမှာ ကျင်းပကြတဲ့သတင်းတွေ၊ ပြည်သူပြည်သားတွေ တက်တက်ကြွကြွနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သွားရောက်ဂါရဝပြုကြတယ့်သတင်းတွေ။ မင်းတို့လည်း အချိန်ပေးပြီး ဗိုလ်ချုပ်ပြတိုက်နဲ့ အာဇာနည်ဗိမာန်တို့ကို ကလေးတွေနဲ့ သွားရောက်ကြတာကို ကြားသိရလို့ ဝမ်းသာဂုဏ်ယူပါတယ်ကွာ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ မတူကွဲပြား ထူးကဲမြင့်မြတ်တဲ့ ပြည်သူ့ဗိုလ်ချုပ်အကြောင်း တွေ့မြင်သိရတာပေါ့။
မင်းတို့ ရေးလိုက်တဲ့စာထဲမှာ နောက်တစ်လနှစ်လဆိုရင် စင်္ကာပူနိုင်ငံမှာ အတတ်ပညာ၊ နည်းပညာတွေ သင်ယူလေ့လာ လုပ်ကိုင်နေတဲ့ ကျော်ဒင် တစ်ယောက် အမိမြန်မာပြည်ကို ပြန်လာတော့မယ်ဆိုတော့ နှစ်ပေါင်းများစွာ ခွဲခွါနေရတဲ့ သူ့ငယ်ချစ်မဟေသီ ဒေါ်ရွှေရီ ဘယ်လောက် ပျော်နေမလဲဆိုတာ မင်းတို့ ပြောစရာမလို ငါ သိတာပေါ့။ တစ်ခုရှိတာက ဟိုကောင် လူပျိုသိုး ဝင်းဆွေ – အလိုက်ကန်ဆိုးမသိ၊ ကျော်ဒင် ပြန်ရောက်ရင် သူတို့နဲ့သွားနေဖို့ အစီအစဉ်၊ ချက်ချင်းအိမ်ပြောင်းမှာကို ဝိုင်းဆွဲထားကြအုံး။ အချိန်အကြာကြီး ခွဲနေခဲ့ရတဲ့ သူတို့ဇနီးမောင်နှံ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေပါစေကွာ။ သွားရှုပ်မနေနဲ့။ တကယ်ပါ ငါ့အနေနဲ့ ချစ်သူတွေ၊ မိသားစုတွေ ကိုယ့်မြေကိုယ့်ရွာမှာ ပြန်လည်ဆုံဆည်းကြ၊ မခွဲမခွါနေ အတူနေနိုင်ကြတဲ့ သတင်းတွေကြားတိုင်း အတိုင်းထက်အလွန် ဝမ်းသာမိတယ်။ ငါလည်း မကြာခင် ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။
ဒါနဲ့ ဆက်စပ်လို့ ပြောချင်တာက – ဘယ်သူဘယ်ဝါမှ ကိုယ်မွေးဖွါးကြီးပြင်းခဲ့တဲ့ မြို့ ရွာ၊ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ချစ်သူတွေနဲ့ ခွဲခွါပြီး ရေခြားမြေခြား တိုင်းတပါးမှာ ဒုက္ခဆင်းရဲခံ မနေချင်ကြတာ အားလုံးအသိ။ ရင်နာနာနဲ့ တွေးကြည့်ရင် တို့နိုင်ငံသားတွေရဲ့  ကုသိုလ်ကံထူးချက်ကလည်း မှတ်လောက်စရာ။ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ ဥာဏ်ကြီးရှင် ဗိုလ်မင်းတွေရဲ့  အံ့မခန်း စွမ်းဆောင်ချက်တွေကြောင့် လက်ညှိုးညွှန်ရာ အစာရေစာ၊ သံယဇာတ ပေါကြွယ်ဝတဲ့ တိုင်းဌာနေကြီး နေ့ချင်းညချင်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ် (သူတို့ကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေဖြစ်)၊ သိန်းသန်းကျော် ရွှေမြန်မာတွေ ချစ်တဲ့မိသားစုတွေ၊ ကိုယ့်မြေကိုယ့်ရွာ စွန့်ခွါပြီး၊ ကမ္ဘာ့နိုင်ငံအသီးသီးကို နည်းမျိုးစုံနဲ့သွားရောက်၊ အနေအစားဆင်းရဲ၊ အနှိမ်ခံဘဝ ဒုက္ခမျိုးစုံနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေရောက်ခဲ့တယ် မဟုတ်လား။ ဒါကို ကျေးဇူးရှင်တွေက တခြားနိုင်ငံတွေရဲ့  တိုးတက်ဖွံ့ဖြိုးမှုတွေကို တွေ့ကြုံလေ့လာခွင့်ရဖို့ သူတို့ ကြိုးစားဖန်တီးပေးခဲ့တယ်လို့များ မျက်နှာပြောင်တိုက် ပြောချင်ပြောအုံးမှာ။ ငါ ကြုံခဲ့ဆုံတွေ့ခဲ့တဲ့ တိုင်းတပါးရောက် တရားမဝင် အလုပ်လိုပ်ကိုင်နေကြတဲ့ ရွှေမြန်မာတွေအကြောင်း ဆက်ပြောနေရင်၊ ပြောချင်တဲ့ အမှိုက်အကြောင်း ဒီနေ့ ရေးဖြစ်မှာ မဟုတ်တော့ဘူး။ နောက်မှ အခွင့်အခါသာ၊ အချိန်ပိုရှိခဲ့ရင် စာမျက်နှာ ၁၅၀၀ ကျော်ရှိတဲ့ စစ်နဲ့ငြိမ်းချမ်းရေး (War and Peace) စာအုပ်ကြီးလောက်ရေးမှ ပြည့်စုံနိုင်တဲ့ တိုင်းခြားပြည်ခြားရောက် ဆင်းရဲဒုက္ခအပေါင်းနဲ့ ရွှေမြန်မာတွေအကြောင်း ရေးတော့မယ်။ အခုတော့ ဆက်ပြောမယ့် အမှိုက်ပြဿနာကို သည်းခံဆက်ဖတ်ကွာ။
ဒီလိုပါ အလွန်သန့်ရှင်း၊ အမှိုက်သရိုက်ကင်းတဲ့ စင်္ကာပူကနေ ရွှေနိုင်ငံကြီးကို ကျော်ဒင် ပြန်လာတော့မယ်ဆိုတော့၊ ငါ မြန်မာပြည်ကို ခေတ္တခဏ ပြန်ရောက်တုန်းက အတော်လေး ဘဝင်မကျခဲ့တဲ့ အမှိုက်သရိုက်ကိစ္စကလည်း ခေါင်းထဲမှာ ရှိနေလို့ပါ။ ဒီလိုပြောတော့ မင်းတို့အနေနဲ့ ဒီကောင် တိုင်းတပါး ပြည်ပြေးဘဝ (စစ်အစိုးရ စွပ်စွဲအသုံးအနှုန်း) နဲ့ ထွက်သွားခဲ့ပြီး ဟိုမှာဒီမှာ မြင်တွေ့ခဲ့တာတွေကို အထင်ကြီး အားကျပြီး၊ ဒီလောက် သာယာလှပ စိမ်းလန်စိုပြေတဲ့ တို့ရွှေပြည်ကြီးကို ဘာတွေ ရှုတ်ချအပြစ်ရှာ ပြောအုံးမလဲ မသိဘူးလို့ အမျက်တော်မရှလိုက်ပါနဲ့။
ဒီလိုပါ … စွန့်ပစ်အမှိုက် တစက်မှမရှိ၊ တိကျတင်းကျပ်တဲ့ စည်းစနစ်တွေနဲ့ ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံကြီး (နိုင်ငံအရွယ်အစားက သေးပေမယ့်။ မြန်မာပြည်ထက် အဆပေါင်းများစွာ ကြွယ်ဝချမ်းသာ၊ အဖက်ဖက် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံဖြစ်လို့ နိုင်ငံကြီးလို့ သုံးနှုန်းလိုက်တာပါ။) ကနေ အရပ်ရှစ်မျက်နှာမှာ စည်းမဲ့ကမ်းမဲ့ အမှိုက်တွေ ထောင်ပုံရာပုံ တို့တိုင်းဌာနေ ရွှေမြန်မာပြည်ပြန်ပြီး ဒီကောင် ဘယ်လို ပြန်နေနိုင်မလဲဆိုတာကို စဉ်းစားတွေးမြင်ကြည့်တာပါ။ ဒီနိုင်ငံ (ယူအက်စ်) မှာလည်း စင်္ကာပူလောက် မတင်းကျပ်ပေမယ့် အမှိုက်သရိုက်တွေ စည်းမဲ့ကမ်းမဲ့ ပစ်ချင်တိုင်း စွန့်ပစ်လို့တော့ မရဘူး။ အမှိုက်ကို သတ်မှတ်ထားတဲ့ အမှိုက်ပုံးတွေထဲမပစ်၊ စည်းမဲကမ်းမဲ့ လမ်းပေါ်ပစ်ရင် ဒေါ်လာထောင်ရာချီ ဒဏ်ရိုက်တယ်။ ကျော်ဒင်တို့ စင်္ကာပူမှာဆိုရင် ပီကေတောင် ဝါးစားခွင့်မပြု၊ လမ်းပေါ် အမှိုက်တစလောက် စွန့်ပစ်ရင်တောင် ဒဏ်ငွေရိုက်၊ ကြိမ်ဒဏ်ခံရတယ်နော်။ အစိုးရက ဥပဒေပြဌာန်းပြီး လူတွေချိုးဖောက်မှုကို အရေးယူလုပ်ဆောင်သလို၊ အစိုးရတရပ်အနေနဲ့ လုပ်ဆောင်ရမယ့် ဝန်ဆောင်မှုတွေကို နည်းမှန်လမ်းမှန် စနစ်တကျ လုပ်ဆောင်ကြတယ်။ ဒီမှာ တချို့ အလွန်ဆင်းရဲတဲ့ ရပ်ကွက်လမ်းတွေမှာ အမှိုက်တွေ၊ ညစ်ပတ်မှုတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ မြို့ နယ်စည်ပင်က အချိန်မှန် သိမ်းဆည်းရှင်းလင်းပေးတယ်။
ပြောချင်တာက စင်္ကာပူလောက် မသန့်ရှင်းတဲ့ နိုင်ငံကနေ မြန်မာပြည်ကို ပြန်ရောက်ခဲ့တဲ့ ငါ့လိုကောင်တောင် မင်္ဂလာဒုံလေဆိပ်ကနေ အိမ်သွားလမ်းတလျှောက်၊ မြို့ ရပ်ကွက်တွေထဲ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို တွေ့မြင်တော့ အတော်လေး စိတ်ကသိကအောက်ဖြစ် ဘဝင်မကျဖြစ်တာ အမှန်ပဲ။ ဘဝင်လေဟပ်သွားတာ မဟုတ်ဘူး (တချို့ ကတော့ reverse culture shock လို့ ဆိုကြတယ်)။ ငါအမြင်မှာ ပတ်ဝန်းကျင် သန့်ရှင်းမှု၊ ထိန်းသိမ်းမှုတွေ တို့ငယ်ငယ်တုန်းကထက် ပိုဆိုးလာသလို ခံစားရတယ်။
ရန်ကုန်မြို့ ဟာ စွန့်ပစ်ခံမြို့ လို့ မင်းတို့ပြောတာကို နားလည်းလက်ခံတယ်။ ပြဿနာက မြို့ နေလူဦးရေကတော့ လျော့မသွားတဲ့အပြင် လွန်ခဲ့တဲ့ နှစ် (၂၀) ထက် အများကြီးပိုများလာတယ် မဟုတ်လား။ လူဦးရေ အဆမတန်တိုးကြပ်လာပေမယ့် တဖတ်မှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ ထိန်းသိမ်းမှုတွေ ဘာမှထူးထူးခြားခြား စနစ်တကျ ပြုပြင်တိုးတက်မှု မရှိတာကို တွေ့ရတယ်။ ကျေးဇူးရှင်တွေက ဘယ်ပြည်သူမှ လိုက်မနေတဲ့ သူတို့ ကြက်ပြေးနေပူတော်ကြီးမှာတော့ မလိုတာတွေ၊ လိုတာတွေ အကုန်တပ်ဆင် နေထိုင်ကြတယ်။ ငါ အဲဒီနေရာကိုရောက်တော့ တမြို့ လုံးလျှောက်ပတ်ကြည့်ပြီး သတိထားမိတာက အမှိုက်ဆိုလို့ အဲဒီ အသိုင်းအဝိုင်း အမှိုက်သရိုက်တွေပဲ အိမ်ကြီးခြံကြီးတွေနဲ့ မီးစုံရေစုံ နေကြတာကို တွေ့ရတယ်။ ဘာအကြောင်းပြောပြော ဒီမေတ္တာတုံးတွေအကြောင်း ရောက်ရောက်သွားတယ်။ သူတို့အကြောင်း ဆက်ပြောနေရင် ဒီစာ လိုရင်းရောက်မှာ မဟုတ်တော့ဘူး။
ရန်ကုန်အမှိုက်အကြောင်း ပြန်ဆက်ရရင် … တို့အမေအိမ်ရောက်ပြီး ပတ်ဝန်းကျင် အပြောင်းအလဲကို လျှောက်ကြည့်လိုက်တော့ အိမ်နဲ့ မလှမ်းမကမ်းမှာ ရပ်ကွက်စည်ပင်သာယာရေးရုံး နဲ့ အလုပ်သမားတန်းလျားကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒီရှေ့ နားတဝိုက်မှာ စွန့်ပစ်ထားတဲ့အမှိုက်တွေက မဟာပထဝီမြေကြီးပေါ်မှာ ဟာလာဟင်းလင်း၊ အမှိုက်ပုံး အကာအရံ အတားအဆီးမရှိ။ ခလေး၊ ခွေးဝက်ဆိတ်၊ ကြက်ဘဲငှက်၊ ခြင်ယင်ကြွက်တွေကတော့ တပျော်တပါး တရုန်းရုန်း။ တောကြီးမျက်မည်းထဲ ပြန်ရောက်သွားသလို ကြောက်စရာလန့်စရာ။ အနံ့အသက်ကတော့ မပြောနဲ့ အခုထိ နှားခေါင်းထဲ စွဲနေတုန်း။ အဲဒီနားတဝိုက် နေထိုင်ကြတဲ့ မိသားစုတွေ၊ စည်ပင်အလုပ်သမားတွေ ဘယ်လို နေနိုင်ကြလဲဆိုတာ ငါတော့ စဉ်းစားလို့မရ။ စည်ပင်အိမ်တန်းလျား အနောက်ဖက်မှာရှိတဲ့ တို့ငယ်ငယ်တုန်းက ရေကူး၊ ငါးဖမ်းခဲ့တဲ့ ချောင်းကတော့ ရေနံချောင်း ဖြစ်နေပြီ။ အမှိုက်တွေနဲ့ ပိတ်ဆို့ပြီး ရေလည်းမစီး။ ရေကူးဖို့၊ ချောင်းကမ်းပါးတလျှောက် လမ်းလျှောက်ဖို့မပြောနဲ့ အဲဒီနား ကြာကြာနေရင်တောင် ရေဆိုးရေပုပ်နံ့ကြောင့် မူးမေ့သေသွားနိုင်တယ်။
နောက်ရက်တွေမှာ သတိထားမိတာက တစ်နေ့တစ်ကြိမ်နှစ်ကြိမ် မနက်ပိုင်း၊ နေ့လည်ပိုင်းမှာ စည်ပင်အလုပ်သမားတွေ တို့အိမ်ရှေ့ လမ်းကနေ ခနော်နီခနော်နဲ့ လက်တွန်းလှည်းလေးတွန်းပြီး ဓမ္မာရုံရှေ့ နားက ပျံကျဈေးတဝိုက် လမ်းပေါ်လမ်းထောင့်တွေမှာ စွန့်ပစ်ပုံထားတဲ့ အမှိုက်တွေကို သွားသိမ်းကြတယ် (အဲဒီ့ ကျီးတွေတဝုန်းဝုန်း၊ ခွေးတွေတရုန်းရုန်း ဈေးလမ်းကပဲ ကလေးတွေ ကျောင်းသွားကြတယ်)။ ရပ်ကွက်စည်ပင် အမှိုက်သိမ်းတဲ့ပုံစံကလည်း စိတ်ဝင်စားစရာ – ဈေးက သိမ်းလာတဲ့အမှိုက်တွေ အညစ်အကြေးတွေကို သူတို့စည်ပင်ရုံးရှေ့ က အမှိုက်ပုံကြီးမှာ ဒီအတိုင်း စုပုံပစ်ထားလိုက်တယ်။ အဲဒီ အမှိုက်တွေကို နောက်ရက်တွေကြာမှ မြို့ နယ်စည်ပင်က လာသိမ်းတယ်လို့ပြောတယ်။ ငါ တစ်ချက်သတိထားမိတာက စည်ပင်အလုပ်သမားတွေနဲ့ ရပ်ကွက်ထဲကလူတွေ မေးထူးခေါ်ပြော ဆက်ဆံကြတာ မတွေ့ရဘူး။ ငါလည်း ဟိုလူမေးကြည့်မယ် ဒီလူမေးကြည့်မယ် စဉ်းစားပြီး မမေးဖြစ်ခဲ့ဘူး။ မင်းတို့သိရင် ပြောပြကွာ။
အခုနောက်ပိုင်း အဲဒီမှာ မိုးနည်းနည်းရွာတာနဲ့ လမ်းတွေ ချောင်းဖြစ်ကုန်တယ်လို့ ပြောကြတယ် (ငါ ရောက်နေတဲ့ချိန် မိုးမရွာတော့ မကြုံခဲ့ဘူး)။ ရေလျှံတဲ့ သတင်းဓါတ်ပုံတွေတော့ ကြည့်ရတယ် (ဒေါ်ရွှေရီရေ… ကားဝယ်မယ့်အစား လှေဝယ်ပြီး မိုးတွင်း ရေတက္ကစီ ပြေးဆွဲရင် ကိုက်မယ်နော်)။ တို့ငယ်ငယ်တုန်းက မိုးရွာရင် လမ်းပေါ်အထိ ရေလျှံတာ မရှိသလောက်ပဲ။ ဘာကြာင့်လဲ ပြန်စဉ်းစားကြည့်တော့ (တို့အိမ်ရှေ့ တွေ) လမ်းဝဲယာတလျှောက် ရေမြောင်းတွေရှိခဲ့တယ် မဟုတ်လား။ မိုးရွာရင် ရေတွေက လယ်ကွင်းထဲ၊ ချောင်းထဲကို အဲဒီရေမြောင်းတွေအတိုင်း စီးဆင်းသွားတယ်။ အဲဒီ မြောင်းတွေထဲမှာတောင် ငါးလေးတွေ၊ ငါးရှဉ့်တွေကို ငါတို့တတွေ ဖမ်းကြသေးတယ်။ အခု အိမ်တွေက သတ်မှတ်ထားတဲ့ ခြံမြေတွေကို ကျူးကျော်ပြီးတိုးချဲ့ ဆောက်၊ ပြီးတော့ အမှိုက်သရိုက်တွေ မြောင်းထဲပစ်ချ စွန့်ပစ်ကြတဲ့အတွက် ရေမြောင်းတွေပိတ်၊ ပျောက်ပျက်ကုန်တော့ မိုးတဖြုတ်ရွာတာနဲ့ လမ်းပေါ် ရေတွေရောက်ကုန်တာပေါ့။
ဆိုးတာက ဒီအမှိုက်အညစ်အကြေးတွေကြောင့် ရေမြောင်းတွေပိတ်ဆို့ပြီး ခြင်ယင်ကြွက်တွေ ပိုများလာတယ်နော်။ မသွားခင် ကာကွယ်ဆေးတွေ ထိုးထားလို့ဖြစ်မယ်၊ သွေးလွန်တုပ်ကွေး ဖျားနာ မဖြစ်ခဲ့ပေမယ့် လက်တွေခြေထောက်တွေမှာတော့ ခြင်တွေပေးလိုက်တဲ့ လက်ဆောင်က အခုထိ ရှိနေသေးတယ်။ အရင်တုန်းကဆို လမ်းပေါ်မှာ ကြွက်တွေ အကြောက်အလန့်မရှိ ဒိုးနေကြတာ မတွေ့ဖူးပါဘူး။ အခုတော့ လူတွေထက်တောင် လွတ်လပ်နေကြတယ်။ ကြားမိသလောက် အရင်ကထက် သွေးလွန်တုပ်ကွေး၊ ဝမ်းဖောဝမ်းလျှော ဝမ်းရောဂါတွေ၊ တခြားကူးစက်လွယ်တဲ့ ရောဂါတွေ အဖြစ်များလာတယ်နော်။ နောက်ဆို ကြွက်တွေကြောင့် ဆိုးဝါးတဲ့ ပလိပ်ရောဂါတွေ ပြန်ဖြစ်လာနိုင်တယ်။
ခက်တာက တို့တတွေ အခုအချိန်အထိ ဘာမှ မယ်မယ်ရရ အလုပ်တခု ဖြစ်မြောက်အောင်လည်း မစွမ်းဆောင်နိုင်။ ဘာလုပ်မယ်ဆိုတာလဲ ခန့်မှန်းမျှော်လင့်လို့မရ။ ဘာကိုဘာမှ အားကိုးလို့ မရတဲ့ ကျေးဇူးရှင်အစိုးရရဲ့  ဖြေရှင်းလုပ်ကိုင်ပေးမှာကို မျှော်တလင့်လင့် စောင့်မျှော်နေတာ မဟာအမှား။ သူတို့ လုပ်ပေးမှာကို စောင့်မျှော်နေရင် တို့ပြည်သူတွေ ဒီထက် ဒုက္ခပိုရောက်ကြမယ်။ ငါ့အမြင်ဆန္ဒကတော့ ကိုယ့်အိမ်ပတ်ဝန်းကျင်၊ လမ်း ၊ ရပ်ကွက် သန့်ရှင်းရေးအတွက် ကိုယ်ထူကိုယ်ထ တစ်ဦးချင်း၊ တစ်အိမ်ချင်းကနေ ရပ်ကွက်စည်ပင်နဲ့ ညှိနှိုင်းပူးပေါင်းပြီး ဒီအမှိုက်ပြဿနာကို အချိန်မီ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။ ဖြစ်နိုင်ရင် မင်းတို့ အချိန်ပေးပြီး နာရေးကူညီမှုအသင်း ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဆရာမသန်းမြင့်အောင်၊ ဆရာမဂျူးတို့ ဦးဆောင်ဖြေရှင်းနေတဲ့ ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှုတွေ၊ လှုပ်ရှားမှု ပညာပေးလုပ်ငန်းတွေကို သွားရောက်ကူညီလုပ်အားပေး၊ လုပ်ပုံလုပ်နည်းတွေ လေ့လာ၊ ပူးပေါင်းဆောင်ရွက်ပြီး တို့လမ်း၊ ရပ်ကွက်အတွင်းမှာလည်း သူတို့လို အမှိုက်ကင်းစင်ရေး လုပ်ငန်း၊ လှုပ်ရှားမှုတွေ၊ ပညာပေးဟောပြောပွဲတွေ စတင်လုပ်နိုင်ကြရင် ကောင်းမယ်။
ငါလည်း ဒီကနေ တတ်နိုင်သလောက် ထောက်ပံ့ကူညီပံ့ပိုး လုပ်ပေးသွားမယ်။ သူတို့ရဲ့  အမှိုက်ကင်းစင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ပညာပေးလုပ်ငန်း၊ ကူညီပံ့ပိုးမှုတွေ ရယူပြီး တို့တတွေ တနိုင်တပိုင် ဝိုင်းဝန်ဖြေရှင်းသွားနိုင်ရင်တော့ ကောင်းကျိုးများစွာ ရကြမယ်လို့ ငါအကြွင်းမဲ့ ယုံကြည်တယ်။ ဒါကို လူထုတာဝန်တခုလို့ တို့ပြည်သူတွေက မယုံကြည်၊ လက်မခံကြ၊ အပိုအလုပ်တွေ။ တို့တတွေ ဒီလိုပဲ အမှိုက်သရိုက်တွေနဲ့ နေလာခဲ့ကြတာ၊ ဒီလိုပဲ စွန့်ပစ်ခဲ့ကြတာ။ အစိုးရ လုပ်ရမယ့်အလုပ်၊ စည်ပင်အလုပ် တို့အလုပ်မဟုတ်ဘူး၊ မဆိုင်ဘူးဆိုပြီး နေကြရင်တော့ အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုစကားအတိုင်း ဒီနေရာမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အမှိုက်သရိုက်တွေက ရရှိလာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက မတွေးဝံ့စရာ။ ဆင်းရဲချို့ တဲ့တဲ့ အာဖရိကနိုင်ငံတချို့ မှာ ပတ်ဝန်းကျင် မသန့်ရှင်းမှု၊ စွန့်ပစ်အမှိုက်တွေကနေ ဖြစ်ပေါ်လာတဲ့ ပိုးမွှားအကောင်တွေကြောင့် အခုဆိုရင် အလွန်ထိတ်လန့်စရာကောင်း ကုရာနထ္ထိ ဆေးမရှိတဲ့ ကူးစက်ရောဂါဆိုးတွေနဲ့ လူတွေအမြောက်အမြား အသက်ဆုံးရှုံးနေကြတယ်ဆိုတဲ့ သတင်းတွေ မင်းတို့ ကြားမိမှာပါ။
ကိုကျော်သူတို့အုပ်စုကတော့ “ကိုယ့်ကိုကိုယ်ချစ်ရင် အမှိုက်ကို စနစ်တကျပစ်ပါ။ တိုင်းပြည်ကိုချစ်ရင် အမှိုက်ကို စနစ်တကျပစ်ပါ။ ဆင်းရဲတွင်းက လွတ်ကင်းချင်ရင် အမှိုက်ကို စနစ်တကျပစ်ပါ” လို့ ဟောပြောလှုံဆော်ပြီး သူ့တို့ ယုံကြည်ချက်အတိုင်း အများအကျိုးအတွက် လျှောက်လှမ်းလုပ်ဆောင်နေကြတာ အတုယူ၊ လေးစားဖို့ကောင်းတဲ့ ရပ်တည်လုပ်ဆောင်ချက်ပါ။ ငါ ထပ်ပြောချင်တာကတော့ ငါတို့တတွေ ကိုယ့်အိမ်၊ ကိုယ့်လမ်း၊ ကိုယ့်နေရာအကွက်အလိုက် စည်းရုံးလှုံဆော်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို စတင်လုပ်ဆောင်နိုင်ပါတယ်။ ကျော်ဒင်ကြီးလည်း အချိန်ပေးပြီး အလွန်ခေတ်မှီ စနစ်ကျတဲ့ စင်္ကာပူနိုင်ငံရဲ့  ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေမြောင်းစနစ်တွေကို တတ်နိုင်သလောက် လေ့လာခဲ့ကွာ။ မင်းပြန်ရောက်ရင် ဒီထက်မက တိုးချဲ့ လုပ်နိုင်တာပေါ့။
နောက်ဆုံးပြောပြချင်တာက မင်းတို့ သတိထားမိလား မသိဘူး။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတုန်းက ဂျပန် နဲ့ အိုင်ဗွီကိုစ် (Ivory Coast) အသင်း ဘောလုံးပွဲအပြီးမှာ ဂျပန်ပရိသတ်က သူတို့အသင်းရှုံးတာကို စိတ်မကောင်း အတော်ဖြစ်ကြတယ်။ ဒါပေမဲ့ ပွဲပြီးတော့ သူတို့တတွေ ထိုင်တဲ့နေရာနဲ့ ပတ်ဝန်းကျင်တဝိုက်မှာရှိတဲ့ အမှိုက်တွေကို သိမ်းယူသန့်ရှင်းပေးသွားကြတယ်။ ဘောလုံးအနိုင်အရှုံးက သတင်းမဟုတ်တော့ဘဲ၊ အဲဒီ လုပ်ရပ်က ထိပ်တန်းသတင်း ဖြစ်ခဲ့တယ်။ ဘယ်လောက် အတုယူစရာကောင်းတဲ့ နိုင်ငံကြီးသားစိတ်ဓါတ်လဲ။ မြန်မာနိုင်ငံထက် လူဦးရေ နှစ်ဆကျော် (၁၂၇.၆ သန်း)၊ အစားအသောက်၊ ပစ္စည်းသုံးစွဲမှု အဆပေါင်းထောင်ချီ များပေမယ့်၊ အမှိုက်ကင်းရှင်း၊ သန့်သန့်ရှင်းရှင်း နေထိုင်ကြတယ်။ ဒါမျိုးတွေကို တို့လူမျိုးတွေ အားကျစေချင်တယ်။
ကဲ ဆက်ရေးနေရင် စာရှည်မဖတ်ချင်တဲ့ ဒေါ်သန်းလှ က ပြောပဲပြောနိုင်လွန်းတယ်လို့ မြည်တွန်တော့မယ်။ တကယ်ပါ မင်းတို့တတွေ ငါပြောတာကို နားလည်းလက်ခံမယ်လို့ မျှော်လင့်ပါတယ်။ တိုင်းဝေးပြည်ဝေးမှာ လူမျိုးပေါင်းစုံ တိုင်းတပါးသားတွေနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ရတော့ တို့လူမျိုးကို ဘယ်နေရာသွားသွား၊ ဘယ်တိုင်းတပါးသားနဲ့တွေ့တွေ့ သန့်ရှင်းသာယာ စိမ်းလန်းစိုပြေလှပတဲ့ ရွှေမြန်မာနိုင်ငံက လာကြသူတွေလို့ ဂုဏ်ယူစေချင်တယ်။ အခုထိတော့ တို့နိုင်ငံအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ အမှိုက်အညစ်အကြေး သန့်ရှင်းမှုတွေကို အစိုးရနဲ့ ပြည်သူပြည်သားတွေ အများကြီး ပြုပြင်လုပ်ဆောင်ဖို့ လိုတယ်လို့ မြန်မာပြည် သွားရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသားမိတ်ဆွေတွေက နှားခေါင်းရှုံ့  ဝေဖန်ပြောဆိုကြတယ်။
ကောင်းပြီကွာ – ဒီကိစ္စ ဒီမှာရပ်ပြီး နောက်မှ တခြားအကြောင်းအရာတွေ ပြောကြတာပေါ့။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
မင်းတို့ရဲ့ 
ဇွန်မိုး