မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း ၆

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း ၆
မိုးမခအခန်းဆက်ဆောင်းပါး၊ ဇူလိုင် ၂၇၊ ၂၀၁၄

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့အစီရင်ခံစာ

ဗဟိုအလုပ်အမှုဆောင်က ရွေးကောက်ပွဲဝင်ရောက်ဖို့ စိုင်းပြင်းတာကအစ ရွေးကောက်ပွဲဝင်ခြင်း၊ အနိုင်ရခြင်း၊ အနိုင်ရပြီး လုပ်ဆောင်ချက်များ၊ နဝတကို ဆက်သွယ်  စာပို့ခြင်းများ၊ မိတ်ဆွေပါတီများနဲ့ ဆက်ဆံခြင်းများပါ နောက်ဆက်တွဲတွေနဲ့ ဖော်ပြတော့ တိုက်(ပ်)ရိုက်တာ စာလုံးနဲ့ ဖူးစကတ်စာမျက်နှာ (၁၆)မျက်နှာရှိပါတယ်။ အဓိက အချက်ကတော့ ရွေးကောက်ပွဲ နိုင်အပြီး ပြည်သူလူထုက အရမ်းတက်ကြွ နေတဲ့အချိန်၊ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေ ကလည်း တက်ကြွနေတဲ့ အချိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အီလည်လည် ဖြစ်နေတာကို အကြောင်းပြ ဖြေရှင်းချက်ပါပဲ။ နိဒါန်းကနေ နိဂုံးအထိ အပိုဒ်ပေါင်း (၂၉)ပိုဒ် ပါဝင်ပါတယ်။

နိဒါန်းကတော့ ရွေးကောက်ပွဲအပြီး တစ်လကြာမှ (၂၈.၆.၉၀) နေ့နဲ့ (၂၉.၆.၉၀)နေ့ များမှာ ဗဟိုဦးစီး အဖွဲ့ကို ခေါ်နိုင်ခဲ့တာက စပါတယ်။ ဒီမတိုင်ခင် တစ်လလုံးလုံး ဗဟိုအလုပ်အမှုဆောင်ဟာ အောင်ပွဲမှာ ယစ်မူး နေသလား..။ အောင်ပွဲကို ကြောက်ရွံ့နေသလား…။ ဘာမှ မလုပ်မကိုင်နဲ့ အများရဲ့ အားမလိုအားမရ ဖြစ်မှုကို ခံနေရတာပါ။ ဒါလည်း (၂၉.၆.၉၀)နေ့ မှာ လူမျိုးစု အနိုင်ရပါတီတွေက ဝိုင်အမ်စီအေမှာ အစည်းအဝေးခေါ်တော့မှ တို့လည်း မဖြစ်ဘူးဆိုပြီး လုပ်ရတာကို ပြေပြေပြစ်ပြစ် ထန်းလက်ကာပြီး တင်ပြတာလို့ ကျနော်ကတော့ မှတ်ချက်ချပါတယ်။

ဒီတော့မှ

(က)   အေးချမ်းချောမွေ့စွာအာဏာလွှဲပြောင်းရေး

(ခ)     အဖွဲ့ချုပ်ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့်တကွ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး

(ဂ)     အဝေးရောက် ကျောင်းသားလူငယ်များ အေးချမ်းစွာ ပြန်လာနိုင်ရေးတို့ကို တစ်ပေါင်းတစ်စပ်တည်း ဆောင်ရွက်သွားဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

အပိုဒ်(၁)က အပိုဒ်(၃)အထိ ဒီအချက်ပါပဲ။ အပိုဒ်(၄)မှာတော့ နဝတ ဥက္ကဌ ဗိုလ်ချုပ်စောမောင်ဆီကို လွှတ်တော် ခေါ်ယူပေးဖို့ စာတစ်စောင်ကို ဇူလိုင်လ (၉)ရက်နေ့မှာမှ ပို့နိုင်ပါတယ်။ စာကိုလည်း နောက်ဆက်တွဲမှာ ဖော်ပြထားပါတယ်။

ဒီစာတွေ ထွက်တုန်းကတည်းက ပြည်သူကို အသိမပေးရင်တောင် အနိုင်ရ ကိုယ်စားလှယ်တွေ ကိုတော့ အသိပေးသင့်တယ်။ ဒါတောင် ဇူလိုင် (၉) ရက်ဆိုတော့ အတော်ကြာနေပြီ။ ဒီစာကိုတောင်မှ အခုမှ မြင်ရပါတယ်။ အပိုဒ်(၅)မှာ ဇူလိုင်လ (၁၈)ရက်နေ့၊  ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်စားလှယ်လွှတ်ပြီး ထပ်မံ တိုက်တွန်းတယ်လို့ ဖော်ပြပါတယ်။ အပိုဒ်(၆) (၇) (၈) (၉) (၁၀)နဲ့ (၁၁)တို့မှာတော့ အဖွဲ့ချုပ်ကဒီလိုတောင်းဆိုတာဟာ မှန်ကန်တဲ့ အကြောင်းတွေကိုပဲ ဟိုကလှည့်ရေး၊ ဒီက လှည့်ရေး ရေးထားတာပါ…။  ဒါ မှန်ကန်တယ်ဆိုတာ အားလုံးက သိပြီးသားပဲ..။ အဲဒါကို ဗဟိုအလုပ်အမှုဆောင်က သွက်သွက်မလုပ်ခဲ့တာသာ ကျနော် တို့က မကျေနပ်တာပါ..။

အပိုဒ်(၁၂) မှာတော့ နဝတကို ဇွန်လ(၂၁)ရက်နဲ့ ဇူလိုင်(၉)ရက် မှာလည်း စာပို့တဲ့အကြောင်းပါပဲ။ အပိုဒ်(၁၄)မှာတော့ နဝတ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်က ဇူလိုင်(၁၁)ရက်နေ့စွဲနဲ့ အဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း(၂၇)ခုကို အကြောင်းပြန်စာ ပေးပါတယ်။

ဒါကလည်း …ဒီပါတီတွေကိုတွေ့ဆုံရန်အစီအစဉ်ရှိပါတယ်။ ဒီပါတီတွေဘက်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ဥပဒေပါအချက်အလက်တွေကို ပြီးပြည့်စုံအောင် လုပ်ထားပါဦးလို့ပါပါတယ်။ ရွေးကောက်ပွဲမှာ ရှစ်ဆယ် ရာခိုင်နှုန်းကျော် နဲ့အနိုင်ရခဲ့တဲ့၊ အစိုးရဖွဲ့နိုင်တဲ့ အင်အားရှိတဲ့ အဖွဲ့ကြီးကို ထူးထူးခြားခြား ဘာမှ အရေးတယူ မရှိဘူး ပြောလိုက်တာပါပဲ။

အပိုဒ်(၁၅)မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က (၁၃.၇.၉၀)နေ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ချင်းကို နဝတ က တွေ့မှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားကြောင်း ဖော်ပြပါတယ်။ အပိုဒ်(၁၇) မှာတော့ တခြား အနိုင်ရ ပါတီများနဲ့ ညှိနှိုင်းမှုများ လုပ်နေပြီး အောင်မြင်မှု အသင့်အတင့် ရရှိနေကြောင်း တင်ပြပါတယ်။အပိုဒ်(၁၉)မှာတော့ ဥက္ကဌဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဖော်ပြပြီး အပိုဒ်(၂၁)မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ ပြဿနာအားလုံးရဲ့ အဓိကအချက် ဖြစ်တယ်လို့ ခံယူတဲ့အလျောက် ဆိုတဲ့ စကားလုံးကို သုံးလာပါတယ်။ ရွေးကောက်ပွဲ ပြီးကာစ ကျနော်တို့ ပြောတုန်းကတော့ ပြန်ဖြေပုံက တစ်မျိုး…။ ထားပါတော့လေ လိုင်းကွဲ မသွားသေးတာပဲ တော်သေးတာပေါ့..။အရင်က လက်မခံပေမယ့် အခုလက်ခံလာတာပဲ ကျေးဇူးတင်ရပါသေးတယ်။

အားလုံး စာမျက်နှာ(၁၆)မျက်နှာကို ဖတ်ပြီး အားမရပါဘူး။

ဒါပေမယ့်လည်း ရှေ့ဆက်ပြီး ပဏာမ ညှိနှိုင်း ဆွေးနွေးပွဲကြီး အောင်အောင်မြင်မြင် ပြီးရေးနဲ့ နောက်ထပ် ဆက်လက် လုပ်ဆောင်ရမယ့် အလုပ်တွေ ကိုပဲ အဓိက အာရုံထားရ တော့မှာပါပဲ..။ ဗဟိုအလုပ်အမှုဆောင် အစီရင်ခံစာပြီးသွားတော့ ထုံးစံအတိုင်း လက်ခုပ်တစ်ချက်နှစ်ချက် တီးပေးလိုက်ပါတယ်..။

အခမ်းအနားအစီအစဉ် (၆) ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့အစည်းအဆင့်ဆင့်နှင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်ဆံရေးလမ်းညွှန်စာတမ်းကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးအောင်ရွှေက တင်သွင်းပါတယ်။ ဒီစာတမ်းက မိုးကျရွှေကိုယ် လွှတ်တော်ကိုယ်စားလှယ်များကို ရည်ညွှန်းထားတာပါ။ ကျနော်တို့လို ကိုယ့်မြို့ကကိုယ် အရွေးခံတဲ့ သူတွေအတွက် ပြဿနာမရှိပါဘူး။ ရန်ကုန်မှာနေပြီး နယ်ဆင်းအရွေးခံတဲ့သူတွေ၊ အရွေးခံ ချိန် ရွေးကောက်ပွဲကာလမှာတောင် မြို့နယ်အဖွဲ့ရုံး လောက်သာ ရောက်ခဲ့ဖူးကြတဲ့သူတွေအတွက် လမ်းညွှန်တာပါပဲ..။

    “  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ”

အစီအစဉ်(၇)မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စပ်လျဉ်းတဲ့ အစီရင်ခံစာကို ဗဟိုအလုပ်အမှုဆောင် ဦးချမ်းအေး(မောင်စူးစမ်း)က တင်သွင်းပါတယ်။ သူက မော်လမြိုင်(၂) လွှတ်တော် ကိုယ်စားလှယ်ပါ။ ရွေးကောက်ပွဲ မကျင်းပမီကတည်းကပဲ ရွေးကောက်ပွဲပြီးရင်   အနိုင်ရပါတီဟာ ဒီမိုကရေစီအခြေခံ ဥပဒေကြီးကိုလည်း အဖွဲ့ချုပ်က ချမှတ်ထားတဲ့မူအရ မရေးဆွဲ၊ အတည်မပြုနိုင်သေးခင် ကြားကာလတစ်ရပ်ကို   ဖြတ်သန်းသွားရမယ်လို့   ကြိုတင်  မျှော်မှန်းခဲ့ပြီး ဖြစ်လို့   ကြားကာလ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ရေးဆွဲဖို့ စီမံခဲ့တဲ့အကြောင်း တင်ပြပါတယ်။

အဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(ယာယီ) ရေးဆွဲနိုင်အောင် အခြေခံသဘောထားတွေ ချပေးထားတာ (က) ကနေ (ဇ)အထိ ပါပါတယ်။ ဒီမူတွေအရ အစည်းအဝေးပေါင်း အကြိမ်(၂၀) စည်းဝေး ဆွေးနွေးပြီး ၁၉၉၀ ပြည့်နှစ် ဧပြီလ(၂၅)ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြခဲ့ပါတယ်။ တစ်ခါ ဗဟိုအလုပ်အမှုဆောင်က ဒီ မူကြမ်းကို စိစစ်ဖို့ စိစစ်ရေးအဖွဲ့ကို ၁၉၉၀ ပြည့် ဇွန်လ(၈)ရက်နေ့ ဖွဲ့စည်းပေးခဲ့ပါတယ်။  ဇွန်လ (၁၂)ရက်နေ့က   ဇွန်လ (၂၃) ရက်နေ့   အကြား     ဒီစိစစ်ရေးအဖွဲ့က  အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး ဇွန်လ(၂၃)ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို   ပြန်လည်တင်ပြခဲ့ပါတယ်…။ ဗဟိုအလုပ်အမှုဆောင်က အချက်(၈)ချက်ကို   ပြန်လည်ပြင်ဆင်ဖို့  ညွှန်ကြားခဲ့လို့ ဇူလိုင်လ (၂၀)ရက်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေ(ယာယီ) ရေးဆွဲရေးအဖွဲ့နဲ့  စိစစ်ရေးအဖွဲ့က ပူးတွဲအစည်းအဝေးထိုင်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်တင်ပြခဲ့ပါတယ်..။

ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း)ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အပိုဒ်(၂၂)ပါ တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ သဘောထား ခံယူချက်များနှင့်အညီ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးများ ပါရှိစေရန် ဦးတည်ထားတယ် ဆိုတာလည်း ပါပါတယ်။ ဒါကိုပဲ အတည်ပြုထားပြီး   ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(ယာယီ)နဲ့ပဲ အာဏာ လွှဲပြောင်းရေးကို ဆောင်ရွက်မယ့် သဘောပါပါတယ်။

ဒါပေမယ့် အဓိက လိုအပ်ချက်ကတော့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ(ယာယီ) မူကြမ်းကို ကျနော်တို့ ကိုယ်စားလှယ်အများစု  မဖတ်ဖူးသေးတဲ့ အပြင် အဓိက ပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတာ တင်ပြမထားတော့ …ကျနော်တို့ နားထောင်နေရင်း တစ်မျိုးကြီးဖြစ်နေပါတယ်..။ အခြားအနိုင်ရ လူမျိုးစု အဖွဲ့အစည်း တွေနဲ့ ကိုယ်စားလှယ်တွေက ကော..ဘယ်လိုသဘောထားမလဲ..။ သူတို့နဲ့ရော ကြိုတင်ညှိနှိုင်းထား ပြီးပြီလား..။ကျနော် တို့ကတော့   ကိုယ့်အဖွဲ့ရဲ့ အခြေအနေအရ လုပ်ရတာမို့ မျက်စိမှိတ်ပြီး လက်ခံလို့ရမှာ ဖြစ်ပေမယ့် … လူမျိုးစုတွေကတော့   ပြည်ထောင်စုကို ဘယ်နှစ်ပြည်နယ်နဲ့ ဖွဲ့စည်းမလဲ ဆိုတာလောက်တော့ သိချင်ကြပေလိမ့်မယ်လို့…ထင်မိပါတယ်။

ဗမာလူမျိုးစုကို တစ်ပြည်နယ် အနေနဲ့ လက်ခံမလား.။ဒါကိုတောင်မှ အရိပ်အမြွက် ဘယ်တုန်းကမှ ဗဟိုက မဖော်ပြ ဖူးတော့ ကျနော့်  စိတ်ထဲ အားမလို အားမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်း  အပိုဒ်(၂၂)ရဲ့  အနှစ်သာရကို  ပြန်ဖတ် ကြည့်ရဦးမှာပဲလို့   အောက်မေ့ ရတော့တာပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts