အတွေးအမြင် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ(ITBMU) – အမြင်မတူတဲ့အတွေးများနှင့် ငြိမ်းချမ်းရေးကို မည်သို့ တည်ဆောက်ကြမည်နည်း

ဒေါက်တာဓမ္မပိယ(ITBMU) – အမြင်မတူတဲ့အတွေးများနှင့် ငြိမ်းချမ်းရေးကို မည်သို့ တည်ဆောက်ကြမည်နည်း
မိုးမခဆောင်းပါး၊ ဇူလိုင် ၂၈၊ ၂၀၁၄

မြန်မာနိုင်ငံတော်ကြီးကို မေတ္တာရိပ်အောက်မှာ အစဉ်ထာဝရ ငြိမ်းချမ်းစေချင်လွန်း၍  ဟိုတွေးဒီတွေး တွေးမိရာကအစ တွေးစိတ်များကို ပြန်လည်သုံးသပ်မိတယ်။ လူတွေ ဘာ့ကြောင့်တွေးကြသနည်း။

လူ့ဘဝနဲ့အတွေး။ လူ့ဘဝကိုရလာသူတိုင်း အတွေးဆိုတာရှိစမြဲပါ။ အတွေးကိုအခြေခံပြီး အထက် တန်းစား ဘဝများသို့ ရောက်ရှိသွားသူများရှိသလို၊ အတွေးကိုအခြေခံပြီး အောက်တန်းစားဘဝများသို့ ရောက် သွားသူတွေကလဲဒုနဲ့ဒေး။ လူ့ဘဝမှာအရေးပါလှတဲ့ အတွေးဆိုတဲ့အရေးကိစ္စမှာ မှန်ကန်တဲ့အတွေး၊ မှားယွင်းတဲ့ အတွေး၊ ဒီအတွေးနှစ်မျိုးကို ဘယ်သင်းကအရင်စလို့ ဘယ်သင်းကိုနောက်ချပြီး တွေးသင့်တယ်ဆိုတာ တွေးကြည့်နိုင်ကြဖို့ပါ။

ဒီအတွေးနှစ်မျိုးကို မစဉ်းစားမီ စဉ်းစားစရာတစ်ခု ဖြစ်လာတာက အတွေးဆိုတာဘာလဲ။ အတွေးကို ဗုဒ္ဓအဘိဓမ္မာ (ဗုဒ္ဓစ်(စ်)ဆိုက်ကိုလိုဂျီ) မှာ “ဝိတက္က” လို့ အသုံးရှိပြီး၊ မြန်မာမှုပြုတော့ “ဝိတက်”၊ မြန်မာလို အဓိပ္ပါယ်ပြန်တော့ “အတွေး”တဲ့။ “ညကဝိတက်တွေများနေလို့ အတော်နဲ့ကို အိပ်မပျော်နိုင်ဘူး”ဆိုတဲ့ စကား  အသုံးအနှုံးကို လူတိုင်းနီးနီးကြားဖူးမှာပါ။ အတွေးမှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့လို့ တွေးချင်ရာတွေး လို့တော့မသင့်တော်ဘူး။ ဘာကြောင့်လဲဆိုရင် တွေးတတ်ရင် ကုသိုလ် (စိတ်) ဖြစ်နိုင်ပြီး၊ မတွေးတတ်ရင်တော့ အကုသိုလ်(စိတ်)တွေ ဖြစ်သွားနိုင်တယ်။ ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့အလေ့အကျင့်မျိုးဆိုတာ အလေ့ အကျင့်လုပ်ထားမှဖြစ်နိုင်တာ။ ဒီလိုဆို ကုသိုလ်ဖြစ်အောင် ဘယ်လိုတွေးမလဲ။

ဗုဒ္ဓအဘိဓမ္မာအရဆိုရင် “အတွေး”ကို စိတ်ကဆောင်ရွက်တာမဟုတ်ဘူး။ စေတသိက်က ဆောင်ရွက် တာဖြစ်တယ်။ စိတ်ကတခြား၊ အတွေးကတခြား။ “တွေးတဲ့” ကိစ္စကို စေတသိက်(၅၂)ပါးထဲမှာပါတဲ့ ဝိတက်ဆိုတဲ့ စေတသိက်က ဆောင်ရွက်တာ။ လူအတော်များများဟာ စိတ်နဲ့ အတွေးကို အတူတူပဲလို့ ထင်မှတ် ထားကြတာ။ အဘိဓမ္မာသဘောအရ အာရုံကိုသိတတ်တဲ့စိတ်ကတစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီးဖြစ်ပေါ်လာတဲ့ စေတသိက်ကတစ်မျိုး ဒါကို ခွဲခြားသိနိုင်ဖို့ပါ။ အလားတူပင် ချစ်စိတ်၊ မုန်းစိတ်၊ မနာလိုစိတ်၊ ဝန်တိုစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဆိုရာမှာလဲ ခွဲခြားသိဖို့ပါ။ အကျဉ်းချုပ်အနေနှင့် မှတ်သားထားသင့်တာကတော့ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့အမည်နာမပဲလို့ ရိုးရိုးရှင်းရှင်းလေးပဲ မှတ်ထားဖို့ပါ။

လူတိုင်းလူတိုင်း ဘဝအခက်အခဲတွေကို တွေ့ဖူး၊ ကြုံဖူးကြတာချည်းပဲ။ မတွေ့ဖူး၊ မကြုံဖူးသူရယ်လို့ ဒီလောကမှာ ရှိမှမရှိနိုင်တာ။ လူဆိုတာ ဘဝအခက်အခဲတွေနဲ့ကြုံလာပြီဆိုရင် တစ်စုံတစ်ခုကိုလုပ်ဖို့ တွေးတတ် ကြတယ်။ “လူဟာ ကြံရင်းသေတယ်၊ ငှက်ဟာ ပျံရင်းသေတယ်” “လူဟာ တွေးရင်းသေတယ်၊ မြင်းဟာ ပြေးရင်သေတယ်”ဆိုတဲ့ စကားပုံတွေလဲ ရှိနေတာပဲ။ တွေးတာဟာ လူတွေရဲ့ဓမ္မတာသဘောလို့ဆိုနိုင်ပေမဲ့ လောကအကြောင်းကို တွေးတဲ့အခါမှာ တွေးသင့်တဲ့ အရာရှိသလို၊ မတွေးသင့်တဲ့အရာတွေလဲ ရှိနေတယ်။ မှန်ကန်စွာ တွေးတတ်ရင် မဂ္ဂင်(၈)ပါးမှာပါဝင်တဲ့ သမ္မာသင်္ကပ္ပ (မှန်ကန်သောအတွေး)ဖြစ်လို့ နိဗ္ဗာန်ရောက် ကြောင်းလမ်းစဉ်တစ်ခုဖြစ်တယ်။ မှားမှားယွင်းယွင်းတွေးပြီဆိုရင်တော့ အဲဒီအတွေးကိုအခြေခံပြီး ထင်ရာစိုင်း တတ်ကြတယ်။ အဲဒီထင်ရာမြင်ရာစိုင်းတဲ့အမှုက အပါယ်လေးပါးထိ ကျသွားနိုင်တယ်။

သာသနာသမိုင်းမှာထင်ရှားလှတဲ့ ဒေဝဒတ်ရဲ့အတွေးမျိုးကို ဒီနေရာမှာ နမူနာအဖြစ်ထုတ်ပြချင်တယ်။ မဖြစ်စလောက်လေး သူရထားတဲ့တန်းခိုးကို အဟုတ်ကြီးထင်ပြီး သူ့ကိုယ်သူ စိတ်ကြီးဝင်နေခဲ့တယ်။ တန်းခိုးရှင်ဖြစ်တဲ့ ဘုရားကိုသတ်ပြီး သူကိုယ်တိုင် ဘုရားလုပ်မယ်ဆိုတဲ့အတွေး။ ကိုယ်တွေးတဲ့အတွေးကို “မှားတယ်၊ မှန်တယ်” ပြန်လှန်မတွေးနိုင်တော့ သူဒုက္ခရောက်တာပေါ့။ အတွေးနောက် စိတ်ပါပြီး မလုပ်သင့် တာတွေကိုလုပ်ခဲ့တယ်။ မှားယွင်းတဲ့ အတွေးကိုအခြေခံပြီး မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့ အတွက်ကြောင့် ငရဲမှာကျပြီး ဆင်ရဲဒုက္ခတွေကို ခံစားရတော့တယ်။ ဒါကြောင့် အတွေးစိတ်ဆိုတာ ဒီလောက် အရေးမကြီးဘူးလို့ထင်ရပေမဲ့ မတွေးတတ်ရင် ငရဲထိ ကျသွားနိုင်တယ်ဆိုတာကို သတိပြုနိုင်ဖို့ပါ။

အတွေးက နှစ်မျိုးနှစ်စားရှိနိုင်တယ်။ နံပါတ်(၁) မှားယွင်းတဲ့အတွေး၊ နံပါတ်(၂) မှန်ကန်တဲ့အတွေး ဒီနှစ်မျိုးပါ။ တွေးစိတ်မှာ အစွမ်းသတ္တိတွေပါဝင်တယ်။ မှားယွင်းတဲ့အတွေးမှာ အပြစ်တွေပါဝင်နေတယ်၊ ထိုအပြစ်တွေက ဆင်းရဲတဲ့အကျိုးတွေကို ပေးစေတယ်။ မှန်ကန်တဲ့အတွေးမှာ အပြစ်ကင်းစင်တဲ့ ဂုဏ် သတ္တိတွေ ပါဝင်နေတယ်။ အဲဒီဂုဏ်သတ္တိတွေက ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်။

ကိုယ့်ကိုယ်ကို မေးကြည့်ဖို့ လိုလာတယ်။ လူ့ဘဝမှာနေရတုံး ထိုခဏလေးမှာ ဘယ်လို အတွေးမျိုးနဲ့ နေမှာလဲ။ မှားယွင်းတဲ့ အတွေးနဲ့နေမှာလား၊ မှန်ကန်တဲ့အတွေးတွေနဲ့နေမှာလား။

လောကသဘောအရ မှန်ကန်တဲ့အတွေးကို မှားယွင်းတဲ့အတွေးထက်ပိုပြီး အရင်ဖြစ်သင့်တယ်လို့ ထင်ရပေမဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ သာဝကများအား လမ်းညွှန်တဲ့အခါမှာ အမှန်လုပ်ဖို့ထက် အမှားမလုပ်ဖို့ကို အရင်ညွှန်ပြတယ်။ လိုက်ရမဲ့လမ်းထက် မလိုက်ရမဲ့လမ်းကို အရင်ညွှန်ပြတယ်။

ဓမ္မစက္ကပဝတ္တနသုတ္တံမှာ အစွန်း(၂)ပါးဖြစ်တဲ့ မလိုက်သင့်တဲ့လမ်းကို အရင်ညွှန်ပြပြီး၊ လိုက်သင့်တဲ့ မဇ္ဈိမပဋိပဒါလမ်းကိုတော့ နောက်မှညွှန်ပြထားတာကိုတွေ့ရတယ်။ မင်္ဂလသုတ်မှာလည်း အသေဝနာ စ ဗာလာနံ (လူမိုက်ကို မပေါင်းရဘူး)ဆိုတဲ့ မလုပ်သင့်တဲ့အရာကို အရင်ညွှန်ပြပြီး၊ ပဏ္ဍိတာနဉ္စ သေဝနာ (ပညာရှိကို ပေါင်းရမယ်)ဆိုတဲ့ လုပ်သင့်တဲ့အရာကို နောက်မှညွှန်ပြထားတာကို တွေ့ရတယ်။

သဘာဝကျပါတယ်။ လိုက်ရမဲ့လမ်းကို မလိုက်ရင် အဆင်မပြေရုံပဲရှိမယ်။ ဒုက္ခတော့ မရောက်နိုင်ဘူး။ မလိုက်ရမဲ့လမ်းကို လိုက်မိရင်တော့ အဆင်လဲမပြေနိုင်ဘူး။ အကြီးအကျယ်လဲဒုက္ခရောက်သွားနိုင်တယ်။ အဖေကိုသတ်ခဲ့မိတဲ့ အဇာတသတ်မင်းသားလေးရဲ့ ဖြစ်အင်ကို ကြည့်နိုင်တယ်။ အဇာတသတ်မင်းသားဟာ တကယ်တော့ သူတော်ကောင်းလေးပါ။ မပေါင်းသင်း၊ မပေါင်းထိုက်တဲ့လူကို ပေါင်းသင်းမိလို့  သူ့ဘဝမှာ ပေးဆပ်လို့မကုန်နိုင်တဲ့အမှားတွေကို လုပ်ခဲ့မိတယ်။ ဒါဟာ သင်ခန်းစာယူသင့်တဲ့အချက်ပဲ။ အတွေးမှားရင် အယူမှားတတ်တယ်၊ အယူမှားရင်တော့ အလုပ်ပါ မှားတတ်တာမို့ စနစ်တကျတွေးတတ်အောင် လေ့ကျင့် သင်ယူထားသင့်တယ်ဆိုတဲ့အချက်ပါ။ တွေးတတ်ရင် ချမ်းသာမယ်။ မတွေးတတ်ရင် ဆင်းရဲမယ်။ ဒါဟာ သီအိုရီပဲ။

အဘိဓမ္မာသဘောနဲ့နှီးနှောပြီးပြောရရင် အတွေးဆိုတာ အမျိုးမျိုးရှိနိုင်သေးတယ်။ လောဘနဲ့တွေးတဲ့ အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ မောဟနဲ့တွေးတဲ့အတွေး၊ မာနနဲ့တွေးတဲ့အတွေး၊ မေတ္တာနဲ့တွေးတဲ့အတွေး၊ ကရုဏာနဲ့တွေးတဲ့အတွေး-စသည်ဖြင့် အတွေးပေါင်းက ထောင်သောင်းမကရှိနိုင်တယ်။ ကိုယ်တွေးချင်သလို တွေးလို့ရတယ်။ ဒါပေမဲ့ တွေးတတ်ရင် သက်သာမယ်။ မတွေးတတ်ရင် ခံရမယ်။ လောဘနဲ့တွေးရင် လောဘနှင့်ယှဉ်တဲ့အတွေးဖြစ်တယ်။ အဖြောင့်ပြောတော့ လောဘအတွေးဆိုတာ လောဘစေတသိက်နှင့် ယှဉ်တွဲနေတဲ့ အတွေး(စိတ်)ကိုပြောတာ။ ဒေါသအတွေးဆိုတာဒေါသစေတသိက်နဲ့ယှဉ်တွဲနေတဲ့ အတွေးကို ပြောတာ။ ဒီလောက်ဆိုရင် အတွေးသရုပ်ကို မှန်းဆနိုင်တယ်။ လောဘနဲ့တွေးတွေး၊ ဒေါသနဲ့တွေးတွေး၊ ဒီအတွေးမျိုးတွေကို အဘိဓမ္မာရှုထောင့်က ကြည့်ရင် မကောင်းတဲ့အတွေးတွေဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ထိုအတွေးတွေကို အခြေခံပြီး ဆင်းရဲးဒုက္ခတွင်းထဲကို ကျသွားနိုင်လို့ပါ။

ဒါပေမဲ့ တချို့က ဒီလိုအတွေးမျိုးတွေကိုတွေးတာ ကောင်းတယ်လို့ Debate (စကားစစ်ထိုးခြင်း၊ စကားရည်လုခြင်း)လုပ်လိုကြတယ်။ “လောဘနဲ့တွေးပြီး အလုပ်လုပ်တော့ စီးပွားတွေ ပိုဖြစ်ထွန်းတယ်၊ ပိုမို အောင်မြင်တယ်”လို့ ထင်တတ်ကြတယ်။ တကယ်ဆိုရင် လောဘကြောင့် စီးပွားဖြစ်တာမဟုတ်။ ဘယ်လို စီးပွားဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဥာဏ်နှင့်ယှဉ်တဲ့ အတွေးက ၀ီရိယကိုဦးစီးပြီး အလုပ်လုပ်လို့ ကြီးပွားတာပါ။ လောဘသက်သက်နှင့် တွေးနေရုံကတော့ (အကုသိုလ်စိတ်ဖြစ်ရုံမှတပါး) ဘာမှဖြစ်လာနိုင်မည်ဟုတ်ပါ။

နောက်ပြီး လောဘဇောတိုက်ပြီး ရှာဖွေထားတဲ့ စီးပွားဥစ္စာတွေဟာ ချမ်းသာကြွယ်ဝမှုရဲ့နောက်ကွယ်မှာ ပူစရာ၊ ပင်စရာတွေ အများကြီးရှိနေတတ်တယ်။ ဒီအခြေအနေမျိုးမှာ မတွေးတတ်ရင် အောင်မြင်မှုကြောင့် သွေးနားထင်ရောက်နေတတ်ပြီမို့ အတ္တကြီးစိုးတဲ့မာနတွေ၊ ဒေါသတွေ၊ မောဟတွေ၊ ဣဿာမစ္ဆရိယတွေက ထိုသူရဲ့နှလုံးသားထဲကို တန်းစီပြီးဝင်လာတယ်။ အတ္တတရားတွေ၊ မာနတရားတွေကြောင့် ထိုသူရဲ့စီးပွား ဥစ္စာတွေ မပျက်စီးသင့်တဲ့အချိန်မှာပဲ ပျက်စီးရတတ်တယ်။ ဒီလိုဖြစ်ရတာဟာ ထိုသူရဲ့သန္တာန်မှာရှိနေတဲ့ အတ္တတွေ၊ မာနတွေ၊ ဒေါသတွေကြောင့် ဖြစ်ရတယ်ဆိုတာ အဖြေကရှင်းနေတယ်။ ကိုယ်ပိုင်လွတ်လပ်တဲ့ အတွေးနဲ့ ကိုယ်တိုင်ဆင်ခြင်နိုင်ဖို့ပါ။

အတ္တပါတဲ့အတွေး၊ မာနပါတဲ့အတွေး၊ ဒေါသပါတဲ့အတွေးမျိုးတွေဆိုတာ စိတ်ကိုပူလောင်စေတယ်။ ဣဿာ မစ္ဆရိယပါတဲ့အတွေးမျိုးကတော့ စိတ်ကိုပင်ပမ်းစေတယ်။ မေတ္တာစိတ်နဲ့တွေးတဲ့အတွေးမျိုးကြတော့ စိတ်ကိုလည်း ချမ်းသာစေတယ်။ ကျေလဲကျေနပ်စရာကောင်းတယ်။ လူတစ်ယောက်ဟာ မေတ္တာစိတ်နဲ့ နေနိုင်ပြီဆိုရင်တော့ လောကကြီးတစ်ခုလုံးဟာ အလှတရားတွေချည်း ဖြစ်နေတော့တယ်။ ထို့ကြောင့် ဘဝမှာ အေးအေးချမ်းချမ်းနဲ့နေလိုသူများဟာ မေတ္တာစိတ်နဲ့နေကြဖို့ပါ။ ဝမ်းသာပီတိမျိုးနဲ့ နေချင်ရင်တော့ မုဒိတာစိတ်နဲ့ နေကြဖို့ပါ။ တည်ငြိမ်တဲ့ဘဝမျိုးလေးကို မြတ်နိုးတယ်ဆိုရင်တော့ ဥပေက္ခာနှလုံးသားမျိုးနဲ့ နေနိုင်အောင် ကြိုးစားနေထိုင်ကြဖို့ပါ။

တစ်ခုတော့သတိပေးပါရစေ။ တွေးတဲ့အခါမှာ အတွေးတွေ မရောထွေးဖို့လဲ အရေးကြီးတယ်။ အတွေးတွေက ရောထွေးလာပြီဆိုရင် အမှားကိုအမှန်ထင်၊ အမှန်ကိုလဲအမှားထင်တတ်တယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အတွေးတစ်ခုကို လက်ခံမိရာက ကြီးမားတဲ့အမှားကြီးကို ယုံကြည်သွားတာကိုပြောတာ။ ဒါကြောင့် မိမိယူထားတဲ့ အယူဝါဒတစ်ခု (သို့မဟုတ်) မိမိယုံကြည်ထားတဲ့ယုံကြည်မှုတစ်ခု ကြီးထွားလာပြီဆိုရင်တော့ စာနဲ့ပေနဲ့တိုက်ဆိုင်ကြည့်ဖို့တော့ လိုလိမ့်မယ်ထင်တယ်။ တိုက်ဆိုင်ကြည့်တော့ အမှားနည်းတာပေါ့။

ဥပမာလေးတစ်ခုကို ထုတ်ပြမယ်။ လောဘစိတ်ဆိုတာ လိုချင်တဲ့ အကုသိုလ်စိတ်လို့ ကြားဘူး ထားတော့ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားကိုလိုချင်တာ၊ စာတွေပေတွေတတ်ချင်တာ၊ ဆင်းရဲသူများကို ပေးကမ်း လို၍ ပစ္စည်းဥစ္စာများကိုလိုချင်တာ-စတဲ့ ဒီလိုချင်မှုမျိုးတွေဟာ အကုသိုလ်တရားတွေလို့ အထင်ရောက်သွား တတ်ကြတယ်။ အထင်မမှားစေချင်ဘူး။

တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဒီအတွေးမျိုးတွေကို အထင်မမှားစေချင်၍ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်(နှာ ၂၄)မှာ မေတ္တာစိတ်နဲ့ ရေးသားဖေါ်ပြထားတယ်။ မုဒိတာစိတ်နဲ့ဖတ်ရှုဖို့ပါ။ “လိုချင်မှုသဘောသည် လောဘတည်း။ “လိုချင်”ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘဟုဆိုသည်။ နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကိုပေးကမ်းလို၍ ပစ္စည်းကို လိုချင်မှု-စသော ကောင်းသောအရာ၌ လိုချင်မှုမျိုးကား လောဘမဟုတ်။ ဆန္ဒ (ကုသလစ္ဆန္ဒ) သဘောသာဖြစ်ပေသည်”ဟု အတွေးမှားနေသူများကို အတွေးမှန်ဖို့ထောက်ပြတော်မူခဲ့တယ်။ အတွေးနဲ့စပ်ပြီး ဆင်ခြင်သင့်တဲ့အရာမျိုးတွေကို ဆင်ခြင်နိုင်ကြပါစေ။

တွေးတယ်ဆိုတာ တစ်ဦးတစ်ယောက်အတွက် (သို့မဟုတ်) တစ်စုံတခုအတွက် တစ်ခုခုကိုပြုလုပ် ပေးလို၍ ကြောင့်ကြစိတ်နဲ့တွေးတာမျိုးလဲ ရှိတတ်ပါတယ်။ ပြုလုပ်နိုင်စွမ်းမရှိပဲနဲ့ တောင်မြောက်လေးပါး၊ ထွေရာ လေးပါးကို တွေးတဲ့အတွေးမျိုးတွေလဲ ရှိနေတတ်ပါသေးတယ်။ အများအတွက် တစ်စုံတစ်ခုကို ပြုလုပ်ပေးချင်လို့ တွေးတဲ့အတွေးမျိုးကတော့ ဘုရားရဟန္တာများတောင် မကင်းနိုင်ပါ။

သိဒ္ဓတ္ထဘုရားလောင်းလည်း ဗောဓိပင်ရင်းမှာ ဘုရားဖြစ်ပြီးတဲ့နောက် သူရရှိထားပြီးတဲ့ တရားတော် များကို အပြန်အလှန် ဆင်ခြင်ကြည့်တော်မူတယ်။ “ငါဘုရားသိထားတဲ့ တရားတော်တွေဟာ အလွန်ကိုသိမ်မွေ နက်နဲတယ်။ သိနိုင်ဖို့၊ မြင်နိုင်ဖို့ဆိုတာ ပုထုဇဉ်တွေအတွက်အလွန်ခက်ခဲလိမ့်မယ်။ ကြံစည်စဉ်းစားရုံမျှနဲ့လဲ ဥာဏ်မှာမထင်နိုင်တဲ့တရားမျိုး။ အာရုံများတဲ့ (အတွေးများတဲ့) ပုထုဇဉ်တွေကို တရားဟောလဲ ပင်ပမ်းရုံပဲ ရှိလိမ့်မယ်။ တရားမဟောပဲကြောင့်ကြမဲ့နေပြီး တရားချမ်းသာနဲပဲနေရတာ ကောင်းလိမ့်မယ်ထင်တယ်”လို့ အကြံဖြစ်တော်မူတယ်။

ဆိုလိုတာက မြတ်စွာဘုရား ဒီအတွေးကိုတွေးမိတယ်။ မြတ်စွာဘုရား ဒီလိုတွေးနေတာကို သဟမ္ပတိဗြဟ္မာကြီးက သိနေတယ်။ “ဒုက္ခပဲ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ တရားမဟောပဲနေခဲ့ရင် လောကကြီးတော့ ပျက်စီးတော့မှာပဲ”လို့ တွေးမိပြီး လူ့ပြည်ကို ချက်ချင်းပဲဆင်းလာတယ်။ ဘုရားကိုဖူးမျှော်ပြီး တရားမဟောပဲမနေဖို့ လျှောက်ထားတယ်။

သဟမ္ပတိဗြဟ္မာကြီး လျှောက်ထားပုံက – “အရှင်ဘုရား သတိတရားရတော်မူပါ၊ အရှင်ဘုရား သုမေဓာ ရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာ ဘုရားဆုကို ပန်ယူခဲ့စဉ်အခါက “ငါသာ သစ္စာလေးပါးတရားကို ထိုးထွင်းသိခဲ့မယ်ဆိုရင် သတ္တဝါတွေကိုလဲ သိစေမယ် (ဗုဒ္ဓေါ ဗောဓေယျ)ံ။ ငါသာ သံသရာအနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့မယ်ဆိုရင် သတ္တဝါတွေကိုလည်း လွတ်မြောက်စေမယ် (တိဏ္ဏော တာရေယျံ)။ ငါသာ မွန်းကျပ်နေတဲ့ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်ခဲ့ မယ်ဆိုရင် သတ္တဝါတွေကိုလည်း လွတ်စေရမယ် (မုတ္တော မောစေယျံ)”လို့ အရှင်ဘုရား ကြွေးကြော်ခဲ့ဘူးသည်ကို အမှတ်ရတော်မူပါဘုရား”တဲ့။

ဗြဟ္မာကြီးဟာ ဘုရားတရားမဟောပဲနေမှာစိုးလို့ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းအလွန်က စကားကို ဘုရားရှင်အား ပြန်ပြီးအမှတ်ရစေတာ။ ဗြဟ္မာကြီးက ဝေနေယျသတ္တဝါတွေအတွက် ဘုရားတရားမဟောမှာကို စိတ်ပူလို့ လျှောက်ထားနေခြင်းပါ။ တကယ်တော့ ဘုရားရှင်များဟာ ပါရမီတော်တွေကို ပင်ပင်ပမ်းပမ်းဖြည့်ကျင့် ခဲ့တာဟာ သတ္တဝါတွေအတွက်ပါ။ သတ္တဝါတွေကို တရားဟောနိုင်ဖို့ ဘုရားတစ်ဆူမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးမျိုးတွေ ရှိလာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့တာပါ။ သတ္တဝါတွေအပေါ်မှာထားရှိတဲ့ ဘုရားလောင်းများရဲ့မွန်မြတ်တဲ့ စိတ်ထားကို သိနိုင်ကြဖို့ပါ။

နိုင်ငံခြားကို ပညာသင်ထွက်သွားကြတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးနီးနီးဟာလည်း တိုင်းပြည်က မထွက်ခွါခင်မှာတော့ “ငါသာ ခေတ်မှီပညာရပ်တွေကို နိုင်ငံခြားမှာ သင်ကြားခွင့်ရခဲ့မယ်ဆိုရင် ငါ့တိုင်းပြည်၊ ငါ့လူမျိုးကိုလဲ ဒီခေတ်မှီပညာရပ်တွေနဲ့ တိုင်းပြည်တိုးတက်အောင် ငါပြန်လည်ပြုလုပ်ပေးမယ်ဆိုတဲ့ အတွေး တွေနဲ့ တိုင်းပြည်မှ ထွက်ခွာသွားကြတာပါ။ အဲဒီတုံးကတော့ စစ်မှန်တဲ့စေတနာနဲ့တွေးတဲ့ အတွေးတွေ ဖြစ်မှာပါ။ သို့သော် ဒီအတွေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အတိတ်မှာကျန်ရစ်ခဲ့ပြီး ရွှေပြည်တော် မျှော်လေတိုင်း ဝေးခဲ့ကြရပြီမဟုတ်ပါလား။

တကယ်တော့ လူတိုင်းလူတိုင်း အများအကျိုးရှိစေမဲ့အလုပ်မျိုးကို ဆောင်ရွက်ပေးလိုတဲ့အတွေးမျိုးတွေ အနဲဆုံး တစ်ကြိမ်တခါလောက်တော့ ဖြစ်ခဲ့ဖူးကြမှာပါ။ အကြောင်းမညီညွတ်ကြတာရယ်၊ ဆန္ဒတွေနည်းသွား ကြတာရယ်၊ အုပ်ချုပ်သူ လူတန်းစားတွေကို မကျေနပ်ကြတာရယ်၊ အတ္တဖက်မှာ အလေးသာသွားကြတာရယ်-စတဲ့အကြောင်းတွေ များစွာရှိနေခြင်းကြောင့် မူလရည်ရွယ်ချက်တွေ ပျက်ပြယ်ခဲ့ကြရတယ်။ ဘယ်လိုပင် ဖြစ်ပါစေ … အတွေးကို အခြေခံပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို အကောင်ဆုံးဖြစ်အောင် ဆက်လက် တွေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေမိခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ…။

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts