ဓာတ်ပုံသတင်း ကျော်ဟုန်း
ကျော်ဟုန်း – သရဏမဉ္ဖူကျောင်း ၀ါဆိုသင်္ကန်းကပ်ပွဲ အင်ဒီယာနာဖိုလစ်မြို့ တွင် ကျင်းပ
ဇူလိုင် ၂၅၊ ၂၀၁၄
သရဏမဉ္ဖူ မြန်မာဘုန်းကြီးကျောင်းရဲ့ ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်ပူဇော်ပွဲကို ဘုန်းကြီးကျောင်းသစ်တည်ရှိရာ 6519 , W , Southport rd , IN 46221 မှာ အင်ဒီယာနာဖိုလစ်မြို့ ရောက် မြန်မာမိသားစုများက ဇူလိုင် ၂၀၊ ၂၀၁၄ နေ့ က စုပေါင်းကပ်လှူ  ဒါနပြုခဲ့ကြကြောင်း သိရပါတယ်။ ဒီ ၀ါဆိုသင်္ကန်းစုပေါင်းကပ်လှူပွဲကို သရဏမဉ္ဇူကျောင်းရဲ့ အကျိုးဆောင်များဖြစ်ကြတဲ့ ကိုမင်းမင်း၊ ကိုချမ်းမြတင့်ဆွေ၊ ကိုရာဇာတင့်ဆွေ အစရှိတဲ့ပုဂ္ဂိုလ်များက ဦးစီးပြီး မြို့ ခံဓမ္မမိတ်ဆွေများက စုပေါင်းလုပ်ဆောင်ဒါနပြုခဲ့ကြတာပါ။
ဘုရားမှာ ပန်း၊ဆီမီး၊ဆွမ်းခဲဘွယ်အစုစုတို့ ကို ကပ်လှူအပြီး မနက် ၁၀ ခွဲမှာ သံဃာ ၃ ပါးကို နေ့ ဆွမ်းကပ်လှူကြပါတယ်။ နေ့ လယ် ၁၂ နာရီမှာ ၀ါဆိုသင်္ကန်းကပ်လှူကြပြီး သရဏမဉ္ဇူကျောင်းထိုင်ဖြစ်တဲ့ ဆရာတော်အရှင်ဝိမလ၊ အရှင် ဆန္ဒောဘာသ (ဘိုးရင်းဂရင်း ကင်တက်ကီပြည်နယ်)နဲ့  အရှင်ဝိမလ(အင်ဒီယာနာပြည်နယ်)တို့ မှ ကြွရောက်ပြီး ငါးပါးသီလပေးခြင်းတရားတော်များဟောပြောခြင်း              များပြုလုပ် ချီးမြှင့်ခဲ့ကြပါတယ်။
ဆရာတော်အရှင်ဝိမလမှ ( အဖော်၊ ဆရာ၊ ပျော်စရာ)အမည်နဲ့ ပရိသတ်များကို တရားဟောပါတယ်။ ဘုရား၊တရား၊သံဃာမှာ မိမိတို့  ကိုးကွယ်ရာ အဖော်ဖြစ်ကြောင်း၊ ကံ၊ ကံရဲ့အကျိုးပေးအတွက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ကုသိုလ် အကုသိုလ်ကို ခွဲခြားသိ တဲ့ပညာက ဆရာဖြစ်ကြောင်း၊ အိုနာသေဘေးရှိတဲ့ ၃၁ ဘုံဘ၀ဖြစ်စဉ်တွေဟာ ပျော်စရာနေရာမဟုတ်ကြောင်း၊  နိပါတ်တော် ပုံဝတ္ထု များနဲ့ ခိုင်းနှိုင်းဟောပြောသွားပါတယ်။
ဗုဒ္ဓဘာသာဝင်များအဖို့ ဝါဆိုလဟာ ဗုဒ္ဓဘုရားရှင်လောင်းလျာ  မယ်တော်မာယာဝမ်းမှာ ပဋိသန္ဓေယူတဲ့နေ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီး ၄ ပါးတွေ့ မြင်တဲ့နေ့ ။ သဗ္ဗညုတဥာဏ်တော်ရပြီး  ဘုရားဖြစ်တော်မူကာ  ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ ။ ယသ နှင့် ၆ ကျိပ်သောအမျိုးသားတို့ ကို ဘုရားရှင်မှတရားဟောပြ၍ အရဟန္တာများဖြစ်ကြသောနေ့ ။ ၆ ကျိပ်သော ရဟန်းတို့ ကိုလဲ အနယ်နယ်အရပ်ရပ်သို့  သာသနာပြုတရားဟောရန် ခွင့်ပြုတော်မူသောနေ့ ။ သံဃာတော်များ မိုးတွင်းကာလမှာဒေသစာရီ မထွက်စေဘဲ သင့်ရာကျောင်းမှာ ၀ါဆိုခွင့်ပြုတော်မူသောနေ့ ။ ၀ိသာခါကျောင်းအမကြီးတောင်းပန်မှုဖြင့် သံဃာတော်များကို ၀ါဆိုသင်္ကန်းစတင် ကပ်ခွင့်ရသောနေ့ များမှာ ၀ါဆိုလရဲ့ထူးခြားတဲ့ဂုဏ်အင်တွေဖြစ်လို့  ယနေ့ တိုင်စွဲမြဲကျင့်ကြံ ဒါနပြု ကုသိုလ်ယူနေကြတာဖြစ်ပါတယ်။
ကြွရောက်လာတဲ့ပရိသတ်များကို ၀ါဆိုသင်္ကန်းကပ်၊ တရားနာအပြီးမှာ  ဘုန်းကြီးကျောင်းဝန်းမှာ  နေ့လယ်စာ မြန်မာထမင်းဟင်းစုံနဲ့ ဧည့်ခံကြပါတယ်။ ဧည့်ခံမှုအစားအစာများကို မရင်ရင်၊ မဖြိုးဖြိုးကြိုင်နဲ့ အမျိုးသမီးအဖွဲ့ များက စီစဉ်တာဝန်ယူ ချက်ပြုတ်ခဲ့ကြတာပါ။
အင်ဒီယာနာဖိုလစ်မြို့ ရောက် ဗုဒ္ဓဘာသာမြန်မာမိသားစုများဟာလဲ ခုလို သဒ္ဓါထက်သန်စွာနဲ့  ၀ါဆိုသင်္ကန်းကပ်နိုင်ခြင်းဟာ ၂ ကြိမ် မြောက်ရှိခဲ့ပါပြီ။ ဘုန်းကြီးကျောင်း မဖြစ်မြောက်သေးမီကပဲ ပထမအကြိမ် ၀ါဆိုပွဲ ကျင်းပနိုင်ခဲ့ကြတာဟာ ချီးမွှန်းစရာပါ။ ဘာကြောင့် ဆိုရင် အင်ဒီယာနာဖိုလစ်မြို့ မှာ မြန်မာနိုင်ငံသား ၇ ထောင်ခန့် ရှိပေမဲ့ အများစုက ခရစ်ယာန်များဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်လူဦးရေ ရာဂဏန်းလောက်သာ ရှိကြတာပါ။ ဒီလို ဗုဒ္ဓဘာသာဝင်နည်းတဲ့အရပ်မှာ ဘုန်းကြီးကျောင်းတည်ထောင်နိုင်ခဲ့တာလဲ ဂုဏ်ပြုစရာပါ။ သရဏမဉ္ဖူမြန်မာဘုန်းကြီးကျောင်းဟာ အင်ဒီယာနာဖိုလစ်မြို့ ရဲ့ တကျောင်းတည်းသာရှိသေးတဲ့ ဘုန်းကြီးကျောင်းဖြစ်ပြီး   ကျောင်းအသစ်မို့  ပြုပြင်ရာ၊ ဖြည့်စွက်စရာများစွာ ကျန်နေပါသေးတယ်။
အမေရိကားမှာရောက်နေကြတဲ့ မြန်မာပြည်သားစေတနာရှင်များက သရဏမဉ္ဖူကျောင်းအတွက် လှူဒါန်းလိုကြရင် ကျောင်းထိုင်ဆရာတော် အရှင်ဝိမလ ( ဖုံး – ၃၁၇- ၇၀၁ – ၄၃၄၀)ကို ဆက်သွယ်ပြီး ကျောင်း၊ သိမ်၊ ဒါယိကာ၊ ဒါယကာများအဖြစ် ခံယူ ကုသိုလ်ယူနိုင်ပါတယ်လို့  နိဗ္ဗာန်ဆော်လိုက်ပါတယ်။    ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts