ကဗျာ

မင်းကောင်းချစ် – “ ရှစ်လေးလုံး..ကမ္ဗည်း ”

မင်းကောင်းချစ် – “ ရှစ်လေးလုံး..ကမ္ဗည်း ”
ဇူလိုင် ၂၅၊ ၂၀၁၄

 

    ရှစ် …… ရှစ်သောင်းလေးထောင်အစု…

ယူဇနာအထု…မြေပန်သုကို…

သွက်သွက်ခါစေ…တုန်လှုပ်စေတဲ့

ဒီမိုငလျှင် ဥဒါန်းတွင်ရစ်

သမိုင်းသစ်ပန်းချီ…ရွှေဝါပြည်…

တရွာလုံးနီ…တမြို့လုံးရဲ

တတိုင်းလုံးစည်…တပြည်လုံးရွှဲ

အဖိနှိပ်ခံတို့ ပွဲ ။

 

    လေး…. လေးအသင်္ချေနဲ့ ကမ္ဘာမကြေ …

အာဇာနည်အထောင်သောင်းကုဋေ…

ထောင်းလမောင်းကျေအောင်…

ဘ၀တွေပေး…အသက်တွေစတေးလို့ 

သွေးနဲ့ ရေးခဲ့တဲ့သမိုင်း…

စင်္ကြ၀ဠာတံတိုင်းလွန်ပစေ ။

 

    လုံး …. လုံးဝ တထစ်ချ ယုံကြည်ကြ….

မဝေးလှတဲ့တနေ့ …အေးမြမဲ့နေ့ 

အမှန်တရားတွေရှင်ပြန်ထမြောက်…

သွေ့ ခြောက်ပျားရည်မြစ်တွေ…စီးဆင်းရစ်ခွေ…

ချိုမြိန်စေလိမ့်….ငိုသံတွေတိတ်လို့ …

ရီသံတွေဖိတ်ဝေ….ဒေါင်းပျိုတေးချွေ

အိုးဝေ… အိုးဝေ… အိုးဝေ ။           ။

 

(ဇူလိုင်လ ၂၀ ရက် ၂၀၁၄ ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts