Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ၅၂မြောက်မွေးနေ့ ကျင်းပ

ရန်နောင်(ဗိုလ်တထောင်) – DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ၅၂မြောက်မွေးနေ့ ကျင်းပ
မိုးမခဓာတ်ပုံသတင်း။ ဇူလိုင် ၂၃၊ ၂၀၁၄

DKBA (ယခင် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့၊ ယခု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ် ၏  (၅၂)မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဒေါ်လ်ဖင်စားသောက်ဆိုင်တွင် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်  သောကြာနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါမွေးနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးတင်ဦး၊ ကေအင်န်ယူ/ကေအင်အန်အယ်လ်အေ ကိုယ်စားလှယ် ဗိုလ်မှူးကြီးဖောဒို၊  ကလိုထူးဖော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရခိုင်အမျိုးသားပါတီခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ ၊၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး ၊ ဦးဂျင်မီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တို့ဗမာအစည်းအရုံးဝင် သခင်၊သခင်မကြီးများ၏ မိသားစုများ၊ ဗကသ ၊ တကသ ကျောင်းသားများ၊ ရေကြောင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ ၊ ဗိုလ်ချုပ်ကြီးကိုဆေးကုသပေးသည့် စင်္ကာပူ နိုင်ငံမှ ဆရာဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ DKBA၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် မိုရှေးမှ  မွေးနေ့ ဆုတောင်းနှင့် အမှတ်တရ စကားပြောကြားရာတွင် –

“ကျနော်တို့၏ ဗိုလ်ချုပ်ကြီးမွေးနေ့အား ယခုကဲ့သို့ ရန်ကုန်ရွှေမြို့တော်ကြီးတွင်  ခမ်းနားသိုက်မြိုက်စွာ ကျင်းပခွင့်ရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ၊(၅၂) မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်စွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း” ဆုမွန်ကောင်းတောင်းစကားပြောကြားခဲ့သည်။

DKBA၏ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်မှလည်း “ယခုကဲ့သို့ ဒီမိုကရေစီတဝက်တပျက်ရရှိသောကာလတွင် ဗိုလ်ချုပ်ကြီး ၏မွေးနေ့ကို ကျင်းပတာဟာ မီဒီယာတွေကို သက်သေပြတာပါ။ ဗိုလ်ချုပ်ကြီးစောလားပွယ် သေတယ်ဆိုပြီးပြောနေလို့ ပြည်သူရှေ့မှာ သက်သေပြတာပါ” ဟုလည်းပြောကြားခဲ့ပါသည်။

ကေအင်န်ယူ /ကေအင်န်အယ်လ်အေ ကိုယ်စားလှယ် ဗိုလ်မှူးကြီးဖောဒိုကလည်းမွေးနေ့ ဆုတောင်းစကားတွင်တော့ “တသက်လုံးတောထဲမှာနေလာခဲ့ရတာဗျာ။အခုလိုမြို့ပေါ်မှာ ကျင်းပနိုင်တယ်ဆိုတော့ ငြိမ်းချမ်းရေးအသီးအပွင့် ကို ခံစားရတာပေါ့။မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေးကိုလည်း ဒီမှာရှိတဲ့ တစ်ယောက်စီတိုင်းမှာ တာဝန်ရှိပါတယ် ဟုပြောကြားခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ တွင် ပန်းရဲ့လမ်းအဖွဲ့ မှ လည်း သီဆိုဖျော်ဖြေပေးခဲ့သလို အဆိုတော်စောဖိုးခွားတို့ အဖွဲ့မှလည်းဖျော်ဖြေခဲ့ပါသည်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဆုံဆည်းခဲ့သော ပွဲတစ်ပွဲလည်းဖြစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts