သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၃)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၁၇၊ ၂၀၁၄၊ စာမျက်နှာ ၁၇)
အောင်ဒင် – ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၃)

#တပ်မတော်၏ သဘောထား

၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး (Democracy Today) သတင်းစာမှာ တပ်မတော်ရဲ့ သဘောထားကို ဖတ်ရှူရပါတယ်။ အယ်ဒီတာချုပ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ရဲ့ စာရေးမေးမြန်းချက်တွေကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက စာရေးပြန်ကြားတာလို့ သိရပါတယ်။ အဲဒီ အကြောင်းပြန်ချက်မှာ ပြည်ထောင်စုတပ်မတော်နဲ့ ပါတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ အဆင့်မြင့်အရာရှိကြီးက အောက်ပါအတိုင်း ပြန်ကြားပါတယ်။

“၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စုတပ်မတော်ကိစ္စကို အကြိတ်အနယ်ဆွေးနွေးမယ်ဆိုတာ ဘာကိုဆွေးနွေးမှာလဲ။ လက်ရှိတပ်မတော်ဟာ ပြည်ထောင်စုတပ်မတော်ဖြစ်ပါတယ်။ လက်ရှိတပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေပေါင်းထည့်ဝင်ပြီး ပြည်ထောင်စုတပ်မတော်ဖြစ်ချင်လို့တော့ မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်းစည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်းစည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်လို့ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား၊ ဖြစ်သင့်တာကို လက်ခံမလား။ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော်တည်ဆောက်ချင်၍မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။”

အဲဒီ အရာရှိကြီးကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒ (၆) ချက်ကို အောက်ပါအတိုင်း ဖော်ပြပါတယ်။

“၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒ ခြောက်ရပ်ဖြစ်တဲ့- 

(က) ထာဝရငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ 

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊ 

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊ 

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်ရန်၊ 

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊ 

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်။”

ဒီပြန်ကြားချက်အရ တပ်မတော်က “ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး” ဆိုတာကို လုံးဝဆွေးနွေးရန် ဆန္ဒမရှိကြောင်း ထင်ရှားပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းထားတဲ့ အာဏာတွေကိုလည်း စွန့်လွှတ်မယ်မထင်ပါ။ လက်ရှိတပ်မတော်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဆိုတာဝေးလို့၊ အရပ်သားအုပ်ချုပ်မှုကို လက်ခံဖို့တောင် ဆန္ဒမရှိတာ အထင်အရှားဖြစ်ပါတယ်။ ပိုပြီးဆိုးတာက နိုင်ငံရေးအရမကျေနပ်လို့ လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အစိုးရရဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ကို အမြင့်မားဆုံးအာဏာတွေ အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရမယ်ဆိုပြီး တစ်ဘက်သတ် မူဝါဒချမှတ်ထားတာတွေပါ။ တပ်မတော်ရဲ့ ဒီလိုရပ်တည်မှုတွေကြောင့်ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်ဖို့ဆိုတာ သံသယဖြစ်စရာရှိနေပါတယ်။

#သာမာန်ပြည်သူတစ်ယောက်ရဲ့ သဘောထား

တပ်မတော်ရဲ့ သဘောထားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ မတူညီတဲ့ သဘောထားတွေကို အထက်မှာတင်ပြခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာ ဆွေးနွေးဖြေရှင်းလို့ မရပါ။ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ စီးပွါးရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များပါ ပါဝင်ဆွေးနွေးကြရမှာပါ။ နိုင်ငံတော်သစ်ရဲ့ ကံကြမ္မာကို ဖန်တီးမည့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်အင်အားစုများသာမက လက်နက်ကိုင်ပဋိပက္ခရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နှစ်ပေါင်းများစွာ လက်တွေ့ခံစားနေရတဲ့ သာမာန်လက်နက်မဲ့ပြည်သူများပါ ပါဝင်ဆွေးနွေးခွင့်ရရမှာပါ။

ဒါကြောင့်မို့ သာမာန်ပြည်သူတစ်ယောက်ရဲ့ သဘောထားကို တင်ပြချင်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် သက်တမ်းရှည်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးတိုင် ရပ်စဲဖို့ဆိုရင် လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်စဲရုံနဲ့ မပြီးပဲ နိုင်ငံရေးပြသနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရပါမယ်။ တိုင်းရင်းသား လူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရေးဆွဲပြဋ္ဌာန်းပြီး အာမခံချက်ပေးရပါမယ်။ အဲဒီလို ဆွေးနွေးအဖြေရှာကြတဲ့အခါ တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်ကိုင်တော်လှန်မှုကို စွန့်လွှတ်၊ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖျက်သိမ်း၊ နိုင်ငံရေးပါတီများတည်ထောင်ဖွဲ့စည်းလို့ လက်နက်မကိုင်ပဲ ရွေးကောက်ပွဲအခြေခံ နိုင်ငံရေးလှုပ်ရှားဖို့ သဘောတူကြမှပဲ ပြည်တွင်းစစ် အမှန်တကယ်ချုပ်ငြိမ်းပါလိမ့်မယ်။

အဲဒီလို နိုင်ငံရေး ဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားများရဲ့ အဓိကတောင်းဆိုချက်များဖြစ်ကြတဲ့ (၁) ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးနဲ့

(၂) ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ကိစ္စတွေကို ရှောင်လွှဲလို့ မရနိုင်ပါ။တကယ်တော့ ဒီအရေးကိစ္စ နှစ်ခုဟာ တိုင်းရင်းသားလူမျိုးစုများသာမက မြန်မာနိုင်ငံသားအားလုံး ဆွေးနွေးဖြေရှင်းအဖြေရှာချင်တဲ့ အရေးကိစ္စများလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ဒီအရေးကိစ္စများကို လေးလေးနက်နက် ဆွေးနွေးဖို့ကို သဘောတူသင့်ပါတယ်။ ဒီအချက်တွေကို “အပစ်အခတ်ရပ်စဲရေးစာချုပ်” မှာ မထည့်သွင်းရင်တောင်မှ “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ” ချမှတ်ဖို့ ဆွေးနွေးရာမှာ မဖြစ်မနေထည့်သွင်းဖို့ သဘောတူသင့်ပါတယ်။ လက်ရှိတပ်မတော်ဟာ ပြည်ထောင်စုတပ်မတော်ဖြစ်နေပြီးသားဆိုပြီး အများယုံကြည်လက်ခံနိုင်ခြင်းမရှိတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်နေဖို့ မသင့်ပါ။

လက်ရှိအခြေအနေမှာ ကျနော်တို့ တိုင်းပြည်ဟာ စစ်ဒဏ်ပိနေတဲ့ တိုင်းပြည်ပါ။ လက်နက်ကိုင်ပဋိပက္ခကြောင့် ပဋိပက္ခဖြစ်ပွါးရာ ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်ပါတယ်။ သဘာဝသယံဇာတတွေ၊ အရင်းအမြစ်တွေအများကြီးရှိပေမည့် ပြည်သူလူထုအတွက် အကျိုးစီးပွါးမဖြစ်ပဲ အိမ်နီးချင်းနိုင်ငံများသာ အကျိုးဖြစ်ထွန်းနေပါတယ်။ တိုင်းပြည်ရဲ့ အစားထိုးလို့မရတဲ့ အဖိုးတန် မြေပေါ်မြေအောက် သယံဇာတများကို နေ့စဉ်နဲ့အမျှ ကျနော်တို့ ဆုံးရှုံးနေရပါတယ်။ ပြည်သူတွေရဲ့ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စအဝဝဟာလည်း အနိမ့်ကျဆုံး ဖြစ်နေပါတယ်။ ပဋိပက္ခဖြစ်ပွါးရာ တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေက ကြီးမားလှသလို စိတ်ပိုင်းဆိုင်ရာ ပျက်စီးကြေကွဲရတာတွေက ပို၍တောင် ကြီးမားလှပါတယ်။

တကယ်တော့ တိုင်းရင်းသားပြည်သူတွေဟာ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ စစ်တပ်နှစ်ဖွဲ့စလုံးရဲ့ ဒဏ်ပိနေကြတာပါ။ စစ်တပ်နှစ်ဖွဲ့မှာ တစ်ဖွဲ့က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူပြီး နောက်တစ်ဖွဲ့က အခွန်ကောက်ပါတယ်။ တောင်းယူပါတယ်။ တောင်းယူတယ်ဆိုပေမည့် မပေးပဲ မနေရဲပါ။ သူတို့ကို စစ်တပ်တစ်ဖွဲ့က အဓမ္မလုပ်အားပေး ခိုင်းစေပြီး နောက်တစ်ဖွဲ့က တာဝန်အရဆိုပြီး စစ်သားသစ်စုဆောင်းပါတယ်။ စစ်တပ်တစ်ဖွဲ့က ရန်သူ့ဘက်သားဆိုပြီး ဖမ်းဆီးနှိပ်စက်လို့ နောက်တစ်ဖွဲ့ကကျတော့ ရန်သူကို သတင်းပေးတယ်ဆိုပြီး စွပ်စွဲအပြစ်ပေးပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ အနိုင်ကျင့်မှုကို နှစ်ပေါင်းများစွာ ခံစားနေကြရတဲ့ တိုင်းရင်းသားပြည်သူများအဖို့ ပြည်တွင်းစစ်ရပ်စဲတာကို မျှော်လင့်ကြပေမည့် တစ်ချိန်က ရန်ဘက်ဖြစ်ခဲ့တဲ့ စစ်တပ်နှစ်ဖွဲ့ ပြေလည်ပူးပေါင်းပြီး ပြည်သူလူထုကို နှစ်ဆတိုးနှိပ်စက်မည့် အခြေအနေမျိုးကိုတော့ အလွန်စိုးရိမ်ကြမှာပါ။

ပြည်တွင်းစစ်ကို ရင်ဆိုင်တိုက်ခိုက်နေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့တပ်မတော်ကို အင်အားအကြီးအကျယ်ချဲ့ထွင်ပြီး ခေတ်မီလေယဉ်တွေ၊ လက်နက်တွေ တပ်ဆင်နေတာပါ။ စစ်အစိုးရလက်ထက်ထဲက စတင်ခဲ့တဲ့ ခေတ်မီတပ်မတော်တည်ဆောက်ရေးစီမံကိန်းအရ တိုင်းပြည်ဘဏ္ဍာငွေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကို တပ်မတော်အတွက် သုံးစွဲခဲ့၊ သုံးစွဲနေစဲပါ။အင်အား ၄ သိန်းကျော်ရှိတဲ့ တပ်မတော်အတွက် နဝတ၊ နအဖစစ်အစိုးရများလက်ထက်မှာ တိုင်းပြည်ဘဏ္ဍာရဲ့ ၄၀ ရာခိုင်နှုံးကျော်ကို စစ်စားရိတ်အဖြစ်သုံးစွဲခဲ့တယ်လို့ သိရပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်လာပြီး နောက်ပိုင်းမှာတောင် ကာကွယ်ရေးအသုံးစားရိတ်က ပြည်ထောင်စုအသုံးစားရိတ်ရဲ့ ၁၂ ရာခိုင်နှုံးကျော်နေပါသေးတယ်။

စစ်တပ်အင်အားကြီးမားလွန်းတဲ့အတွက် စစ်အသုံးစားရိတ်ကို အများကြီး သုံးစွဲနေရတာမို့ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ ပညာရေးအသုံးစားရိတ်များမှာ အနည်းဆုံးဖြစ်နေတာ သိပ်တော့မဆန်းလှပါ။ ၂၀၁၂ ခုနှစ်မှာ ကျန်းမာရေးနဲ့ ပညာရေးအသုံးစားရိတ်များက ပြည်ထောင်စုအသုံးစားရိတ်ရဲ့ ၃ ရာခိုင်နှုံးနဲ့ ၆ ရာခိုင်နှုံးအသီးသီးသာ ရှိပါတယ်။ စစ်အသုံးစားရိတ်ကြီးမားပြီး ကျန်းမာရေး၊ ပညာရေးအသုံးစားရိတ်များနည်းပါးနေသ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ပါ။ ပြည်သူအများတို့ ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်မှာမဟုတ်ပါ။ ဒါကြောင့်မို့ စစ်အသုံးစားရိတ်များကို လျှော့ချနိုင်ဖို့ လက်ရှိတပ်မတော်ရဲ့ အင်အားကို လျှော့ချနိုင်ဖို့ အထူးလိုအပ်လှပါတယ်။

#လက်နက်ကိုင်တပ်အင်အား လျှော့ချရေး ဖြစ်နိုင်ပါ့မလား။

ပြည်တွင်းငြိမ်းချမ်းရေးရရင် တပ်မတော်ကို အင်အားလျှော့ချနိုင်မှာလား။ အစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိမူဝါဒများနဲ့တော့ မဖြစ်နိုင်ပါ။

နဝတ၊ နအဖစစ်အစိုးရများခေတ်ကနေ ယနေ့အထိ တပ်မတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးရည်မှန်းချက်က တိုင်းရင်းသားလက်နက်ကိုင်များကို လက်အောက်ခံအဖြစ် သိမ်းသွင်းလို့ရရင် သိမ်းသွင်း၊ ဖျက်သိမ်းအောင် ဖိအားပေးလို့ ရရင် ဖိအားပေး၊ စီးပွါးရေးအခွင့်အလမ်းများနဲ့ ဝယ်လို့ရရင် ဝယ်ပြီး လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ချင်တာပါ။၁၉၈၉ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအတော်များများဟာ လက်နက်ကိုင်တပ်ဖွဲ့များ ဖျက်သိမ်းခြင်းမရှိပဲ တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့များ ပုံစံနဲ့ ဆက်လက်ရပ်တည်ခွင့်ရပြီး သက်ဆိုင်ရာနယ်မြေကို စိတ်တိုင်းကျအုပ်စိုးခွင့်ရနေခဲ့ပါတယ်။ အဲဒီအဖွဲ့များရဲ့ တပ်အင်အားက လေးသောင်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဒါ့အပြင် ရပ်ရွာကာကွယ်ရေးနဲ့ တပ်မတော်ကို အထောက်အကူပြုရေးအတွက်ဆိုတဲ့ ပြည်သူ့စစ်မဟာဗျူဟာနဲ့ ဖွဲ့စည်းထားတဲ့ ဋ္ဌာနေပြည်သူ့စစ်တပ်ဖွဲ့ပေါင်း (၅၀၀၀) ကျော်၊ တပ်အင်အား ငါးသောင်းနီးပါး ရှိပါသေးတယ်။

တစ်ဘက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပေါင်းရင် တပ်ဖွဲ့ဝင်အင်အား တစ်သိန်းလောက်ရှိပါတယ်။ ဒါကြောင့် ဒီကနေ့ မြန်မာနိုင်ငံမှာ တပ်မတော်က အင်အား လေးသိန်းလောက်၊ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်များက အင်အား တစ်သိန်းနီးပါး၊ စစ်ပြိုင်နေဆဲ တိုင်းရင်းသားလက်နက်ကိုင်များက အင်အား တစ်သိန်းကျော်၊ စုစုပေါင်း လက်နက်ကိုင်အင်အား ခြောက်သိန်းလောက်က မြန်မာနိုင်ငံရဲ့ ပြည်သူ သန်း ၆၀ လောက်ရဲ့ ဘဝတွေကို စိုးမိုးချယ်လှယ်နေကြတာပါ။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း တပ်မတော်ရဲ့ သဘောထားက စစ်ပြိုင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ တစ်ချို့တစ်ဝက်ကို တပ်မတော်လက်အောက် သိမ်းသွင်း၊ ကျန်တာတွေကို ဖျက်သိမ်းပြီး နိုင်ငံရေးပါတီထောင်စေချင်တဲ့ သဘောထားမျိုးပါ။ ဒါကြောင့် တပ်မတော်ရဲ့ သဘောထားအတိုင်း အောင်မြင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးရရင်တောင်မှ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ လျော့ပါးသွားဖို့ မရှိပဲ တပ်မတော်နဲ့ လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စုပေါင်းအင်အား ငါးသိန်းကျော်လောက်နဲ့ ပြည်သူတွေကို ဆက်ပြီးစိုးမိုးချယ်လှယ်နေကြဦးမှာပါ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်ပြီး မြန်မာပြည်သူများရဲ့ အန္တိမရည်မှန်းချက်က လက်နက်ကိုင်ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ ထာဝရရပ်စဲ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ အပြီးတိုင်ဖျက်သိမ်း၊ စစ်အသုံးစားရိတ်ကို အနည်းဆုံးပမာဏ လျှော့ချနိုင်လောက်တဲ့အထိ လိုအပ်တဲ့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ တပ်မတော်ကို တိုင်းရင်းသားတပ်ဖွဲ့များနဲ့ ပူးပေါင်းပြင်ဆင်ဖွဲ့စည်းပြီး အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရပ်တည်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ တပ်မတော်ရဲ့ သဘောထားများဟာ အလွန်ကွဲပြားခြားနားနေပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts