အောင်ဒင် – ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး –အပိုင်း (၁)
(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၁၅၊ ၂၀၁၄၊ စာမျက်နှာ ၁၇)
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ အထက်လွှတ်တော်အမတ်ကြီး မစ်ခ်ျမက်ကော်နယ်လ် (Senator Mitch McConnell) က စစ်အစိုးရခေတ် မြန်မာနိုင်ငံရဲ့ အဓိကထုတ်ကုန်သုံးမျိုးဟာ မူးယစ်ဆေးဝါး၊ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ဘူးပါတယ်။ အဲဒီလို မှတ်ချက်ပေးရလောက်အောင်ကိုလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ အများဆုံး စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရာ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် မိမိတို့နေထိုင်ရာအိုးအိမ်၊ ဒေသများကို စွန့်ခွါပြီး၊ ဒါမှမဟုတ် မောင်းထုတ်ခံရပြီး တောထဲ၊ တောင်ထဲမှာ၊ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံရသူ ဒုက္ခသည်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအယူအဆကွဲလွဲမှု၊ အာဏာရှင်စနစ်ကို လက်မခံ၊ဆန့်ကျင်မှုကြောင့် အာဏာရှင်များက ဖမ်းဆီးနှိပ်စက်ပြီး အကျဉ်းချခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံးရှိရာ နိုင်ငံဖြစ်ခဲ့ပါတယ်။
နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးအတွင်း မြန်မာနိုင်ငံသား ထောင်ပေါင်း၊ သောင်းပေါင်းများစွာရဲ့ အသက်တွေ သေကျေပျက်စီးပြီး ပြည်သူသန်းပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြ၊ ရောက်နေကြရပါတယ်။
မူးယစ်ဆေးဝါး၊ ဒုက္ခသည်နဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ လူ့အခွင့်အရေးကင်းမဲ့မှု၊ အာဏာရှင်စနစ်ရှင်သန်မှုနဲ့ အာဏာရှင်တို့က နိုင်ငံရေးသဘောထားမတူညီသူများကို အကြမ်းဖက်အနိုင်ကျင့်ခြင်းတို့ရဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး၊ ဒုက္ခသည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိဖို့ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်ရမှာပါ။ လူ့အခွင့်အရေးတွေကို လေးစားတန်ဘိုးထားပြီး နိုင်ငံသားတိုင်းကို အကာအကွယ်ပေးရမှာပါ။ လူမျိုး၊ ဘာသာ မတူကွဲပြားမှုတွေကို လက်ခံပြီး အပြန်အလှန်လေးစားမှုနဲ့ ညီညွတ်ကြရမှာပါ။ နိုင်ငံရေးအယူအဆမတူညီမှုတွေကို လက်နက်ကိုင်ပြီး မဖြေရှင်းပဲ စားပွဲဝိုင်းမှာ တန်းတူရည်တူ ဆွေးနွေးဖြေရှင်းတဲ့ ယဉ်ကျေးမှုကို လေ့ကျင့်တည်ဆောက်ကြရမှာပါ။ နှစ်ပေါင်း (၆၀) ကျော် သက်တမ်းရှည်တဲ့ ပြည်တွင်းစစ်ကြီးကို စေ့စပ်ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး အဆုံးသတ်ကြရမှာပါ။
#ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းမှုများ
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ပါလီမန်ဒီမိုကရေစီခေတ်မှာ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်တဲ့ ဖဆပလအစိုးရက ကြိုးပမ်းခဲ့ဘူးပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေး၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ရေး၊ လက်ဝဲညီညွတ်ရေးမူဝါဒများချမှတ်ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပေမည့် မအောင်မြင်ခဲ့ပါ။ ဒီလိုနဲ့ တိုင်းရင်းသားများတောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲများကျင်းပပြီး အဖြေရှာဖို့ ကြိုးစားနေချိန် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ ဝန်ကြီးချုပ်ဦးနုရဲ့ ကြိုးပမ်းမှုများ ရပ်စဲခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းကလည်း တော်လှန်ရေးကောင်စီ လက်ထက်မှာရော၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရအနေနဲ့ရော ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမည့် ဦးနေဝင်းအစိုးရရဲ့ ရပ်တည်ချက်က တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများက လက်နက်ကိုင်တပ်များဖျက်သိမ်း၊ ၁၉၇၄ ခုနှစ် တစ်ပါတီစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး မဆလအစိုးရရဲ့ ဩဇာကို နာခံရမည့်ကမ်းလှမ်းမှုမျိုးသာ ဖြစ်တာကြောင့် အဆုံးမှာ ဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပဲ ပြည်တွင်းစစ်သက်တမ်းဆက်လက်ရှည်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်များအတွင်း လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ အဖွဲ့အစည်းများကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ တစ်မျိုးက နိုင်ငံရေးအယူဝါဒအရ လက်ရှိအစိုးရကို ဆန့်ကျင်တော်လှန်ကြသူများဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ ဗမာပြည်ကွန်မြူနစ်ပါတီ (အလံနီ)၊ ပြည်သူ့ရဲဘော် (ဖြူ)၊ ပြည်သူ့ရဲဘော် (ဝါ)၊ ပါလီမန်ဒီမိုကရေစီပါတီ (ပီဒီပီ)၊ ပြည်ချစ်လူငယ်တပ်ပေါင်းစု စတဲ့ အဖွဲ့အစည်းများ ပါဝင်ကြပါတယ်။ နောက်တစ်မျိုးကတော့ လူမျိုးရေးအရ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းများဖြစ်ပြီး ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ)၊ မွန်ပြည်သစ်ပါတီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။
၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးအယူဝါဒအရ ဆန့်ကျင့်တော်လှန်တဲ့အဖွဲ့အစည်းများထဲက နောက်ဆုံးကျန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုလဲပျက်စီးပြီး ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး/ မကဒတ) သာ နိုင်ငံရေးအယူအဆအရ ဆန့်ကျင်တော်လှန်သောအဖွဲ့အစည်းအဖြစ် ခိုင်ခိုင်မာမာကျန်ရစ်ခဲ့ပါတယ်။ သံမဏိဗိုလ်ခင်မောင်ခေါင်းဆောင်တဲ့ ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ)၊ ဗိုလ်မှူးကြီးဟောင်း စိန်မြခေါင်းဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) စတဲ့ အဖွဲ့အစည်းအချို့ ရှိပေမည့်လည်း စစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး ထိထိရောက်ရောက်ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကတော့ မူလရှိရင်းစွဲအဖွဲ့များအပြင် ခွဲထွက်အဖွဲ့များ၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) လို အသစ်ပေါ်ပေါက်သောအဖွဲ့များဖြင့် အရေအတွက်အားဖြင့် ပို၍ပို၍များပြားလာပါတယ်။
ဗိုလ်ချုပ်စောမောင်ခေါင်းဆောင်တဲ့ နဝတစစ်အစိုးရနဲ့ ဗိုလ်ချုပ်သန်းရွှေခေါင်းဆောင်တဲ့ နအဖစစ်အစိုးရများလက်ထက် (၁၉၈၈-၂၀၁၀) အတွင်းမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီး ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမည့် စစ်အစိုးရရဲ့ ကြိုးပမ်းမှုက ငြိမ်းချမ်းရေးအမှန်တကယ်ရဖို့ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သွေးခွဲဖြိုခွင်းရေးနဲ့ လက်အောက်ခံအဖြစ် သိမ်းသွင်းရေးပဲ ဖြစ်ပါတယ်။ ပြည်တွင်းက အကြမ်းမဖက် ဒီမိုကရေစီလှုပ်ရှားသူများကို အကြမ်းဖက်ချေမှုံးရာမှာ ပိုမိုအာရုံစိုက်၊ အင်အားသုံးနိုင်ဖို့အတွက် နယ်စပ်ဒေသက လက်နက်ကိုင်ပဋိပက္ခများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ရန်သာ ရည်ရွယ်ခဲ့ပါတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ဆန့်ကျင်ခဲ့ပြီး စစ်အစိုးရကို ပြောင်းလဲသစ္စာခံတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသအခြေစိုက် “ဝ”၊ ကိုးကန့်၊ အခါ၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ အထူးဒေသများတည်ထောင်အုပ်ချုပ်ခွင့်၊ စီးပွါးရေးဆိုင်ရာ အထူးအခွင့်အရေးများရရှိခဲ့ပါတယ်။ အခြား တိုင်းရင်းသားခွဲထွက်အုပ်စုငယ်များဟာလည်း မြန်မာစစ်အစိုးရကို သစ္စာခံယူခြင်းဖြင့် ပြည်သူ့စစ်နံမည်နဲ့ လက်နက်ကိုင်ရပ်တည်ခွင့်၊ ဘိန်းစိုက်ခွင့်၊ မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးခွင့်တွေရရှိခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များက စစ်အစိုးရဲ့ လက်အောက်ခံတစ်ပိုင်းဖြစ်လာကြတဲ့အခါ မြန်မာစစ်အစိုးရအတွက် ထိုင်း-မြန်မာနယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အင်အားအလုံးအရင်းနဲ့ ချေမှုန်းဖို့အခွင့်အရေးပိုရပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေက ထိုင်းစစ်ခေါင်းဆောင်တွေနဲ့ အဆင်ပြေအောင်ဆက်ဆံပြီး ထိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့ ဖိအားပေးမှု၊ မြန်မာစစ်အစိုးရမှ စီးပွါးရေးအခွင့်အရေးများနဲ့ သွေးဆောင်ဖျားယောင်းမှုတွေနဲ့ အဖွဲ့အစည်းအတွင်း မညီမျှမှု၊ မပြေလည်မှုတွေကြောင့် ထိုင်းနယ်စပ်အခြေစိုက် အင်အားအကြီးမားဆုံး လက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပြီး ပြည်ပရောက်မြန်မာအတိုက်အခံအဖွဲ့များ အားကိုးအားထားပြုရာ ကေအန်ယူ (ကရင့်အမျိုးသားအစည်းအရုံး) ကနေ အုပ်စုများခွဲထွက်၊ အချင်းချင်းပြန်တိုက်လို့ ကေအန်ယူရဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသက အခိုင်အမာအခြေခံစခန်းတွေကျဆုံးပြီး အင်အားချိနဲ့၊ ဩဇာကျဆင်းခဲ့ရပါတယ်။ ဒီလိုနဲ့ စစ်အစိုးရသက်တမ်းတလျှောက်လုံးမှာ နယ်စပ်ဒေသအခြေပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးတိုက်ခိုက်၊ အခွင့်အရေးပေး သွေးခွဲဆက်ဆံပြီး လက်အောက်ခံပြုနိုင်ခဲ့၊ အင်အားချိနဲ့စေနိုင်ခဲ့လို့ စစ်ပွဲတွေ ကာလအတော်ကြာရပ်စဲပြီး ပြည်တွင်းက အကြမ်းမဖက် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဖိနှိပ်ဖြိုခွဲဖို့ အင်အားပိုရှိခဲ့ပါတယ်။ စစ်အစိုးရအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်အောက်ခံပြုပြီး ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အကြမ်းဖက်ဖြိုခွဲဖို့က ပိုပြီးအရေးကြီးပါတယ်။
ဒါပေမည့် စစ်အစိုးရ မထင်မှတ်တာတွေ ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ ဘယ်လောက်ပဲ ပြိုကွဲနေသည်ဖြစ်စေ၊ ဘယ်လိုပဲ စစ်အစိုးရကို သစ္စာခံသည်ဖြစ်စေ၊ ဘယ်လိုပဲ အင်အားချို့တဲ့သည်ဖြစ်စေ၊ ဘယ်လောက်ပဲ အတွင်းပဋ္ဋိပက္ခတွေ ရှိနေသည်ဖြစ်စေ၊ ဘယ်လောက်ပဲ စစ်အစိုးရနဲ့ပေါင်းပြီး ကြီးပွါးချမ်းသာနေသည်ဖြစ်စေ၊ လူမျိုးရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတွေ တောင်းဆိုရာမှာ အားလုံးတူညီ ရပ်တည်ကြပါတယ်။ ဘယ်အဖွဲ့အစည်းကမှ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံတပ်မဖြစ်ချင်ကြပါ။ ဘယ်အဖွဲ့အစည်းကမှ သူတို့လိုလားတောင့်တတဲ့ တိုင်းရင်းသားလူမျိုးစုအခွင့်အရေးတွေကို နိုင်ငံရေးအရ ဖြေရှင်းမပေးမချင်း လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ပါ။ ဒါကြောင့်လည်း ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း နအဖစစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မြန်မာ့တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းဖို့ ဖိအားပေးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုက လက်မခံကြပါ။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ ၁၄ နှစ်ကျော် အပစ်အခတ်ရပ်စဲခဲ့တဲ့ ကေအိုင်အေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။
#ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှု
၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရအာဏာရလာပြီးတဲ့နောက် ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒုသမ္မတဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တစ်ဖွဲ့ချင်းသီးခြားစီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမည့် အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများက အစပိုင်းမှာ မမှန်ကန်ခဲ့ပါ။ ဦးနေဝင်းအစိုးရက ကမ်းလှမ်းခဲ့သလိုပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံ၊ တပ်တွေဖျက်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ကြိုးစား ဆိုတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ကမ်းလှမ်းချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ငြင်းပယ်ခဲ့ကြပါတယ်။
အတိုင်းအတာတစ်ခုအထိ ပွင့်လင်းလာတဲ့ အခြေအနေမှာ တဟုန်ထိုးအင်အားကြီးမားလာပြီး နိုးကြားတက်ကြွတဲ့ မြန်မာ့အရပ်ဖက်လူ့အဖွဲ့အစည်းများက သမ္မတဦးသိန်းစိန်အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမူဝါဒအမှားများကို ဝေဘန်ထောက်ပြပြီး ပြည်တွင်းစစ်ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းဖြင့် အမြန်ဆုံးရပ်စဲဖို့ တောင်းဆိုကြပါတယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးများကို မျှမျှတတ ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။ သတင်းလွတ်လပ်ခွင့်ရှိလာတဲ့ မြန်မာ့မီဒီယာများက ဖော်ထုတ်ရေးသားလို့ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံများ၊ စစ်ဘေးဒုက္ခသည်များခံစားနေရတဲ့ ဝေဒနာများကို မြန်မာပြည်သူများရော၊ ကမ္ဘာ့ပြည်သူများပါ အရင်တုံးကထက် ပိုပြီး သိရှိနားလည်လာကြပါပြီ။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလူမျိုးစုများအကြား စစ်စစ်မှန်မှန် ဆွေးနွေးဖြေရှင်းကြဖို့ ဖိအားပေးပါတယ်။ ဦးသိန်းစိန်အစိုးရကိုယ်တိုင်လည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးလုပ်ရုံနဲ့ မလုံလောက်ပဲ အစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပပေးဖို့ လိုအပ်ကြောင်း၊ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကြီးက အများသဘောတူချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းအာမခံပြီး အပြည့်အဝအကောင်အထည်ဖော်ပေးဖို့ လိုအပ်ကြောင်း သဘောပေါက်လာပါတယ်။
ဒါကြောင့်လည်း ဦးသိန်းစိန်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမူဝါဒမှာ အပြောင်းအလဲတွေ ရှိလာပါတယ်။ အရင်တုန်းကလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံဆွေးနွေးခြင်းမပြုတော့ပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးဖို့ သဘောတူလာပါတယ်။ ပထမဆင့်အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ဖြစ်ပြီး ဒုတိယအဆင့်မှာ အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ” (The Framework for Political Dialogue) ချမှတ်ရေး ဆွေးနွေးရန်၊ တတိယဆင့်အနေနဲ့ ယင်းမူဘောင်များကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပရန်၊ စတုတ္ထဆင့်အနေနဲ့ “တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူစာချုပ်” ကို ချုပ်ဆိုပြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ စသဖြင့် အများလက်ခံနိုင်တဲ့ မူဝါဒအပြောင်းအလဲတွေ ရှိလာပါတယ်။