အတွေးအမြင်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ပညာသည်သာ အခရာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ပညာသည်သာ အခရာ
ဇူလိုင် ၁၉၊ ၂၀၁၄

လာမယ့်နှစ် စစ်အသုံးစရိတ်ကို ၁၅ ရာနှုန်းမှ ၂၀ ရာနှုန်းအထိ လျှော့ချဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလာမှုနဲ့ ပတ်သက်ပြီး စစ်ဗိုလ်ဟောင်း လွှတ်တော်အမတ်တစ်ယောက်က နိုင်ငံဆင်းရဲနေလို့သာ စစ်အသုံးစရိတ် ဘတ်ဂျက်ခွဲတမ်း မြင့်နေသော်လည်း အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အလွန်နည်းနေတာကြောင့် စစ်အသုံးစရိတ်ကို မလျှော့သင့်ကြောင်း ပြောခဲ့တာကို လွန်ခဲ့တဲ့ ၃ ရက်လောက်က သတင်းတစ်ခုမှာ တွေ့လိုက်ပါတယ်။

နိုင်ငံဆင်းရဲ ပြည်သူအများစုလည်း ဆင်းရဲ စစ်တပ်အောက်ခြေရဲဘော်တွေလည်း ဆင်းရဲနေကြရတာက ပကတိအရှိတရားပါ။ နိုင်ငံဆင်းရဲတာကြောင့် ကဏ္ဍတိုင်းမှာ ဆင်းရဲချို့တဲ့တာ သဘာဝကျပါတယ်။ သဘာဝမကျတာက နိုင်ငံဆင်းရဲသော်လည်း ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်စုနဲ့ ခရိုနီတစ်စုကတော့ အလွန်ကြွယ်ဝချမ်းသာနေကြတာပါ။

သယံဇာတပေါတဲ့နိုင်ငံ ယဉ်ကျေးမှုမြင့်မားတဲ့ သမိုင်းအစဉ်အလာရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ယခုလောက်အထိ ငမွဲတိုင်းပြည်အဖြစ် ကမ္ဘာ့စားရင်းဝင် ဖြစ်နေရတာ ရင်နာစရာပါ။

ပြုပြင်ပြောင်းလဲမှုတွေတော့ လုပ်နေပါရဲ့ ။ ဒါပေမယ့် အပြောတခြား အလုပ်တခြား တလွဲတချော်တွေကို သာမာန်ပြည်သူတွေတောင် သိမြင်နေကြတာပါ။ နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် ပညာရေးက အခရာကျတာ လူတို်င်းနားလည်ထားတဲ့ ကိစ္စပါ။ ပညာရေးပြုပြင်မှုတွေ လုပ်ဖို့ အသံထွက်လာချိန်မှာ ကျူရှင်ကိစ္စကိုလည်း ပြောဆိုငြင်းခုံလာကြတာ ရှိပါတယ်။ တကယ်တော့ ကျောင်းဆရာတွေ ကျူရှင်ပြနေကြရတာက လစာမလောက်ငှမှုကြောင့်ဆိုတာလည်း လူတိုင်းအသိပါ။ ပညာရေးဝန်ထမ်းတွေဟာ လစာတစ်ခုတည်းနဲ့ ဘဝရပ်တည်ရေးအတွက် နောက်ဆံတင်းစရာမလိုတဲ့ အခြေအနေတစ်ခုကို ရောက်လာမှသာ ပညာရေးပြုပြင်မှုရဲ့ အဆင့်တစ်ဆင့်ကို တက်ရောက်လာပြီလို့ ပြောနိုင်မှာပါ။

တကယ်တော့ တပ်မတော်သားအပါအဝင် ဌါနဆိုင်ရာဝန်ထမ်းတိုင်းဟာ လစာတစ်ခုတည်းနဲ့ ဘဝရပ်တည်ရေးအတွက် နောက်ဆံတင်းစရာမလိုဘဲ ကိုယ့်အလုပ် ကိုယ်အာရုံစိုက်လုပ်နိုင်တဲ့ အခြေအနေရောက်လာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးက လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်ရင် သိပ်ကို ကွာဟနေတာကြောင့် စိတ်ကူးယဉ်သလိုတော့ ဖြစ်နေမှာပါ။ ဒါပေမယ့် ၈၈ မတိုင်ခင်အထိ ကျူရှင်ပြတဲ့ ကျောင်းဆရာရယ်လို့ မကြားခဲ့မိပါဘူး။ ၇၅ ခုနှစ်ဝန်းကျင်လောက်က  ယခုကာလအရ စိတ်ကူးယဉ်တယ် ထင်ရတဲ့အခြေအနေတွေ တကယ်ရှိခဲ့တာပါ။

မိမိ သူငယ်တန်းစတက်ခဲ့တဲ့ ရွာအစိုးရမူလတန်းကျောင်းမှာ ထိုအချိန်က ကျောင်းဆရာအများစုက အမျိုးသားတွေ ဖြစ်ပါတယ်။ ကျောင်းဆရာအားလုံးလိုလိုဟာ တနယ်တကျေးမှ ရွာမှာ လာရောက်တာဝန်ထမ်းဆောင်ကြသူတွေ ဖြစ်ပါတယ်။ လူပျိုလူလွတ်ဆိုရင် မိသားစုဝင်နည်းတဲ့ အိမ်တစ်အိမ်အိမ်မှာ  မိသားစုဝင်တစ်ယောက်လိုပဲ အတူနေအတူစားဖို့ ရွာသူကြီးက စီစဉ်နေရာချထားပေးပါတယ်။ ၄ တန်း အတန်းပိုင်ဆရာဆိုရင် သူနေတဲ့ အိမ်ရဲ့ အိမ်ရှေ့ဝရန်တာ ပက်လက်ကုလားထိုင်ပေါ်မှာ ဇိမ်ကျကျထိုင်ကာ ညနေတိုင်း မယ်ဒလင်တီး သီချင်းဆိုပြီး အပန်းဖြေတတ်ပါတယ်။ ထိုစဉ်က မူလတန်းပြဆရာတစ်ယောက်ရဲ့ လစာက မှတ်မိသလောက် တစ်ရာ့အစိတ်ဝန်းကျင်ပါ။ ဒါပေမယ့် ညနေတိုင်း စိတ်အေးချမ်းသာစွာ မယ်ဒလင်တီး သီချင်းဆိုလျှက် အနားယူနိုင်လောက်အောင် နောက်ဆံတင်းစရာမလိုတဲ့ ထိုစဉ်က မူလတန်းပြကျောင်းဆရာတစ်ယောက်ရဲ့ ဘဝအခြေအနေကို ခန့်မှန်းကြည့်နိုင်မယ် ထင်ပါတယ်။

ထိုအချိန်က ရွာဘုန်းကြီးကျောင်းနဲ့ တဆက်တည်း သိမ်နဲ့ ဘုရားတန်စောင်း စေတီတော် တည်ထားတော်မူတဲ့ ဘုရားကုန်းနဲ့ ခဲတပစ်လောက်အကွာမှာ တောင်ကုန်းတစ်ခု ရှိပါတယ်။ ထိုတောင်ကုန်းပေါ်မှာ အစိုးရစစ်တပ် တပ်စိပ်တစ်စိပ် စခန်းချထားပါတယ်။ တခါတရံ မူလတန်းကျောင်းရှေ့ က ဘော်လီဘောကွင်းမှာ လက်နက်မပါဘဲ ရွာထဲရောက်နေတဲ့ မွန်ပြည်သစ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့မှ ရဲဘော်တွေနဲ့ လက်နက်မပါဘဲ ရွာထဲဆင်းလာတဲ့ အစိုးရစစ်တပ်မှ ရဲဘော်တွေဟာ ရွာသားများအကြား ရောနှောလျှက် ဘော်လီဘောကစားတာတောင် ရှိခဲ့ပါတယ်။ အစိုးရစစ်တပ်မှ ရဲဘော်တွေနဲ့ ရွာသားတွေရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ဘယ်အတိုင်းအတာအထိ ရောက်သွားခဲ့သလဲဆိုရင် ရဲဘော်တချို့ ဟာ ရွာခံ အမျိုးသမီးငယ်တွေနဲ့ အိမ်ထောင်ကျပြီး တပ်မှထွက် တချို့လည်း တပ်ပြေးအဖြစ်နဲ့ ရာသက်ပန် ရွာမှာပဲ အခြေချသွားကြတဲ့ အထိပါ။

အစိုးရစစ်တပ်မှ ရဲဘော်တွေဟာ သူတို့ရဲ့ ပုံမှန်ရိက္ခာဖြစ်တဲ့ နို့ဆီ သကြား ငါးသေတ္တာ စတဲ့ ပစ္စည်းတွေကို သုံးမကုန်လို့ ဒါမှမဟုတ် မသုံးချင်တော့လို့ ရွာထဲဆင်းရောင်းကြလေ့ ရှိတာကိုလည်း မှတ်မိနေပါတယ်။ ယခုကျတော့ အစိုးရစစ်တပ်အတွက် ကိုယ့်ရိက္ခာ ကိုယ်ရှာပေါ်လစီ ချထားပုံရပါတယ်။ အကျိုးဆက်အဖြစ် တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ အုတ်တိုင်တွေ တိုင်းပြည်အနှံ့ ထိုးထိုးထောင်ထောင် ပေါ်ထွက်လာပါတယ်။ ရလဒ်အနေနဲ့ စစ်တပ်က သိမ်းလို့ လယ်သမားတွေ လယ်ယာမဲ့ဘဝ ရောက်ကုန်ကြပါတယ်။ ကိုယ့်လယ် ကိုယ်ပြန်တောင်းတဲ့ လယ်သမားတွေကိုတော့ ထောင်ထဲကို ပို့လိုက်ပါတယ်။ နာဂစ်အခြေခံဥပဒေမူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ ခါးစပ်စူးရှတဲ့ အရသာကို တောင်သူလယ်သမားများ ခံစားနေကြရပါပြီ။

ဆယ်တန်းအထိ ဇာတိမြို့က အထက်တန်းကျောင်းမှာ တက်ခဲ့စဉ်က အထက်တန်းပြဆရာတစ်ယောက်ရဲ့ လစာက ကျပ် ၄၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဘယ်ဆရာမှ ကျူရှင်သင်တာ မကြားဖူးပါဘူး။ ၈ တန်း ၉  တန်းလောက် ရောက်လာတဲ့အခါ မိမိတို့နီးစပ်ရာ သူငယ်ချင်းတစ်စု စာမေးပွဲရက်နီးလာရင် အတန်းပိုင်ဆရာမဆီမှာ ညပိုင်း အခမဲ့ကျူရှင်တက်လေ့ ရှိခဲ့တာကိုတော့ မှတ်မိနေပါတယ်။

ကျောင်းဆရာဆရာမတွေနဲ့ အစိုးရစစ်သားတွေ ဘဝရပ်တည်ရေးအတွက် နောက်ဆံတင်းစရာမလိုဘဲ ကိုယ့်အလုပ် ကိုယ်အာရုံစိုက်လုပ်နိုင်ခဲ့တဲ့ အခြေအနေတစ်ခုဟာ ၈၈ ကာလနဲ့ မဝေးလှသေးတဲ့ နှစ်ကာလတွေတုန်းက အမှန်တကယ် ရှိခဲ့တာကို ယခု ၄၅ နှစ်ဝန်းကျင် ရောက်နေကြသူများ မှတ်မိကြမယ် ထင်ပါတယ်။

စစ်အသုံးစရိတ် ဘတ်ဂျက်ကိုလည်း မလျှော့နိုင်ဘူး။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အခရာကျတဲ့ ပညာရေးဘတ်ဂျက်ကိုတော့ မစို့မပို့ အမြင်ကောင်းယုံ တိုးပေးတယ်။ အစိုးရ လွှတ်တော် တရားစီရင်ရေး ရွေးကောက်ပွဲကော်မရှင် စတဲ့ အဓိကကျတဲ့ နိုင်ငံရေးရာထူးတွေသာမက စီးပွါးရေးအခွင့်ထူးတွေနဲ့ တိုင်းပြည်ဓနဥစ္စာတွေဟာ လက်ရှိစစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက် ရောက်နေတယ်။ လက်တွေ့မှာ တိုင်းပြည်နဲ့ ပြည်သူ ဘာပဲဖြစ်နေဖြစ်နေ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဆိုတဲ့ အပြောတွေကတော့ တစ်ပြားသားမှ လျှော့မယ့်ပုံ မတွေ့ရပါဘူး။

စစ်ဗိုလ်ချုပ်တွေက နာဂစ်အခြေခံဥပဒေစာအုပ်စိမ်းကို မူလလက်ရာမပျက် ထိမ်းသိန်းစောင့်ရှောက်သွားမယ်လို့ တွင်တွင်ပြောနေပါတယ်။ စာအုပ်စိမ်းကို ကာကွယ်စောင့်ရှောက်ဖို့ လက်နက်ပုန်းတွေလည်း အရန်သင့်။ ဘယ်လိုအချိန်မှာ ၉၆၉ ကိုထုတ်သုံးမယ်။ ဘယ်လိုအချိန်မှာ စွမ်းအားရှင်ကို ထုတ်သုံးမယ်ဆိုတာ အစီအစဉ်တကျ ချပြီးသား ဖြစ်ပါလိမ့်မယ်။ ၂၀၁၅ နီးကပ်လာတာနဲ့ အမျှ ဘယ်လို အောက်လမ်းနည်းဗျူဟာတွေကို ထုတ်သုံးလာအုံးမလဲဆိုတာ ခန့်မှန်းတွက်ဆရ ခက်ပါတယ်။

စစ်အသုံးစရိတ်နဲ့ ဆောင်းပါးကို စခဲ့ပေမယ့် ရေးရင်းနဲ့ အကြောင်းအရာပေါင်းစုံကို ရေးမိရက်သား ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံပြဿနာကလည်း တနွယ်ငင်တစင်ပါ ဆိုသလို ဝေဖန်ထောက်ပြစရာတွေချည်း ဖြစ်နေတာပါ။ အမှိုက်တွေကို တွေ့ကရာပစ်၊ ကွမ်းတံတွေး တွေ့ကရာထွေးတဲ့ အကျင့်ဆိုးတွေကအစ ပြင်စရာတွေက တပုံတပင်။ ပြင်စရာမလို အသေးအဖွဲတွေ အရေးမကြီးပါဘူးလို့ လူအများ ယူဆနေကြဆဲ ကိစ္စကြီးငယ်တွေဟာ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီအစစ်အမှန်ဆီ အမှန်တကယ် ရောက်ချင်ရင်တော့ မဖြစ်မနေ ပြုပြင်ရမယ့် ကိစ္စတွေချည်းသာ ဖြစ်ပါတယ်။ ယခုလည်း ထိတ်လန့်စရာ မီးကြိုးတွေ ပြုတ်ကျလို့ လူတွေ ဓါတ်လိုက်အသတ်ဆုံးကြရတဲ့ ဝမ်းနည်းဖွယ်သတင်းတွေ ဆက်တို်က် ကြားနေရပါတယ်။ အစိုးရမင်းတွေကတော့ အစည်းအဝေးတွေ တက်နေရလို့ ဒါမှမဟုတ် ဂေါက်ရိုက်နေရလို့ မီးကြိုးပြင်ဖို့ သို့မဟုတ် အသစ်လဲဖို့ကိစ္စကို မစဉ်းစားနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မီးကြိုးအသစ်အတွက် ကုန်ကျစရိတ်ဘတ်ဂျက် ကျလာဖို့ လွှတ်တော်မှာ အဆိုတင်သွင်းရအုံးမလား မသိပါ။

တစ်နေ့က ဖို့ဒ်ဝိန်းမြို့ထဲကို ကိစ္စတစ်ခုနဲ့ ရောက်သွားတော့ ကားမောင်းလိုက်ပို့ပေးတဲ့ ဒကာရဲ့ သားလေးက စာကြည့်တိုက်မှာ သူငှါးထားတဲ့ CD အခွေတွေ စာအုပ်တွေကို ပြန်အပ်ဖို့နဲ့  ငှါးစရာရှိတာ ထပ်ငှါးဖို့ ရှိနေတာကြောင့် သူတို့နဲ့အတူ စာကြည့်တိုက်ထဲကို ပထမဆုံးအကြိမ် ရောက်ဖူးသွားပါတယ်။ ကောင်းလိုက်တဲ့ စာကြည့်တိုက်ပါလားလို့ ရင်သပ်ရှုမော ဖြစ်ခဲ့ရပါတယ်။ ဖို့ဒ်ဝိန်းမြို့ဆိုတာ မြန်မာနိုင်ငံသားအများဆုံး အခြေချနေထိုင်တဲ့ မြို့လို့ ဆိုပါတယ်။ တကယ်တော့ ဖို့ဒ်ဝိန်းမြို့ဟာ အမေရိကန်နိုင်ငံရဲ့ အတိုင်းအတာအရ မြို့ငယ်တစ်မြို့သာ ဖြစ်ပါတယ်။ လူဦးရေ နှစ်သိန်းခွဲလောက် ရှိပါတယ်။ အမေရိကန်နိုင်ငံမြို့ကြီးများရဲ့ အမှတ်စဉ် ၇၆ အဆင့်မှာ ရှိပါတယ်။ ဖို့ဒ်ဝိန်းမြို့မှာ ရှိတဲ့ တက္ကသိုလ်ကောလိပ်တွေနဲ့ ပညာရေးအကြောင်းတွေကိုသာ ရေးရမယ်ဆိုရင်တော့ အများကြီး အချိန်ယူ လေ့လာဖို့ လိုပါလိမ့်မယ်။

အချုပ်ပြောရရင် ဆင်းရဲနိမ့်ကျနေတဲ့ နိုင်ငံကို အဆင့်ပြန်မြင့်လာအောင် ပညာနဲ့သာ တည်ဆောက်နိုင်မှာပါ။ မြောက်ကိုးရီးယားလို လူသတ်လက်နက်တွေ ဒုံးကျည်တွေတည်ဆောက်ရေးမှာ အချိန်တွေ ငွေတွေ လူသားအရင်းအမြစ်တွေကို ဦးစားပေးအသုံးချနေပြီး ပြည်သူလူထုကို အငတ်ထားမလား။ တောင်ကိုးရီးယားလို လူနေမှုဘဝမြင့်မားပြီး ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေး စစ်ရေး စီးပွါးရေးလမ်းစဉ်ကို နမူနာယူမလားဆိုတာ နိုင်ငံအာဏာကို ချုပ်ကိုင်ထားဆဲ စစ်ဗိုလ်ချုပ်ကြီးများရဲ့  ဥာဏ်ပညာရေချိန် အနိမ့်အမြင့်အပေါ်မှာသာ မှီတည်နေပါတယ်။

အရှင်စန္ဒိမာ (မွန်စိန်တောရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts