Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – နန်းညွှန့်ဆွေ ကဗျာဆုပေးအပ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

နန်းညွှန့်ဆွေ ကဗျာဆုပေးအပ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ
ရန်နောင် (ဗိုလ်တထောင်)
ဇူလိုင် ၁၅၊ ၂၀၁၄
 

စစ်အာဏာရှင်အစိုးရလက်ထက်တွင် ကဗျာတစ်ပုဒ်ကြောင့် တားဆီးပိတ်ပင်ခံခဲ့ရပြီး နှစ်ပေါင်း ၂၅ နှစ်တာမျှ အမည်ကိုပင် ဖော်ပြခွင့် မရှိခဲ့သော ကဗျာဆရာကြီးနန်းညွန့်ဆွေ (၁၉၂၃-၂၀၁၀) ကွယ်လွန်ခြင်းလေးနှစ်ပြည့် အမှတ်တရ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်းနှင့် နန်းညွန့်ဆွေ ကဗျာဆုပေးအပ်ချီးမြှင့်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းအောက်လမ်းရှိ ဟုမ်းမီဒီယာခန်းမ၌ ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၁) ရက် သောကြာနေ့ (ဝါဆိုလပြည့်နေ့) က ကျင်းပပြုလုပ်ခဲ့သည်။

 

 

 

ဆရာကြီးနန်းညွန့်ဆွေ ကဗျာဆုပေးအပ်ပွဲကို နံနက် ၁၁ နာရီတွင် စတင်ကျင်းပရာ အခမ်းအနားမှူးအဖြစ် သူရဿဝါမှ ဆောင်ရွက်ပါသည်။ ထို့နောက် ဆရာကြီးနန်းညွန့်ဆွေနှင့်ပတ်သက်သော အမှတ်တရအကြောင်းများကို စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းမှ ပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာကြီး၏ သားအငယ်ဆုံးဖြစ်သူ ဦးသူရ (ဇာဂနာ) မှ ကဗျာဆု ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ကဗျာ ဆရာတစ်ယောက်၏သားဖြစ်သော်လည်း ကဗျာတပုဒ်မဖွဲ့တတ်သော ဦးသူရသည် သူအင်မတန်ချစ်သော ကဗျာများကိုဖန်တီးသော ကဗျာဆရာများကို သူရရှိသောစာမူခများဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။ ကျနော်ရရှိထားတဲ့ စာမူခတွေရယ်၊  ကျနော်ညီအစ်ကိုလိုဖြစ်နေတဲ့ အရိုင်း၊ ငှက်ပျောကြော်တို့ရဲ့ လှူဒါန်းငွေနဲ့ တယောက်ကို ငါးသိန်းနဲ့ နှစ်ယောက်လှူဒါန်းမှာဖြစ်ပါတယ်ဟုလည်း ရှင်းပြခဲသည်။

 

ဆရာကြီးနန်းညွန့်ဆွေ ကဗျာဆုကို ၂၀၁၄ ခုနှစ် ဇွန်လထုတ် စုံနံ့သာမဂ္ဂဇင်းတွင်ဖော်ပြပါရှိသော ကဗျာဆရာ စောနဒီ (မြစ်ကြီးနား) ရေး သားသည့် ရန်ကုန်မြို့မှဘဝရှိတာမဟုတ်ဘူး။ နေပြည်တော်ကြီးမှ ဘဝရှိတာမဟုတ်ဘူးနှင့် ၂၀၁၄ ခုနှစ် မေလထုတ် လှိုင်းသစ်မဂ္ဂဇင်းပါ ကဗျာဆရာမိုးမြင့်ကြယ်ရေးသားသော ခေတ်မီကစားကွင်းတို့မှ   ဆွတ်ခူးရရှိခဲ့သည်။

ကျနော်ဒီဆုကို နှစ်စဉ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဖေဖေ့ကိုရည်စူးပြီး ကဗျာဆုပေးသလို မေမေ့ကိုရည်စူးပြီး ဆောင်းပါးဆုပေးသွားမှာ ပါ။ မဂ္ဂဇင်းထုတ်တယ်ဆိုတာ မေမေ့ရဲ့ရောဂါပါ။ ဒါကြောင့်လည်း စုံနံ့သာကို မသေမချင်းထုတ်သွားမှာပါဟုလည်း ဦးသူရက ပြောကြား ခဲ့ပါသေးသည်။

ထို့နောက် တက်ရောက်လာသူများအား မြန်မာထမင်းဟင်းဖြင့် နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ပါသည်။ အခမ်းအနားသို့ စာပေအသိုင်းအဝိုင်းနှင့် အနုပညာအသိုင်းအဝိုင်းမှ ပရိတ်သတ်များတက်ရောက်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts