Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း (၁၅) ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲပြုလုပ်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း  (၁၅) ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲပြုလုပ်
ရန်နောင် (ဗိုလ်တထောင်)
ဇူလိုင် ၁၄၊ ၂၀၁၄
 

မြန်မာနိုင်ငံအကျဉ်းထောင် များအတွင်း အကျဉ်းကျခံနေရဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုများ၊ အခြားအကူအညီလိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအား ကူညီထောက်ပံ့နိုင်ရန် ရည် ရွယ်ချက်ဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ  (၁၅) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို  ၂၀၁၄ ခု နှစ် ဇူလိုင်လ (၁၂) ရက်နေ နေ့လည် (၂) နာရီတွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦးတက်ရောက်၍ အမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ 

ထိုနေ့ပေးအပ်သော အခမ်းအနားတွင်  လက်ရှိနိုင်ငံရေးအကျဉ်းသား (၃) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဘဝတူစာနယ်ဇင်း သမားများ စုစုပေါင်း (၂၆) ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား ထောက်ပံ့ငွေ စုစုပေါင်း (၇၆) သိန်းအား ပေးအပ်ခဲ့သည်။

သဘာပတိ နာယကကြီး ဘဘဦးတင်ဦး မှ အမှာစကားပြောကြားရာတွင် ဦးဝင်းတင်ထူထောင်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ကြီးကို အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်ခြင်းဖြင့်သာ သတင်းစာဆရာကြီးဦးဝင်းတင်အား လေးစားဂုဏ်ပြုရာလည်း ကျမည်၊ အ ကောင်း ဆုံးကျေးဇူးတုန့်ပြန်ပေးဆပ်ရာကျမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် ယခုလက်ရှိအချိန်အထိ လက်ရှိနိုင်ငံရေးအကျဉ်းသား (၆၆) ဦး၊ နိုင်ငံရေးအကျဉ်းသား ဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား (၃၈၇) ဦး စုစုပေါင်း (၄၅၃) ဦးအတွက် ထောက်ပံ့ငွေ (၁၂၉၂) သိန်းပေးအပ်ခဲ့ပြီးဖြစ်သည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းသို့ အလှူငွေထည့်ဝင်လိုသူများအနေဖြင့် နာယက ဆရာကြီးဦးဝင်းတင်ကိုင်ဆောင်ခဲ့သည့် Hot Line ဖုန်းနံပါတ် ၀၉၄၅၀၀၄၅၀၀၀ သို့ဖြစ်စေ၊ (NLD) အဖွဲ့ချုပ်ရုံး၊ အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ၀၁- ၅၅၅၁၅၆ ၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းရုံး၊ အမှတ် (၁၂၂) ၃ လွှာ ၊ လမ်း (၅၀)၊ ပုဇွန်တောင်မြို့နယ်၊ ဖုန်း ၀၁- ၂၀၀၂၇၆ သို့ ဆက် သွယ်လှူဒါန်းနိုင်ကြောင်း အလုပ်အမှုဆောင် ကိုကျော်အောင်မှပြောပြခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts