သူတို့အာဘော်

ဇင်လင်း – ရွေးကောက်ပွဲ အချိုးကျ ကိုယ်စားပြုစနစ် နဲ့ ငြိမ်းချမ်းရေးအလားအလာ

zinlin

ရွေးကောက်ပွဲ အချိုးကျ ကိုယ်စားပြုစနစ်  နဲ့ ငြိမ်းချမ်းရေးအလားအလာ

ဇင်လင်း၊ ဇူလိုင် ၁၁၊ ၂၀၁၄

 

အခုတလော မန္တလေး ပဋိပက္ခ စိန်ခေါ်မှုနဲ့ တဆက်တစပ်တည်းဖြစ်နေတဲ့ မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းကို ဂရုပြု လေ့လာကြည့်မယ်ဆိုရင် အတော့်ကို စိတ်မအေးစရာ ရင်လေးစရာ အခြေအနေကို  မြင်နိုင်ပါတယ်။ ပထမ ရင်လေးစရာက ပြည်တွင်းစစ် ရပ်ရေးမလွယ်သေးတဲ့ ကိစ္စ။ ဒုတိယ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကိစ္စ လူထု ဆန္ဒသဘောထားအမှန် ဖေါ်ထုတ်ပြသမှု အားကောင်းလာချိန်မှာ PR အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ပွဲထုတ်လာတဲ့ ကိစ္စ။ ..စသည်ဖြင့် တွေ့ရပါတယ်။ အခြား နိုင်ငံရေးအကြောင်းခံ ကိစ္စရပ်တွေရှိသေးသော် လည်း၊  လောလောဆယ် ဒီ ကိစ္စရပ် နှစ်ခုကတော့ လူထုက အထူး စိတ်ပူပန်မှု ရှိနေတဲ့ ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့အတူ စတင်ခဲ့တဲ့အလျောက် နှစ်ပေါင်း (၆၀) ကျော်ခဲ့ပါပြီ။ ဒါကြောင့် ပြည်တွင်းစစ် ဆိုတဲ့ နိုင်ငံရေး နာတာရှည်ရောဂါ ပြဿနာကတော့ မြန်မာပြည်ပြန်လည် ထူထောင်ရေးကိစ္စအတွက် အရင်ဆုံး ဖြေရှင်းရမယ့် အရေးဖြစ်နေတာ နိုင်ငံသားအားလုံး သိရှိပြီးဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ မေလ ၂၁ နဲ့၂၂ နေ့ က မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ငြိမ်းချမ်းရေးပြဿနာတွေ ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒုတိယမြောက် သဘောတူညီချက် မူကြမ်း တစ်ခုရအောင် ညှိနှိုင်းကြတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လမတိုင်မီ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်မယ် လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် တပ်မတော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းတို့ ဦးဆောင် တက်ရောက်ခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖက်က၊ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဒေါက်တာ ဆလိုင်းလျှံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အရင် ဆွေးနွေးပွဲတွေ မှာ အဓိကပါဝင် ဆွေးနွေးခဲ့ကြတဲ့ အစိုးရဖက်က တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် NCCT ဖက်မှ နိုင်ဟံသာနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်လာတာ မတွေ့ရတဲ့အတွက် ဆွေးနွေးပွဲ ရဲ့ အဓိပ္ပာယ် လေးနက်မှုအပေါ် သံသယဖြစ်ပေါ်မှုတွေလည်း ရှိနေခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဆွေနွေးအဖြေရှာဖို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့်၊  မြန်မာနိုင်ငံအတွင်းမှာ လူတန်းစားအသစ် တစ်ရပ်တောင် ပေါ်ပေါက်နေခဲ့တာကို စစ်ပြုနေကြတဲ့ ခေါင်းဆောင်များ သတိပြုမိကြရဲ့ လားလို့ နိုင်ငံရေး အကဲခတ်အ၀န်းအ၀ိုင်းက မေးခွန်းထုတ်နေကြတာလဲရှိပါတယ်။ ငြိမ်းချမ်းရေးဆီ ဦးတည် ဆောင်ရွက်နေချိန်မှာ  စစ်ဘေးစစ်ဒဏ်က ပုန်းရှောင်နေကြရတဲ့ ဒုက္ခသည် စခန်းတွေမှာ စစ်ဘေးသင့် တိုင်းရင်းသားပြည်သူအရေအတွက် တိုးသည်ထက် တိုးလာနေပါတယ်။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအ၀င် အပြစ်မဲ့ အရပ်သားပြည်သူပြည်သား သိန်းဂဏန်းများစွာဟာ ဒီပြည်တွင်းစစ်ရဲ့ ဆိုးကျိုးမျိုးစုံကို ခါးစည်းခံနေကြရပါတယ်။

ပြည်သူတွေ စိတ်မရှင်းတဲ့ အချက်က၊ တစ်ဖက်မှာ MPC က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်နေသော်ငြားလည်း၊ တပ်မတော်က တစ်ဖက်မှာ စဉ်ဆက်မပြတ် စစ်ဆင်ရေးတွေလုပ်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီ ဖြစ်စဉ် နှစ်ခုက ဘာကြောင့် ရှေ့နောက် မညီဖြစ်နေရတာလဲ။ ဒါဟာ ပြည်သူလူထုအနေနဲ့ မေးသင့် မေးထိုက်တဲ့ ကိစ္စပါပဲ။ ယခု ဇွန်လ ၁၆ ရက်နေ့ ဧရာဝတီသတင်းအရ၊

မိုင်းရှူးမြို့နယ် အတွင်းက ဖိုးဖွားတောင်ပေါ်ရှိ SSPP/SSA တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ဇွန်လ ၁၁ ရက်နေ့ကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက် ရှေ့တန်းစခန်းကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ SSPP/SSA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောကြောင်းသိရတယ်။
အမှန်တော့ SSPP/SSA နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး ဖြစ်တယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရတပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားပေမယ့်၊ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စီးပွားရေးအရ စိုးမိုးနိုင်ရေးအတွက် အစိုးရစစ်တပ်က စစ်ဆင်ခဲ့လို့၊ SSPP/SSA ရဲ့တပ်စခန်း ၂၀ ကျော် လက်လွှတ် ပေးခဲ့ ရတယ်လို့ ဧရာဝတီသတင်းအရ သိရှိရပါတယ်။

 

နောက်တခါ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ရဲ့ ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ၀င်ရောက်ပစ်ခတ်တဲ့အတွက် KNLA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်သတင်းဌာန(ကေအိုင်စီ) သတင်းအရ သိရပါတယ်။ အဆိုပါဒေသရှိ မြန်မာအစိုးရစစ်တပ် ခြေမြန်တပ်ရင်း(ခမရ-၅၅၇) က KNLA ဟွေးဖာ့အခြေစိုက် တပ်ရင်း(၁၁) တပ်ဖွဲ့ဝင်အချို့ကို ဇွန် ၁၃ရက်နေ့ ညနေ၊ ၃နာရီဝန်းကျင်မှာတစ်ကြိမ်၊ ဇွန် ၁၄ရက်၊ နံနက် ၇နာရီမှာတစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်ကျ ဆုံးရတာဖြစ်တယ်လို့ KNU တပ်မဟာ(၄)ဘက်က ဆိုပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလဖြစ်တဲ့အတွက် အဆိုပါပစ်ခတ်မှုဟာ မဖြစ်သင့်ကြောင်း၊ ပစ်ခတ်မှုနှစ်ကြိမ်စလုံးဟာ  KNU ကန့်သတ် နယ်မြေ အတွင်းဖြစ်ကြောင်း၊ KNU ဘက်က ပြောပါတယ်။

 

ဒီအပြင် ဇွန်လ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်က အစိုးရတပ်နဲ့ ကေအိုင်အေ(KIA) တို့ မုန်ဒိန်းပါကျေးရွာနဲ့ ကောင်းမှုယန်ကျေးရွာ ၀န်းကျင်မှာ အစိုးရ စစ်ကြောင်း တစ်ကြောင်းနဲ့ ကေအိုင်အေတပ်ရင်း(၁၂)တို့ တိုက်ပွဲ နှစ်ကြိမ်ပြင်းထန်စွာဖြစ်တယ်လို့ 7 Day Daily သတင်း အရ သိရှိရပါတယ်။ မေလ ဆွေးနွေးပွဲ အပြီး အစိုးရနဲ့ ကေအိုင်အေတို့ကြား အပစ်အခတ်တွေ  ငြိမ်သက် နေခဲ့ပေ မယ့်၊ ဇွန်လ ၁၅ ရက်နေ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ် ပူးပေါင်းစစ် ကြောင်းတွေက ကေအိုင်အေ တပ်ရင်း (၁၂) နှင့်(၂၇) နယ်မြေတွေအတွင်း ၀င်ရောက်လှုပ်ရှားတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်ရတာလို့ ကေအိုင်အို ဘက်က ဆိုပါတယ်။

 

အထက်ပါ စစ်ရေးဖြစ်စဉ်တွေကို ကြည့်ရင် ငြိမ်းချမ်းရေးဆွေနွေးမှုဖြစ်စဉ် အပေါ် တိုင်းရင်းသားတွေ သံသယတိုးပွားလာစရာ ဖြစ်နေ ပါတယ်။ အစိုးရနဲ့ တပ်မတော်အကြား မူဝါဒသဘောထားတွေ ကွဲလွဲမှုရှိနေသလားလို့ တိုင်းရင်းသားအဖွဲ့တွေဘက်က မေးခွန်း ထုတ်ဖို့ ဖြစ်လာပါတယ်။ ဒီလိုသာ လက်နဲ့ရေး၊ ခြေနဲ့ဖျက်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ ထပ်တလဲလဲ ဖြစ်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ရေးဟာ “ရွှေပြည်တော် မျှော်တိုင်းဝေး” ဖြစ်နေဦးမယ် ထင်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးချိန်အထိ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆိုင်းငံ့ထားဖို့ သမ္မတ ဦးသိန်းစိန်က မေ(၃၁) ရက် မိန့်ခွန်း မှာ ထည့်သွင်း ပြောခဲ့တာလည်း သံသယဖြစ် စရာပါပဲ။

 

ဒုတိယ ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) နဲ့ (၅၉-စ) ပြင်ရေးကိစ္စ လူထုဆန္ဒသဘောထားအမှန် ထုတ်ဖေါ်ပြသ မှု အားကောင်းလာချိန်မှာ PR ရွေးကောက်ပွဲစနစ်ကို တကျော့ပြန် ပွဲထုတ်လာတဲ့ ဖြစ်ရပ်ပါပဲ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ  အချိုးကျ ကိုယ်စား လှယ်စနစ်  (Proportional Representation System)စနစ် အသုံးပြုမယ့် ကိစ္စကို “ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း” (Nationalities Brotherhood Federation) က ကန့်ကွက်ကြောင်း၊ ဇွန်လ ၁၀ ရက် နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

 

“PR စနစ်အသုံးပြုပါက တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များ လွှတ်တော်ပါဝင်ခွင့်မရလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရမည်မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခလည်း ဖြေရှင်း နိုင်မည်မဟုတ်၊ PR စနစ်ကျင့်သုံးရန် ကြိုးပမ်းသူသည် တိုင်းရင်းသား လူနည်းစုများ၏ ဘုံရန်သူ ဖြစ်လာနိုင်သည်” လို့ NBF က ဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရှိရပါတယ်။ သဘောကတော့ PR စနစ်ကျင့်သုံးဖို့ အားထုတ်ခြင်းဟာ တိုင်းရင်းသားများနဲ့ဆင်နွှဲနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို သက်ဆိုးရှည်အောင် လုပ်ဆောင်တာပဲလို့ ဆိုလိုပုံရပါတယ်။

 

ဒါကြောင့် PR နည်းဗျူဟာကို ကျင့်သုံးဖို့ ဇွတ်တိုးလုပ်ဆောင်ခြင်းဟာ  လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရခက်အောင် လုပ်ရာရောက်လို့၊ လက်ရှိအစိုးရလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားအောင်လုပ်ခြင်းနဲ့ ဘာမှ မခြားဘူး ထင်ပါတယ်။ ဒီ အတောအတွင်းမှာပဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ PRစနစ် ကျင့်သုံးရေးအဆို အကောင် အထည်ဖော်ရေး ကော်မရှင် ကနေ NLD ပါတီဝင်(၅)ဦး ဇွန် ၁၃ ရက်နေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ နုတ်ထွက်ခွင့် တောင်းခဲ့ပြီး၊ ဇွန် ၁၆ ရက် နုတ်ထွက်ခွင့်ပြုကြောင်း ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။ PR စနစ်ကို ကန့်ကွက်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားပါတီတွေကလည်း ကော်မရှင်ကနေ နုတ်ထွက်ဖွယ်ရှိတယ်လို့ သတင်းတွေ ဖြစ်ပေါ်နေပါတယ်။

 

ဒီလိုသာဆိုရင်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပဓါနကိစ္စကို ပေါ့ပျက်ပျက်ဖြစ်အောင်လုပ်ပြီး၊ PR နည်းဗျူဟာ စနစ်နဲ့ ပွဲလှန့်ဖြာခင်းဖို့ လုပ်သူတွေဟာ ဘယ်သူတွေလဲ။ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးထက် စိတ်ဝမ်းကွဲရေး ဆူပူရေးပြဿနာတွေကို နောက်ကွယ်က အကွက်ချ ဖန်တီးနေသူတွေဟာ ဘယ်သူတွေလဲ လို့ မေးရ မြန်းရ စူးစမ်းရဖို့ အကြောင်းဆိုက်လာပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာသာလောက်ပဲ လိုတော့တဲ့အချိန်မှာ PR စနစ်အတွက် ပြင်ဆင်ဖို့ အချိန် ဘယ်နည်းနဲ့မှ မရနိုင်ပါ။ တိုင်းပြည့် အနာဂတ် အတွက် အကျိုးမများနိုင်တာ သိလျှက်နဲ့ မိမိတို့ အခွင့်အာဏာမြဲရေးကို ပဓါနထားပြီး PR စနစ်ကို အသက်သွင်းချင် သူတွေဟာ လူထုထောက်ခံမှု မရရှိနိုင်သူတွေသာ ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကလည်း အစိုးရက ဖွဲ့ပေးထား တာဖြစ်လို့ PR အရေးမှာ တစ်ကျိတ်တည်း တစ်ဥာဏ်တည်းဆိုတာ လူထုကတော့ သိထားပြီး ဖြစ်ပါတယ်။အခုလို လူထုက အပ်နှင်းလိုခြင်း မရှိတဲ့ (Mandate) အာဏာကို ညစ်ဥာဏ်သုံး အချောင်ရယူဖို့ ကြံစည်ခြင်းဟာ တိုင်းပြည်လူထုကို ဆင်းရဲတွင်းထဲက မတက်နိုင်အောင် ဖန်တီးတာနဲ့ အတူတူပါပဲ။

 

အနှစ်ချုပ်လိုက်လျှင် လက်တွေ့နိုင်ငံရေးနယ်ပယ်မှာ လူထုထောက်ခံမှု အများစု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို လက်ရှိ အစိုးရရဲ့ အာဏာရပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ရိုးရိုးသားသား မယှဉ်ပြိုင်ရဲ တာ သေချာနေတဲ့ သဘောလို့ဆိုရပါလိမ့်မယ်။ ဒါကြောင့် PR ကစားကွက်ဟာ လာမယ့် အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် ရင်မအေးစရာ နိမိတ်ပြ သင်္ကေတဖြစ်တာကို ဒီမိုကရေစီဘက်တော်သားတွေ အထူးသတိထား ကြည့်ကြ မြင်ကြဖို့ပါပဲ။ ဒါတင်မက အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အသက်သွင်းဖို့လုပ်နေခြင်းဟာ တိုင်းရင်းသားတို့ရဲ့ နိုင်ငံရေးတန်းတူရပိုင်ခွင့်ကိုလည်း သွယ်ဝိုက်ပြီး ထိခိုက်စေမှာ ဖြစ်ပါတယ်။ အာဏာလက်ရှိလူတွေဟာ အာဏာလက်မလွှတ်ရရေးအတွက် မီးကုန်ယမ်းကုန် စစ်ပြင် နေတဲ့ သဏ္ဍာန်လည်း ပေါ်လွင်နေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဘက်တော်သားများအနေနဲ့ ၂၀၁၅ မှာ နောက်ထပ် ဆန္ဒမဲ အလိမ်မခံရအောင် သတိကြီးကြီးထားပြီး လူထုခေါင်းဆောင်ကို ၀န်းရံကြဖို့ လိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားများ၊ လူငယ်များ၊ အမျိုးသမီးများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ဖို့ မူဝါဒရှိနေတဲ့အတွက် NLD ကို ၀န်းရံခြင်းဟာ မှန်ကန်တဲ့ နိုင်ငံရေး အပြောင်းအလဲတစ်ရပ်ကို လူထုနည်းနဲ့ဖေါ်ဆောင်ရာရောက်မှာ ဖြစ်ကြောင်းပါ ။ ။ ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – ရွေးကောက်ပွဲ အချိုးကျ ကိုယ်စားပြုစနစ် နဲ့ ငြိမ်းချမ်းရေးအလားအလာ
  1. အစိုးရနဲ့ စစ်တပ်က ပုလင်းတူဗူးဆို့တွေပါ။ စစ်အုပ်စုပါပဲ။ တစ်ကျိပ်ထဲ တစ်ဥာဏ်ထဲပဲ။ လူတွေမျက်စိလည်ထွက်နေအောင် သူ့နေရာနဲ့သူ ပိပိရိရိသရုပ်ဆောင်နေကြတာကို ရှင်းရှင်းမြင်ဖို့ လိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံတိမ်သလ္လာကို ထွင်းဖောက်မြင်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီ အများစုကြီးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တည်ထောင်ထားတာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ငါ့အခွင့်အရေး၊ ငါ့လူမျိုး၊ ငါ့အုပ်စုအခွင့်အရေးသမားတွေ များတယ်။ အဲဒါဟာ အာဏာရှင်စနစ်ကို တနည်းနည်းနဲ့ ထောက်ခံအားပေးတာဖြစ်တယ်။ ဒီချုပ်ထဲမှာ အဲဒီလူစားတွေမပါအောင် သတိရှိဖို့လိုပါတယ်။ ကျနော်ကတော့ အမှန်တရားနဲ့ တရားမျှတမှု ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိုသွေဖီတဲ့ ဘယ်ခေါင်းဆောင်(ဘုန်းကြီးပဲဖြစ်ဖြစ်)၊ ဘယ်အဖွဲ့အစည်းကိုမှ မထောက်ခံဘူး။ အမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါးစတဲ့ စကားလုံးတွေကိုလည်း အန်ချင်တယ်။ အမျိုးစောင့်ဖို့မလို၊ သီလစောင့်ဖို့ပဲလိုတယ်။ လောကကိုစောင့်ရှောက်ဖို့ ဟိရီ၊ သြတ္တပ္ပတရားနှစ်ပါးက အချုပ်ပါပဲ။

Comments are closed.