မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၃)

ဂန္ဒီခန်းမ ကြေညာစာတမ်း (၃)
အုန်းနိုင်
ဇူလိုင် ၅၊ ၂၀၁၄
 

● ပဲခူးတိုင်း အကြိုညှိနှိုင်းပွဲ
(၂၆) ရက်နေ့ကျတော့ ပဲခူးတိုင်း (၂၈) မြို့နယ် အကြိုညှိနှိုင်းပွဲပါ။ ဒါက တကယ့် အကြိုညှိနှိုင်းပွဲပဲ။ ဒီမှာကျတော့ မနေ့ကလို အခြေခံ သဘောကို ဆွေးနွေးတာမဟုတ်တော့ဘူး..။ တိုင်းတာဝန်ခံတစ်ယောက်က ဗဟိုအလုပ်အမှုဆောင် အစီရင်ခံစာ ဖတ်ပြပါတယ်။ ဒီအထဲ မှာပါတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ (ယာယီ)၊ လွှတ်တော်အမြန်ခေါ်ယူရေး၊ လွှတ်တော်ကိုယ်စားလှယ်များက  ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုဦးစီး အဖွဲ့ဝင်များကို အာဏာကုန်လွှဲအပ်ရေးတို့အပေါ်မှာ ဆွေးနွေးကြတာဖြစ်တယ်။ ကျနော် အတော် တွေဝေသွားပါတယ်။

အခု ပဲခူးတိုင်းရဲ့ အကြိုညှိနှိုင်းပွဲက အသေးစိပ်အချက်အလက်တွေ ဖြစ်ပေမယ့် ဒီထက် အရေးကြီးတဲ့ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်တဲ့ အခြေခံ သဘောထားချမှတ်ရေးမပါဘူး။ ဘယ်လိုတွေ အံချော်နေသလဲ။ ကျနော် ကိုယ့်မြို့နယ်ရဲ့အလှည့်ကို စောင့်မနေတော့ပဲ ဒါကို ထ ဆွေးနွေးမိပါတယ်…။ ကျနော် ဆွေးနွေးတာကို အများစုက လက်မခံပါ။ အခု ..တိုင်းက တင်ပြနေတဲ့ အစီအစဉ်အတိုင်းသာ ဆွေးနွေးပါ..။ အချိန်ကို လေးစားပါ..။အပိုတွေ ဆွေးနွေးမနေပါနဲ့…. စသဖြင့်ပေါ့လေ။ ကျနော့်ကို   အပြင်းထန်ဆုံး  ဆန့်ကျင်သူက ပြည်က ဦးသောင်းစိန် ပါ..။   ဒီလို မူလွတ် ဘောင်လွတ် ဆွေးနွေးတာလက်ခံရင် အစည်းအဝေးရဲ့စည်းကမ်းကိုထိခိုက်တယ်..။  ဒါကြောင့် မူလအစီအစဉ်အတိုင်းပဲ ဆွေးနွေးပါလို့ဆိုပါတယ်…။ မနေ့က ကမ်းနားလမ်း အစည်းအဝေးတက်ခဲ့တာမှာ ပဲခူးတိုင်းက ကိုယ်စားလှယ်အချို့ ပါပါတယ်..။ သူတို့ ကိုယ်တိုင်က ကျနော့်ကို တစ်ယောက်မှ ထောက်ခံမှုမပြုပါ..။ ကျနော်..အများစု အဆုံးအဖြတ်ထဲမှာပဲမျှောလိုက်ရတော့မှာပေါ့..။

တိုင်းတာဝန်ခံက ပဏာမ ညှိနှိုင်းအစည်းအဝေးကြီးမှာ ဂန္ဒီကြေညာစာတမ်း တင်မယ်လို့ ပြောပေမယ့် ဂန္ဒီကြေညာစာတမ်းက မူကြမ်း တောင်မရှိလို့ ဘာမှ မဆွေးနွေးနိုင်ပါ..။ တိုင်းစည်းရုံးရေးအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသိန်းလွင်က ဗဟိုအလုပ်အမှုဆောင်အစီရင်ခံစာ ဖတ်ပြပါတယ်။ ဒါကအရှည်ကြီး ဖြစ်ပြီး မိတ္တူ ဖြန့်ထားတာ မရှိတော့ဆွေးနွေးဖို့ ခက်ပါတယ်။ ဒီတော့ …တီးတိုးတီးတိုး စကားပြောတာတွေသာ
လုပ်နေကြပါတယ်။ ကျနော်တောင် အနားမှာထိုင်နေတဲ့ ပေါက်ခေါင်းကိုယ်စားလှယ် ဦးစိန်ဝင်းနဲ့ စကားပြောနေမိပါတယ်…။ သူကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် မဟုတ်ပေမယ့်ဒီအစည်းအဝေးတော့ တက်နေပါတယ်။

နောက်တစ်ပိုင်းမှာ တိုင်းစည်းရုံးရေးမှူး တစ်ဦးဖြစ်တဲ့ဦးနိုင်ဦးက ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေခေါင်းစဉ်နဲ့ တင်ပြတော့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ယာယီ) ဆွဲထားပြီး ရှိတယ်..။ ဒါကို အစည်းအဝေးကြီးက အတည်ပြုပေးရမယ်လို့ပဲ ပြောပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခြေခံက အကြမ်းအားဖြင့်ဘာလဲ…။ ၄၇ ခုနှစ် အခြေခံဥပဒေကို အခြေခံသလားမေးတော့ သူလည်းမဖြေနိုင်ပါ….။ ညောင်လေး ပင် ကိုယ်စားလှယ် ဦးအုန်းမောင်က ဒါဆိုလည်း ယာယီတွေ ဘာတွေလုပ်မနေနဲ့..။ တကယ့်ဖွဲ့စည်းပုံ ဥပဒေကို ဆွဲဖို့လုပ်မှပေါ့လို့ ဆွေးနွေး ပါတယ်။ ကျောက်တံခါးက ဦးလှဦးကလည်း လွှတ်တော်အမြန်ခေါ်ယူရေးဆိုတာမှာ ရက်အကန့်အသတ် (Dead   Line) ရှိဖို့လိုတယ်လို့ ပြောပါတယ်။ ဒါကတော့   ခုနက တင်ပြခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ရဲ့ အစီရင်ခံစာမှာ လွှတ်တော်ခေါ်ယူရေးဆိုတဲ့ စကားလုံးပါလာလို့ ဆွေးနွေးတာပါ….။  ဒီတစ်ခုပဲ ဆွေးနွေးရတာ အသက်ဝင်ပါတယ်…။ တခြားဆွေးနွေးရတဲ့ ဟာတွေက ဘာမှမကြားရ…။  မမြင်ရသေးတာကို
ဆွေးနွေးနေကြရတာပါ။

နောက်တစ်ချက်ကတော့ တိုင်းတာဝန်ခံ ဦးမြလေးကပဲ တင်ပြပါတယ်။ မနက်ဖြန်နဲ့သန်ဘက်ခါ ညှိနှိုင်း အစည်းအဝေးကြီးမှာ ဗဟိုအလုပ် အမှုဆောင်နဲ့ ဗဟိုဦးစီးအဖွဲ့ကို တာဝန်လွှဲအပ်ရေးဟာ အဓိကပါတဲ့။ ဒီတော့ ဒါဟာ ဒီမိုကရေစီကျမကျ ဆွေးနွေးကြပါတယ်..။ ဒါလည်း ဘဝင်ကျတဲ့အဆင့် မရောက်ပါ..။ ဗဟိုအလုပ်အမှုဆောင်မှာ ဒေါ်စုမပါလို့ သိပ်လည်းမယုံပါ..။ မယုံတော့လည်း ပုံအပ်ရမှာ တစ်မျိုးကြီးပဲ..။ ဒီလိုနဲ့ နောက်တစ်ခုကို ဆက်သွားတယ်။ ကိုယ်စားလှယ် များနဲ့ မြို့နယ်အဖွဲ့အစည်းများ ဆက်ဆံရေးခေါင်းစဉ်ကိုရောက်သွားပါတယ်။

အဲဒီအချက်တွေကို ဆွေးနွေးကြရာမှာ ဟိုဘက်ဒီဘက်နှစ်ဖက်သဘောထားတွေ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီပါတီ က အရွေးခံရတဲ့ပေါက်ခေါင်းမြို့နယ် ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်းကလည်း ဒီညှိနှိုင်းပွဲဟာပုံစံမကျဘူး..။ တိုင်းတာဝန်ခံတွေကလည်း   သူတို့ကျစေချင်တဲ့လိုင်းကိုကျအောင် မဆွေးနွေးနိုင်ဘူး..။ လွှတ်တော် ခေါ်ယူရေး တစ်ခုတည်း အပေါ်မှာဇောကပ်နေတယ်လို့ ပြောပါတယ်..။ ကျနော် ကလည်း “အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်လို့ ယေဘုယျ သဘောထားတစ်ခု ရှိသင့်တယ်။ နဝတ.. က.. အင်တင်တင်ဖြစ်နေတာ သိသာနေတယ်။ ဒါကို ချဉ်းကပ်ပုံနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာဆွေးနွေးသင့်တယ်” လို့ ဆိုတော့ သူက “ဒါအရေးကြီးတာပေါ့”  လို့ပြောရင်းကျနော်တို့   မနေ့က ဆွေးနွေးတဲ့လိုင်းကို သူ့ကိုပြောတော့ သူက ဘာမှတော့ပြန်မပြောဘူး..။ အစည်းအဝေးကြီးထဲမှာ တီးတိုးတီးတိုး သဖန်းပိုးလုပ်ရတာဆိုတော့လည်း ပွင့်ပွင့်လင်းလင်းတော့ မဟုတ်ဘူးပေါ့..။ ပြီးတော့သူ့သဘာဝက စကားနည်းပုံရတယ်..။    ဒါနဲ့ ဆက်ပြီး သူ့ကိုအမျိုးသားဒီမိုကရေစီပါတီက အရွေးခံရတဲ့သူမို့ မနက်ဖြန်ခါကျင်းပမယ့်ဂန္ဒီခန်းမ အစည်းအဝေးကို ဧည့်သည်အနေနဲ့ တက်မှာလား..။ဘာ ကန့်သတ်ချက် ရှိသေးသလဲမေးတော့ သူကမရှိပါဘူးလို့ပြောပါတယ်။ ကျနော့် ရည်ရွယ်ချက်က သူ့မှာ ဘာအကန့်အသတ်မှ မရှိရင်ပဲခူးတိုင်းအတွက် ကိုယ်စားတင်ပြသူ (Speaker) အဖြစ် သူ့ကို တင်ချင်လို့ပါ..။ ဒါကြောင့် မလှမ်းမကမ်းမှာ ထိုင်နေတဲ့ သဲကုန်းကိုယ်စားလှယ်ဦးသိန်းထွန်းကိုသွားဆွေးနွေးတယ်..။သူကလည်း သဘောတူတယ်..။ ဒါနဲ့ ဆွေးနွေးသူတွေ ဆွေးနွေးပြီး
သွားပါပြီ..။ Speaker ရွေးမယ်ဆိုတော့ ကျနော်က ဒေါက်တာ ဦးစိန်ဝင်းကို အဆိုတင်သွင်းပါတယ်။ အမျိုးသားဒီမိုကရေစီပါတီက သုံးယောက်စလုံးဟာပဲခူးတိုင်းကချည်း အရွေးခံခဲ့တာမို့ ဒီအစည်းအဝေးကြီးမှာ ပဲခူးတိုင်းအတွက်အင်ဒီပီက ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်..။ ဒေါ်အောင်ဆန်းစုကြည် ရဲ့မောင်လည်း ဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကို အဆိုတင်လိုက် ပါတယ်။ သဲကုန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းထွန်း ကထောက်ခံပါတယ်..။   ဘယ်သူမှ ယှဉ်ပြိုင် အဆိုသွင်းသူ မရှိပါဘူး..။ဒါကြောင့် အစည်းအဝေးပြီးတဲ့အခါ အစည်းအဝေးတစ်ခုလုံးကို မှတ်တမ်းတင်နေတဲ့တောင်ငူကိုယ်စားလှယ် ဦးညွန့်ဝေက သူ့မှတ်တမ်းတွေကို ဒေါက်တာစိန်ဝင်းလက်ကိုအပ်ပါတယ်။

အဲဒီအချိန်မှာ ဦးစိုးသိန်း (မောင်ဝံသ) ရောက်လာပါတယ်။ သူကပဲခူးတိုင်း တာဝန်ခံတော့ မဟုတ်ပါဘူး၊ တာဝန်ခံက ဦးမြလေးပါ..။ ဒါပေမယ့်ဗဟိုအလုပ်အမှုဆောင်မှာ သူက ပဲခူးသား၊ ဝေါမြို့နယ် ကိုယ်စားလှယ်ပါ။ ဒီတော့ပဲခူးတိုင်းအတွက်  အရေးပါသူပေါ့။ ဩဇာရှိသူပေါ့။ စပီကာ (Speaker)ဘယ်သူ့ကို ရွေးသလဲလို့မေးပါတယ်။ ဒီ..ကြိုတင်ညှိနှိုင်း အစည်းအဝေးမှာ ဒါပဲ   အရေးအကြီးဆုံးဖြစ်ဟန်တူပါတယ်..။   တစ်ယောက်က ဒေါက်တာစိန်ဝင်းကိုရွေးတယ်လို့ဆိုတော့…. ဦးစိုးသိန်း ချက်ခြင်းမျက်နှာ တင်းသွားပြီး“ဘယ်ဖြစ်မလဲ၊ သူက အင်ဒီပီကပဲ၊ အဖွဲ့ချုပ်ကမှ မဟုတ်တာ၊ ဦးမြလေးခင်ဗျားတာဝန်ခံ လုပ်နေပြီး ဘာတွေဖြစ်ကုန်တာလဲ”   လို့ ပြောပါတယ်။

အစည်းအဝေးပြီးပေမယ့် လက်မှတ်ထိုးတာတွေ ဘာတွေလုပ်နေတုန်းမို့လို့ လူအတော်များများ ရှိနေသေးတယ်။ ကျနော်လည်းဦးစိုးသိန်းကို “ဒေါက်တာစိန်ဝင်း စပီကာ ဖြစ်ဖို့ ငါအဆိုတင်တာ၊ သူ့ကိုငါမေးသေးတယ်၊ ဒီ အစည်းအဝေးမှာ ခင်ဗျားကို ဘာအကန့်အသတ်နဲ့တက်ခွင့်ပြုတာလဲလို့၊ သူက ဘာမှမရှိဘူးဆိုလို့ ငါအဆို တင်လိုက်တာ”..လို့ပြောတော့ “ဟာ-အကိုနိုင်ကလဲ၊ သူက မိတ်ဆွေပါတီကဗျ၊တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်အေးက ဒေါက်တာ စိန်ဝင်းကိုပေးထားတဲ့ ဦးညွန့်ဝေရဲ့ အစည်းအဝေး မှတ်တမ်းစာရွက်တွေပြန်ယူလိုက်ပါတယ်…။ ပြီးတော့ လက်ပံတန်း ဦးအောင်မြင့် ဘယ်မှာလဲလို့အော်မေးနေပါတယ်…။အဓိပ္ပါယ်က စကားပြောဖို့ တာဝန်ကို ဦးအောင်မြင့်ကိုပေးမယ်ပေါ့…။ ဒီလို ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေချိန်မှာ ရွှေတောင်ဦးသန်းကြွယ်က  ဗိုလ်မှူးမောင်အေးလက်ထဲက စာရွက်တွေ ဆွဲယူလိုက်ပြီး “ဒီလိုဆို ဦးအုန်းနိုင် စပီကာလုပ်ပါ”….လို့ ပြောပြောဆိုဆို ကျနော့်ဆီကို စာရွက်တွေပေးဖို့ လာပါတယ်။ ဒီမှာ ဗိုလ်မှူးမောင်အေးက ဦးသန်းကြွယ်ကိုလှမ်းဆွဲလိုက်ပါတယ်..။ဦးသန်းကြွယ်က   အဆွဲမခံပဲ တံတောင်နဲ့တွတ်လိုက်ပြီး မျက်နှာချင်းဆိုင် လိုက်ပါတယ်..။ ထိုးမလိုကြိတ်မလိုဖြစ်သွားတယ်..။   ဒီတော့မှ ဦးစိုးသိန်းလည်း သူလုပ်လိုက်တာ တော်တော်ကသိကအောက် ဖြစ်သွားပြီ ဆိုတာ သတိပြုမိသွားတော့ “ကဲ ကဲ-ဒီလိုဆိုလည်းဦးအုန်းနိုင်ပဲပြောပါ”  လို့ ပြောပြီး အခန်းထဲက ပြန်ထွက်သွားပါတယ်။ဗိုလ်မှူးမောင်အေးကလည်း ဦးအောင်မြင့်ကို စပီကာပေးချင်ပေမယ့် ဗဟို အလုပ်အမှုဆောင် ဦးစိုးသိန်းကပဲ ဦးအုန်းနိုင်ပဲ ပြောပါလို့ ဆိုတော့ချက်ခြင်းပဲလျှော့သွားပါတယ်။ ဒါဆိုလည်း ဦးအုန်းနိုင်ပဲ လုပ်ပါလို့ပဲဖြစ်သွားပါတယ်။

ကျနော်တွေသွားပါတယ်၊ ဒီလိုဂန္ဒီခန်းမ အစည်းအဝေးလိုသမိုင်းဝင်အစည်းအဝေးမျိုးမှာ တိုင်းကိုယ်စား စကားပြောခွင့် ဆိုတာလည်းနည်းတဲ့ အခွင့်အရေးမဟုတ်ပါဘူး…။ ဒါကြောင့် ကျနော်  ကိုယ်တိုင်တော်ရုံလူကို မတင်ပဲ ဒေါက်တာစိန်ဝင်းကို အဆိုတင်ခဲ့တာပါ..။ဒီအခွင့်အရေးက အခုတော့ ကိုယ့်ဆီ ပြန်ရောက်လာတယ်။ ဒါပေမယ့်ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ကျနော်  သူများကို ဝေဖန်ခဲ့ဖူးတယ်။အရင်ဇန်နဝါရီလတည်းက နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးမှာ အဲဒီလို …တိုင်းအတွက် စပီကာရွေးတော့ဗိုလ်မှူးဟောင်းမောင်အေးကို တိုင်းအဖွဲ့က ရွေးချယ် တာဝန်ပေးလိုက်တယ်..။အစည်းအဝေးကြီးမှာ   တကယ်တက်ပြောတော့ တိုင်းစည်းရုံးရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့   ဦးပိုက်ခြုံက တက်ပြောတယ်။ မေးကြည့်တော့ဗိုလ်မှူးမောင်အေးက ပြောခိုင်းလို့ ပြောရတာပါ…လို့ ဦးပိုက်ခြုံက ပြောတယ်။ ဒါကို ကျနော်ကဝေဖန်ခဲ့ဖူးတယ်။

“ လူများစု တက်ရောက်တဲ့ အစည်းအဝေးက ပေးအပ်တဲ့ တာဝန်ကိုကိုယ်ပိုင်ပစ္စည်းလို မိမိစိတ်ထင်တိုင်း လက်ဆင့်ကမ်းတာ မမှန်ဘူး။ ဒါကိုယူတဲ့သူကလည်း ပြောရပြီးရော မလုပ်ရဘူး။ အထူးသဖြင့် နှစ်ဦးစလုံးဟာတိုင်းစည်းရုံးရေးအဖွဲ့ဝင်များဖြစ်လို့ ပိုတာဝန်ရှိတယ်”..လို့..။        အခု ဒီစကားပြောဖို့ အခွင့်အရေးက အများဆုံးဖြတ်ထားတဲ့သူကိုအစည်းအဝေးပြီးချိန်မှာ ပယ်လိုက်ပြီး နောက်တစ်ယောက်ကို လက်ဆင့်ကမ်းတာကိုယ်တိုင်တွေ့နေရပါပြီ…။အများရှေ့မှာ ဝေဖန်ခဲ့တဲ့သူကကျနော်ပါ..။ အခု လက်ဆင့်ကမ်းခံရတာကလည်း ကျနော့်ကို  ပါ။ဗဟိုအလုပ်အမှုဆောင်ကလည်းအဆုံးအဖြတ်ပေးသွားတယ်..။ ဒါပေမယ့် ကျနော်..လိပ်ပြာမသန့်ပါ။ ဒါကြောင့် ကျနော်..ဒီမှတ်တမ်းကိုယူသွားတယ်။ ညမှာ ပြောစရာရှိတာပြင်ဆင်မယ်..။ရေးမယ်..။ဒါပေမယ့် မနက်ဖြန် ဂန္ဒီခန်းမမှာလူစုံရင်အစည်းအဝေးမစခင် ဒါကိုထပ်ပြီး အတည်ပြုချက်ယူဖို့ လိုတယ်။ အဲဒီမှာအတည်ပြုချက်မရရင်တော့ ကျနော်.. Speaker   မလုပ်လိုဘူးလို့ပဲ ပြောလိုက် ပါတယ်။ ဒါကိုသိပ်ပြီး အရှည် ပြောနေပြန်ရင်လည်းအိုက်တင်ခံတယ်ဖြစ်နေဦးမယ်။

ဒီညမှာပဲ.. မြန်မာ့အသံက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ကြေညာချက်အမှတ်၁/၉၀ ဆိုတာကြီး ထွက်ပါတယ်။ နားထောင်ရသလောက်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ခိုင်ခိုင်မာမာမရှိပဲ အာဏာမလွှဲဘူး။ ယာယီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အစိုးရဖွဲ့လို့မရဘူး။ အခု အရွေးခံရတဲ့ ကိုယ်စားလှယ်တွေဟာဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရေးဆွဲရမယ်..။   နဝတ က မာရှယ်လောနဲ့အာဏာသုံးရပ်ကို ဆက်ယူထားဦးမယ်   ဆိုတဲ့ သဘောတွေပါတာလောက်ကိုသဘောပေါက်လိုက် ပါတယ်။ အာဏာကို ဆုပ်ကိုင်ထားဦးမယ်ဆိုတာပါပဲ။

ဒါကို စောစောက ညှိနှိုင်း ဆွေးနွေး ကြရအောင်ပါဆိုတုန်းကတော့ဘာမှမပြောပဲ မနက်ဖြန် ပဏာမ အစည်းအဝေး လုပ်တော့မယ် ဆိုမှ ဒီညမှာ ကပ်ပြီးကြေညာလိုက်တာဟာ… တကယ့်ကို…ညစ်ပတ်၊ စုတ်ပဲ့၊ ယုတ်မာမှုပါပဲ..။ ကျနော်တို့တတွေ က….အကြိုကြိတ်ဝိုင်းတွေမှာ အာဃာတမထားရေး၊ သဟဇာတဖြစ်ရေးတွေဆွေးနွေးခဲ့ရတာအလကားပဲ..။ ဒီလို…သဘောထားဖို့ ထိုက်တန်တဲ့ အစားတွေမဟုတ်ဘူး လို့တောင် ထင်လာတယ်..။ ဒါပေမယ့် ဒါဟာ စိတ်လိုက်မာန်ပါ လုပ်ရမယ့်အလုပ်မဟုတ်ဘူး။ ကိုယ့်ကို မဲပေးလိုက်တဲ့ ပြည်သူ့ မျက်နှာကို ထောက်ထားလို့ဆက်ပြီး စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်သွားရမယ်လို့ အသိစိတ်က..ဆင်ခြင်နိုင်ပေမယ့် …မသိစိတ် ကတော့ မခံချင်စိတ်နဲ့ မုန်းတီးရွံရှာ စိတ်တွေပေါ်နေတာ..ပါပဲ..။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts