မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၂)

ဂန္ဒီခန်းမ ကြေညာစာတမ်း (၂)
အုန်းနိုင်
ဇွန် ၂၉၊ ၂၀၁၄
 
 

● ကြိတ်ဝိုင်းလေးတစ်ခု
ကျွန်တော်တို့မြို့က ကျွန်တော်နဲ့ ဦးအေးသန်းတို့နှစ်ယောက် ဇူလိုင်လ (၂၄) ရက်နေ့ကတည်းက ရန်ကုန်ရောက်နေပါပြီ။ အကြိုဝိုင်းကလေး တွေရှိမှာမို့ ဦးအေးသန်းကိုလည်း အတွေ့အကြုံရအောင် အတူခေါ်လာခဲ့တာပါ။ (၂၅) ရက်နေ့မှာတော့ ရွှေဂုံတိုင်ကနေပြီး ကမ်းနားလမ်းက
ရုံးတစ်ရုံးကို သွားကြပါတယ်။ အဲဒီမှာ (၁၁) နာရီလောက်ကျတော့ လူအတော်စုံပါပြီ။ ပဲခူးတိုင်း အနောက်ခြမ်းဘက်က ပေါင်းတည်နဲ့ သဲ ကုန်း၊ အရှေ့ခြမ်းက  ပဲခူးနဲ့ ဒိုက်ဦး၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ ကိုယ်စားလှယ် နှစ်ဆယ်ကျော် သုံးဆယ်လောက်နဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ ဦးတင်ရွှေ (မုံရွာ) နဲ့ ရန်ကုန်တိုင်းက ဦးသိန်းတင်တို့က ဦးဆောင်ဆွေးနွေးကြတယ်။

ဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်လို့ အတော်ဆွေးနွေးကြပါတယ်။ အသွင်ကူးပြောင်းရေးကာလနဲ့ပတ်သက်လို့ ၁၉၄၇ ခုနှစ် ဖဆပလ ဖွဲ့စည်းပုံရဲ့
အသွင်ကူးပြောင်းဆဲကာလကိုကြည့်ပြီး အပြောင်းအလဲလုပ်ရန်၊ ၁၉၄၇ ခုနှစ်က ရွေးကောက်ပွဲအနိုင်ရတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံရဲ့ အလုပ်အမှုဆောင်အဖွဲ့မှာ အာဏာရနေပြီ။ အခုက အဲဒီလိုမဖြစ်သေး၊ ဒါကြောင့် နဝတက အာဏာဆက်ရှိနေဦးမယ်။ အုပ်ချုပ်မှု အာဏာကို အသွင်ကူးပြောင်းဆဲကာလတွင် နဝတအားပေး ထားပြီး ပြည်သူ့လွှတ်တော် က ပြည်သူ့လွှတ်တော်အာဏာစက်ကို ပြည်သူနှင့် သတင်းစာများ တွဲ၍ တည်ထောင်ရမည်ဆိုတဲ့သဘောကို ဦးတင်ရွှေနဲ့ ဦးသိန်းတင်တို့က ဆွေးနွေးပါတယ်။ ကျနော်တို့  ကျန်တဲ့အများစုက
ဒါကိုဘဝင်မကျပါဘူး။ ပြည်သူ့လွှတ်တော်ခေါ်ပြီးရင် ဒီပြည်သူ့လွှတ်တော်က ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးစ တဲ့ အာဏာသုံးရပ်ကို ရရှိစေရမယ်။ ဒါကြောင့် ဒီလိုရရှိစေမယ့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကို ဆက်အတည်ပြုမယ်ဆိုတာ ကျနော် ဝင်ဆွေးနွေးပါ တယ်။ အာဏာသုံးရပ် ရယူရေးကိုတော့ သဘောတူတယ်။ ၁၉၇၄  ခုနှစ် ဖွဲ့စည်းပုံကို ဆက်လက်သုံးစွဲရင် ဒီမိုကရေစီအစိုးရမဟုတ်လို့   ပြည်သူကရော၊ ကမ္ဘာကပါ လက်ခံမယ်မဟုတ်ဘူးလို့ ဝိုင်းဆွေးနွေးကြတယ်။

Provisional  Goverment  လို့ခေါ်တဲ့ ဘယ်ဖွဲ့ စည်းပုံဥပဒေကိုမှ  အခြေမခံတဲ့ ယာယီအစိုးရကိုဖွဲ့ ရမယ်။ ဒီယာယီအစိုးရမှာ န၀တကိုလည်း ပါစေရမယ်လို့ ဆွေးနွေးကြတယ်။  ခြုံလိုက်ရင်တော့ အများစု အရွေးခံရရုံနဲ့ အလိုလိုအာဏာရပြီး အစိုးရဖွဲ့လို့ မဖြစ်နိုင်သေးဘူး။ နဝတနဲ့ ဆက်ပြီး သဟဇာတဖြစ်နေဖို့ လိုသေးတယ်ဆိုတာကို လက်တွေ့ကျကျ လက်ခံစဉ်းစားနိုင်ရမယ်လို့ လမ်းကြောင်းပေးပြီး ဆွေးနွေးတာပါ။ နဝတနဲ့ တွဲပြီး အုပ်ချုပ်နေခိုက် နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအတွက် ဒီမိုကရေစီအခွင့်အရေးများ ဖွင့်ပေးနိုင်ဖို့နဲ့ (၂/၈၈)နဲ့ (၈/၈၈) တို့၊ မာရှယ်လောတို့ ပြန်ရုတ်သိမ်းဖို့  ညှိနှိုင်းလုပ်ဆောင်ရမယ်လို့ ဆွေးနွေးကြတယ်။ အဓိကချုပ်လို့ရတဲ့အချက်ကတော့ နဝတကို စစ်တန်းလျား ချက်ခြင်းပြန်ပို့လို့မရသေးဘူး။ တွဲပြီးလုပ်နေတုန်း အဖမ်းခံနေရတဲ့ခေါင်းဆောင်များ လွှတ်ပေးဖို့တို့၊ လူ့အခွင့်အရေးတွေ ရရှိလာဖို့တို့ လုပ်ဖို့လိုသေးတယ်ဆိုတာတော့ ဘဝင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လက်တွေ့ကျကျ လက်ခံနိုင်ဖို့ကြိုးစားကြရမယ်ဆိုတာပါပဲ။ Power  Sharing  ဆိုတဲ့ ယာယီအာဏာခွဲဝေ  ထားရှိရေးပါပဲ။

နဝတနဲ့ သဟဇာတဖြစ်ဖြစ် အသွင်ကူးပြောင်းနိုင်ဖို့ (Flexiblity) ဖလက်ဇေးဘယ်လတီရှိဖို့ အထူးဆွေးနွေးကြတယ်။ နောက်ဆုံး ဒါကို လက်ခံကြပါတယ်။ ဒုတိယအချက်ကတော့ လွှတ်တော်ခေါ်ပေးဖို့ရက်ချိန်း သတ်မှတ်ပြီးတောင်းမလား။ ရက်ချိန်းသတ်မှတ်မထားပဲ နဝတနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မလားဆိုတဲ့ အချက်ကိုကျတော့ ရက်ချိန်းတစ်ခုထားပြီး တောင်းသင့်တယ်ဆိုတဲ့ဘက်က အများစုပါ။ တာဝန်ခံ ဆွေး နွေးတဲ့သူတွေကလည်း Dead  Line မထားဖို့ဘက်ကဆွေးနွေးနေပေမယ့် နောက်ဆုံးတော့ နှစ်လလောက်ခွာပြီးရက်ချိန်းသတ်မှတ်သင့်တယ် ဆိုတာကို သဘောတူကြ ပါတယ်။ ဒါပေမယ့် အဲဒီအကြိုကြိတ်ဝိုင်းမှာပဲ နဝတနဲ့အချိန်ပိုင်းတစ်ခု အတူတူတွဲလုပ်နိုင်ရေး  Power Sharing အတွက် ပျော့ပျောင်းမှု (Flexible) ရှိရမယ်ဆိုတဲ့အချက်ကိုပိုပြီး အလေးပေး ဆွေးနွေးတဲ့သဘောပါ။

ဒီလို ကြိတ်ဝိုင်းကလေးတွေဟာ သူ့အစုနဲ့ သူ့နေရာ အသီးသီးမှာရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါမှလည်း စုံညီအစည်းအဝေးကြီးဟာ ရက်တို တိုအတွင်း အောင်အောင်မြင်မြင် ပြီးမှာပါ။ ဒါမျိုးတွေကအစည်းအဝေးကြီး တစ်ခုခုမှာ လုပ်လေ့လုပ်ထ ရှိပါတယ်။ ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်တွေအကြား တက္ကသိုလ်မှာ လှုပ်ရှားခဲ့တုန်းကလည်း ဒီမိုကရေစီရှိသေးတာမို့ ဒါမျိုး ကြုံဖူးပါတယ်။

လူတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်အတွေး၊ အယူအဆ၊ သဘောတရားတွေကို လိုင်းဝင်အောင်ကြိုတင်လုပ်တဲ့သဘောတွေပါ။ ကျနော်ကိုယ်တိုင် တောင် မိမိမှာ မူလကရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အဓိက ထားပြီးတောင်းဆိုရမယ်ဆိုတဲ့ သဘောထားရှိနေရာကနေ ဒီအကြိုကြိတ်ဝိုင်းအပြီးမှာ နဝတနဲ့ထိပ်တိုက်မတိုးရေးနဲ့ သဟဇာတဖြစ်ရေးကို လိုင်းပြောင်း ဘဝင်ကျသွားတာကိုယ့်ဘာသာကိုယ် တအံ့ တဩ တွေ့မိလာပါတယ်။

ကျနော်တို့ မြို့က အခြား ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးအေးသန်းကို အကဲခတ်ကြည့်ရတာကတော့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေကို တအံ့တဩ ဖြစ်နေပြီး ဒီလိုကြိတ်ဝိုင်းမျိုးကို ကျနော့် မိတ်ဆွေဟောင်းတွေ၊ ကျောင်းသားဘဝက လုပ်ဖော်ကိုင်ဖက်တွေက ဦးစီးပြီး လုပ် နေတဲ့အထဲ ကျနော်နဲ့ပတ်သက်ပြီး သူပါ တွေ့ကြုံလာရတော့ တအံ့တဩလည်းဖြစ်၊ ကျေနပ်နေပုံလည်းရပါတယ်။ ဒီကြိတ်ဝိုင်းမှာ သ ဘောထား တူတာ မတူတာ အပထားလို့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်တို့၊ ပဲခူးဦးမြတ်လှတို့၊ မန္တလေးဦးအုန်းကြိုင်တို့၊ ခရမ်း ဦးတင်မောင်ဝင်းတို့ ပါလာတာကိုလည်း သူကျေနပ်နေပုံရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts