ရသဆောင်းပါးစုံ သတင်းဆောင်းပါး

ရိုးပြေပြစ်အောင် – အခွင့်အရေးသာ ရခဲ့မယ်ဆိုရင်

 

အခွင့်အရေးသာ ရခဲ့မယ်ဆိုရင်

ရိုးပြေပြစ်အောင်၊ ဇွန် ၂၈၊ ၂၀၁၄

ယနေ့လက်ရှိတွင် မြန်မာလူမျိုးအများစုမှာ စာဖတ်အလွန်အားနည်းကြ၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာမဖတ်သူ ပပျောက်ရေးစသဖြင့် လူမှုကွန်ယက်အဖွဲ့အစည်းများဖွဲ့စည်း၍ တိုက်တွန်းနှိုးဆော်လျှက်ရှိနေသည် ကို တွေ့ရသည်။ မိမိကိုယ်တိုင်လည်း ဘာသာရေးစာအုပ်များနှင့် အပတ်စဉ်ဂျာနယ်ထုတ်ဝေနေသူဖြစ်သည့် အတွက် စာကြည့်တိုက်များကို အလျဉ်းသင့်သလို စာအုပ်စာပေများလှူဒါန်းလျှက်ရှိရာ တစ်နိုင်ငံလုံးတွင်ရှိသည့် စာကြည့်တိုက်များသို့ စာအုပ်များ ၊ ဂျာနယ်များလှူဒါန်းလိုသဖြင့် စုံစမ်းမေးမြန်းခဲ့ရာ လက်ခံထားစရာနေရာ အခက်အခဲရှိနေ၍ လက်မခံသေးကြောင်းကြားသိရသည့်အချိန်တွင်မူ အံ့သြမင်သက်မိသည်။ လှူသည့် လူက လှူချင်သည်၊ ဖတ်မည့်လူကလည်း ဖတ်ချင်သည် ဆိုသော်လည်း အခြေအနေမပေး။ မည်သို့မည်ပုံစီမံခန့်ခွဲနေ သည်ကိုမူ စဉ်းစားမရတော့ပေ။

သို့ဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အခြေအနေမပေးသည့်အခါ မနေနိုင်မထိုင်နိုင် တစ်ပိုင်တစ်နိုင် ကြိုးစားမိပြန်သည်။ နီးစပ်ရာ စာပေရေချမ်းစင်များတွင် ဂျာနယ်များတင်ပေးခြင်း၊ စာသင်ကျောင်းများအတွက် စာကြည့်တိုက်များတွင် လှူဒါန်းခြင်း၊ ဆေးရုံများတွင် စာအုပ်စင်ရိုက်၍ မိမိဂျာနယ်အပြင် အခြား ဗဟုသုတ ရဖွယ် စာအုပ်စာပေများ လှူဒါန်းခြင်းကို ပြုမိပြန်သည်။ မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် ကန့်ဘလူမြို့ ခုတင် (၁၀၀)ဆံ့ ဆေးရုံတွင် စာပေရေချမ်းစင်တစ်ခုရိုက်၍ လှူဒါန်းဖြစ်ခဲ့ရာ မိတ်ဆွေ၏ ပြန်လည်ပြောပြချက်များအရ မိမိတို့ပြည်သူများ စာဖတ်မပျင်းကြပုံကိုလည်း သိရှိခဲ့ရသည်။

လက်ထောက်ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာသော်ဇင်ဝင်းက `ဒီလို စီစဉ်ပေးတာ ကောင်းပါ တယ်။ လူနာစောင့်တွေ အားနေတဲ့အချိန် စာဖတ်နေကြတာတွေ့ရတော့ ကျွန်တော်လည်း ၀မ်းသာပါတယ်။´ ဟု ၄င်း၏အမြင်ကိုပြောပြသည်။

ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်နွဲ့နွဲ့ကြည် (အထက်တန်းသူနာပြု)ကလည်း `ကျွန်မ ကိုယ်တိုင်လည်း ဖတ်ဖြစ်ပါတယ်။ အားတဲ့အချိန်လေးပေါ့။ စာပေဆိုတာ လူတစ်ယောက်ရဲ့ အကောင်း ဆုံးမိတ်ဆွေပါ။ စာပေရေချမ်းစင် ရှိခြင်းအတွက် ကျွန်မတို့ စာဖတ်ဖို့ အခွင့်အရေးတွေပိုရပါတယ်။ စာဖတ် ဖြစ်တော့ ဗဟုသုတတွေ တိုးပွားလာပါတယ်။ သားသမီးတွေကိုလည်း စာဖတ်ဖို့ အမြဲတိုက်တွန်းဖြစ်ပါ တယ်။´ဟု ဆိုသည်။

လူနာရှင်တစ်ဦးဖြစ်သည့်  မန်ကျည်းကုန်းကျေးရွာမှ ကိုလှိုင်မျိုးမင်းကလည်း `ကျွန်တော်က စာဖတ် တာဝါသနာပါ ပါတယ်။ ကိုယ်မသိတဲ့အကြောင်းအရာတွေ ကိုယ်မရောက်ဖူးတဲ့နေရာဒေသတွေကို စာပေက တစ်ဆင့်သိရပါတယ်။ စာပေရေချမ်းစင်တွေကိုလည်း များများမတွေ့ဖူးဘူး။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပေါ့နော်။ အခု ဒီဆေးရုံမှာ လူနာလာစောင့်ရင်းနဲ့မှ တွေ့ဖူးတာ။ ၀ါသနာပါလို့ အားတဲ့အချိန်တိုင်း လာဖတ် ဖြစ်ပါတယ်။ လူစည်ကားတဲ့ နေရာတိုင်းမှာ စာပေရေချမ်းစင် တွေရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။´ဟု ၎င်း၏အမြင်ကို ပြောသည်။

ဆက်လက်၍ လူနာစောင့်တစ်ဦးဖြစ်သည့် အင်းလယ်ကြီးကျေးရွာမှ ကိုကျော်စိုးကလည်း `ဒီစာပေ ရေချမ်းစင်မျိုးတစ်ခါမှမတွေ့ဖူးဘူး။ ကျွန်တော်က စာဖတ်တာဝါသနာပါတယ်။  ကျွန်တော်တို့က ဒီလို စာပေ ရေချမ်းစင်မျိုးတွေလည်း မလုပ်ပေးနိုင်ဘူးလေ။ စေတနာထားပြီး လုပ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့လုပ်ပေးထားတော့ ကျွန်တော်တို့မှာ လေ့လာရ မှတ်သားရတယ်။ လူစည်ကားတဲ့ ဆေးရုံတို့ ဘူတာရုံတို့ ကားဂိတ်တို့လို နေရာတော်တော်များမှာ စီစဉ်ပေးထားနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။´ဟုဆိုပါသည်။

မိမိ၏မိတ်ဆွေမှလည်း အပတ်စဉ်ထုတ်ဂျာနယ်များကို လဲလှယ်၍ တာဝန်ယူကူညီပေးလျက် ရှိရာ ၎င်း၏ ပြောပြချက်များအရ `တို့နိုင်ငံက လူတွေက စာဖတ်အားနည်းတယ်သာပြောတာပါ။ ဒီဆေးရုံမှာ တော့ လူနာစောင့်တွေကော၊ ကျန်းမာရေးဝန်ထမ်းတွေကော၊ လူနာတွေကော အားပြီဆိုတာနဲ့ ဒီစာပေရေချမ်း စင်လေးကို လာကြတာပဲ။ ထိုင်စရာနေရာမရှိလို့ ကြမ်းပြင်ပေါ် ထိုင်ဖတ်ကြတယ်။ တစ်ချို့ဆို အိပ်တောင် ဖတ်ကြတာ။ ဓာတ်ပုံရိုက်ထားတယ်။´ဟု ဆိုပြီး ထိုပုံများကိုပို့လိုက်သည်။ ခံစားလိုက်ရသည့်ခံစားချက်ကို ဖော်ပြ၍ မရနိုင် အောင်ပင်။ မိမိတတ်နိုင်သည့်ဘက်က ကူညီပေးနေရသည်ကို အားမလိုအားမရဖြစ်နေမိသည်။ ထို့ထက်ပို၍ အခြေအနေ အခွင့်အရေးများ ဖန်တီးပေးနိုင်ခဲ့ပါမူ………….. ……….. ………… ………. …………

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးများတွင်မူ နည်းပညာတိုးတက်မှုများအရ အင်တာနက်ကိုအကျိုးရှိစွာ ထိ ရောက်စွာ တွင်ကျယ်စွာအသုံးပြုနေနိုင်ကြပြီဖြစ်သဖြင့် ပုံနှိပ်မီဒီယာပင် အားနည်းလာပြီဖြစ်ကြောင်း စင်ကာပူ နိုင်ငံ SMU(Singapore Management University)မှ Director တစ်ဦးဖြစ်သူ Mr.Christopher Chow က မိမိအားပြောခဲ့သည်။ ၎င်းတို့ကျောင်းတွင် စာကြည့်တိုက်မှာ အလွန်သေးငယ်ပြီး ကျောင်းသားအများစုမှုာလည်း online မှသာလေ့လာကြသည်ဟုဆိုသည်။ အလွန်သေးငယ်သည်ဟု ဆိုသော်လည်း မိမိတို့နိုင်ငံကျောင်း စာ ကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်ကြီးမားပါသည်။

မိမိတို့နိုင်ငံတွင် ဘာသာစကားနှင့် နည်းပညာ အခက်အခဲများကြောင့် အင်တာနက်ကို တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသောကြောင့် ပုံနှိပ်မီဒီယာသည် တွင်ကျယ်လျှက်ရှိသော်လည်း ထုတ်ဝေသူများမှာ စာအုပ် (၁၀၀၀) ကိုပင် မနည်းကုန်အောင် ရောင်းနေရသည်ဆိုသည်မှာလည်း စဉ်းစားစရာပင်။ အကြောင်း အရင်းမှန်ကိုရှာဖွေကြည့်သော် စာအုပ်ထက် ပိုမိုအရေးကြီးသည့် အရာများကိုနေ့စဉ် ရွေးချယ်မှုပြုနေရသော ကြောင့်ပင်။

စာဖတ်ခြင်းထက်အရေးကြီးသည့် စား ၀တ် နေ ရေးကိစ္စများကို ပြေလည်အောင် မိသားစုတွင် ရှိသမျှ လူကုန် ကြိုးစားရုန်းကန် နေကြရသည့် ပြည်သူများအနေဖြင့် စာဖတ်ချိန်မရဖြစ်နေခြင်းမှာ အချိန်ကို စီမံခန့်ခွဲ နိုင်မှု (Time Management ) အားနည်းနေခြင်းကြောင့်လား၊ စာဖတ်ဝါသနာအားနည်းနေကြခြင်းကြောင့်လား၊ ကိုရီးယားဇာတ်လမ်းတွဲများ လွှမ်းမိုးနေခြင်းကြောင့်လား၊ လူမှုကွန်ယက်များဖြစ်သည့် ဖေ့ဘွတ်ပေါ်တွင် အချိန် ကုန်နေကြခြင်းကြောင့်လား၊ ဂိမ်းကစားနေကြခြင်းကြောင့်လား၊ ဘောလုံးပွဲများကြည့်၍ လက်ဖက်ရည်ဆိုင်တွင် အချိန်ကုန်နေကြခြင်းကြောင့်လား၊ စာကြည့်တိုက်များနည်းပါးခြင်းကြောင့်လား၊ လားပေါင်းများစွာဖြင့် ဂျာအေး သူ့အမေ ရိုက်နေပါတော့သည်။

အကယ်၍သာ စာဖတ်နိုင်ဖို့ အခွင့်အရေးများ ပိုမိုဖန်တီးပေးနိုင်ခဲ့ပါက ဖြစ်လာနိုင်မည့် အခြေ အနေများကိုလည်း မျှော်တွေးမိပါသေးသည်။ မိမိအနေဖြင့် မိမိဖန်တီးပေးလိုက်သည့် အင်မတန်သေးငယ်လှ သည့် စာပေရေချမ်းစင်ရှေ့တွင် စိတ်ဝင်တစားဖတ်ရှုလေ့လာနေသည့် လူတစ်စုကိုမြင်မိသည့်အခါ စာဖတ်နိုင်ဖို့ အခြေအနေ အခွင့်အရေးများ ပိုမိုဖန်တီးပေးနိုင်ဖို့သာကြိုးစားနေမိပါသည်။ တန်ဖိုးသိပါက တန်ဖိုးရှိပါသည် ဟူသည့်အတိုင်းပင် တန်ဖိုးသိသောလူများလည်း မိမိတို့နိုင်ငံတွင် အများအပြားရှိနေပါသေးကြောင်း သက်သေ ပြချက်တစ်ခုပင်။ `အခွင့်အရေးသာပေးလိုက်စမ်းပါ၊ တို့ဘက်က အဆင်သင့်ပါပဲ´ဟု ပြောခဲ့သည့် မိမိမိတ်ဆွေ တစ်ဦးကို မိမိပြန်ပြောလိုက်မိသည်ကတော့ `တိုးတက်အောင်မြင်ချင်တဲ့လူဆိုတာ အခွင့်အရေးကို စောင့် နေတတ်တဲ့ လူမျိုးမဟုတ်ဘူး။ အခွင့်အရေးကို မိမိကိုယ်တိုင် ဖန်တီးယူတတ်တဲ့လူတွေ´ဟုပင် ………….. ………. …………. ……..။

(ဓာတ်ပုံ – အကယ်ဒမစ်ဂျာနယ်၊ စာပေရေချမ်းစင်၊ ကန့်ဘလူမြို့နယ်၊ ကုတင်၁၀၀ဆန့် ဆေးရုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts