မှတ်စုမှတ်တမ်း

မိုးမခ ဇူလိုင် စက်တင်ပြီ

မိုးမခ ဇူလိုင် စက်တင်ပြီ
ဇွန် ၂၇၊ ၂၀၁၄
 
 
 

မိုးမခ၀ိုင်းတော်သားတွေရဲ့ ရုန်းကန်မှု (၄) အုပ်မြောက်အဖြစ် မိုးမခ အမှတ်စဉ် ၄ (ဇူလိုင်လထုတ်) ကို စက်တင်နေပါပြီ။

ဇူလိုင်ထုတ် မိုးမခ အယ်ဒီတာ့လက်ရေးမှာ မောင်ရစ်ရဲ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံအထွေထွေကို ခွဲခြင်းစိတ်ဖြာ တံဆိပ်ကပ်ထားတဲ့ ဆောင်းပါးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ သက်ကြီးစကားအစီအစဉ်မှာတော့ မိုးမခရဲ့ နာယကတွေဖြစ်တဲ့ (ဆရာကြီး ဦးတင်မိုး)၊ မောင်စွမ်းရည်၊ ဒေါ်မာမာ အေးတို့ရဲ့ လက်ရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဖြစ်ပျက်ဆက်နွယ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ မျက်မှောက်ခေတ် အဖြစ် အပျက် အခြေအနေတွေကို မီးမောင်းထိုးပြနေတဲ့ ဂါမဏိ၊ ဇာနီကြီး၊ တူမောင်ညို၊ ငြိမ်းချမ်းအေးတို့နဲ့လက်ရာတွေနဲ့အတူ တခြား ကလောင် ရှင်တွေရဲ့လက်ရာတွေကို တွေ့မြင်ရမှာပါ။

ကျယ်ဝန်းလှတဲ့ လူမှုလောကအသိုက်အ၀န်းကြီးထဲမှာ တ၀မ်းတခါးအခါးအတွက် ရုန်းရ ကန်ရ၊ ဘ၀အသစ် ရုန်းရ ကန်ရ၊ အမိမြေရဲ့အဝေး တစိမ်းတရံတွေကြား ဘ၀ရပ်တည်နေထိုင်မှုပုံသဏ္ဍာန် ရသနွယ်အဖြစ်အပျက်တွေကို ပုံဖော်ထားပေးတဲ့ မေငြိမ်း၊ ကေသွယ်၊ ဂျူနီယာဝင်း၊ ဖိုးထက်၊ ထူးထူး (တောင်ငူ) တို့ရဲ့ လက်ရာတွေနဲ့အတူ တခြားကလောင်ရှင်တွေရဲ့ လက်ရာတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ခေတ်အခြေအနေကို တကွက်ဆို တကွက်ကောင်း ဟက်ဟက်ပက်ပက်သရော်ထားတဲ့ စောငို၊ ATH၊ လိုင်လုဏ်၊ ဂျော်ဒီး၊ စွမ်းပီ တို့ရဲ့ ကာတွန်းတွေကိုလည်း ပရိတ်သတ် နှစ်ခိုက်ကြလိမ့်မယ်လို့ မျှော်လင့်သလို၊ ကဗျာချစ်သူ စာချစ်သူတွေအနေနဲ့ သစ်ကောင်းအိမ်၊ မင်းညွှန့်လှိုင်၊ ခင်လွန်းအစရှိတဲ့ ကဗျာဆရာတွေရဲ့လက်ရာတွေကိုလည်း ခုံမင်ကြမယ်လို့ ယုံကြည်ပါတယ်။

ဇူလိုင်ထုတ် မိုးမခ အမှတ်စဉ် ၄ မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်အတွက် ကိုရာဇာ၊ ဇာဝါရီ၊ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)၊ နီနီမာ၊ မောင်ရင်ငတေနဲ့ အခြားမိုးမခကလောင်ရှင်တွေက ရေးဖွဲ့ခဲ့တဲ့ အမှတ်တရစာတွေကို ဆရာဦးဝင်းတင်အောက်မေ့ဖွယ် အနေနဲ့ ဖော်ပြပေးထားပါတယ်။

မိုးမခပရိတ်သတ်အနေနဲ့ မိုးမခ၀ိုင်းတော်သားတွေရဲ့ ကြိုးစားမှုရလဒ်ကလေးဖြစ်တဲ့ မိုးမခ ဇူလိုင်လထုတ်ကိုလည်း နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ရင်း …..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts