သွပ်သွပ်ရဲ့ပွင့်လင်းမြင်သာမှု
ထူးထူး (တောင်ငူ)၊ ဇွန် ၂၇၊ ၂၀၁၄
အခန်း (၁)
ရွာတိုင်းနီးပါးမှာ ရွာလူကြီးရှိကြပေမယ့်၊ ရွှေထူးတို့ရွာက သူကြီး စစ်ပြန်ကြီး သိန်ပေါသွပ်ကိုတော့ မီမယ်မထင်ပေါင်…
သိန်ပေါသွပ်ကို ရွာသူရွာသားတွေက ချစ်စနိုးနဲ့ သွပ်သွပ်လို့ပဲခေါ်ကြတယ်… သွပ်သွပ် တပ်ထဲမှာနေတုန်းက တိုက်ရည်ခိုက်ရည်အပြင်၊ စာရင်းဇယားလည်းအလွန်နိုင်ဆိုပဲ… ဒါ့ကြောင့်လည်း တစ်ချို့သောရဲဘော်ဟောင်းတွေက စာရေးကြီးလို့ခေါ်ပြန်သတဲ့… သုံးမည်ရ သွပ်သွပ်ပေါ့…ဒါ့အပြင် သွပ်သွပ်ရဲ့ထူးခြားချက်တွေက…
ရွာကိုအုပ်ချုပ်နေရင်း တစ်ဖက်တစ်လမ်းက ရွာရဲ့ဝင်ငွေတိုးအောင် နွားနို့လည်း လည်ရောင်းတယ်…တစ်ခါတစ်လေ ပွဲလမ်းတွေဘာတွေရှိရင် ချိတ်ထမီတွေဘာတွေ ပြောင်းဝတ်တယ်… အမယ် စာရှုသူများ သွပ်သွပ်ကိုအထင်မသေးနဲ့… ချိတ်ထမီဝတ်ပေမယ့်
သူ့မှာ ခေတ်အမြင်အပြည့်ရှိတယ်… ခေတ်ကို လုံးဝ မျက်ခြေပြတ်မခံဘူး။
ယနေ့တိုးတက် ပြောင်းလည်းနေတဲ့ခေတ်ကြီးကို မျက်ခြေအပြတ်မခံတဲ့ ရွှေထူးတို့ရွာက စစ်ပြန်ကြီး သူကြီး သွပ်သွပ် ပြောပြောနေတဲ့ စကားတစ်ခွန်း- ဘာတဲ့ ခပ်ဆန်းဆန်းလေးပါပဲ…. ရွှေထူး ပါးစပ်ဖျားတင် မေ့နေတယ်….
အော်သိပြီ… သိပြီ- “ပွင့်လင်းမြင်သာမှု”
“ပွင့်လင်းမြင်သာမှု” ဆိုတဲ့စကားကို ကြားရဖန်များတော့ ရွှေထူး အတော်လေး စိတ်ဝင်စား လာမိတယ်။ သိတယ်မဟုတ်လား နွားနို့ရောင်းတဲ့ သွပ်သွပ် ကအတော်လေး အပြော ကောင်း တယ် လေ… ဟိုစကားလေးလိုပေါ့… “ကြောင်ကိုဝမ်းနုတ်ဆေးကျွေးထားသလို” ဆိုတာလေ … ပျော့ပျော့လေးနဲ့အတော်နံတာလေ…
ရွာမှာသွပ်သွပ် ပြန်ပြောပြတာပဲ… ဟုတ်မဟုတ်တော့ ရွှေထူးလည်း သေချာမသိဘူး မြန်မာနိုင်ငံမင်္ဂလာပါလို့နှုတ်ဆက်တဲ့ လူကြီးကိုတောင်မှ သူက
“ဟုတ်ကဲ့ပါ… ကျွန်တော်တို့ရွာကလဲ Forwards ပါပဲလို့… ရှေ့သို့ချီတတ်နေပါတယ်လို့” နဲ့ ခပ်တည်တည်နဲ့ ပြောခဲ့တာဆိုပဲ… အချဉ်တော့မဟုတ်ဘူး။
ဒါပေမယ့် သွပ်သွပ်တစ်ယောက် အခုတော့လည်း အတိတ်မေ့သလိုလို… ရွှေခိုးသလိုလို မျက်နှာပေးနဲ့…. ပြောင်လိုက်တဲ့မျက်နှာ ဘာမိတ်ကပ်တွေလိမ်းလဲမသိဘူး….. ရွာရိုးကိုးပေါက်လျှောက်ရင်း လော်စပီကာတစ်လုံးနဲ့ အော်နေလေရဲ့ “ပတ်မကြီးမဖောက်ပါနဲ့၊ မဖောက်ပါနဲ့”တဲ့….
ရွာမှာဘာတွေဖြစ်နေမှန်း ရွှေထူးတစ်ယောက် နားကိုမလည်တော့ပါဘူးဗျာ…..
+++
အခန်း (၂)
သွပ်သွပ်ခဗျာ သူကြီးပီပီ အချိန်မအားရတဲ့ကြားထဲကနေ တစ်လတစ်ခါ လေပေါတာပေါ့နော်… ရွာထိပ်ကနေ လော်စပီကာကြီးနဲ့ “မိဘပြည်သူများခင်ဗျာ…. မိဘပြည်သူများခင်ဗျာ”…
ဘာတွေပြောမှန်းကိုမသိပါဘူးဗျာ…. နားတော့အတော်ငြီးသား… နောက်ပြီး သူ့အသံက ညှောင်နာနာနဲ့….
ရွှေထူးသနားတာကတော့ နောက်တတ်မယ့် ရွာလူကြီးအသစ်ကိုပါပဲ… ဘာဖြစ်လို့လည်းဆိုတော့ အဲ့စကားလုံး သုံးလို့မရတော့ဘူးလေ… သူကမူပိုင်ခွင့် တင်ပြီးသွားပြီ…
ဒါပေမယ့် သူပြောပါတယ်- ပွင့်လင်းမြင်သာမှုဟာ ရွာကိုစီမံအုပ်ချုပ်ရာမှာအရမ်း အရေးကြီးပါတယ်တဲ့။
မှန်တာပေါ့…. စာရှုသူတို့စဉ်းစားကြည့်ကြပါ – ရိုးသားမှုမရှိဘဲရွာသူရွာသားတွေကို ပွင့်ပွင့်လင်းလင်း အရှိကို အရှိအတိုင်း၊ အဟုတ်ကို အဟုတ်အတိုင်း ဘာမှအပိုဆာဒါးမပါဘဲ ဘယ်လိုချပြမလဲ… ရိုးသားမှုရှိမှ ပွင့်ပွင့်လင်းလင်းဆက်ဆံရဲမှာပေါ့…. ဟုတ်ပါတယ်။ နောက် ကိုယ့်ရွာသူရွာသားတွေကို လေးစားမှလဲ… ရပ်ရေးရွာရေး … အရေးကြီးတဲ့ကိစ္စမှန်သမျှကို အရေးကြီးရင် ကြီးသလို ပြောပြမှာပေါ့… တိုင်ပင်မှာပေါ့။
လေးစားမှုမရှိရင်ဘယ်ပြောမလဲ… ရာရာစစပြောစရာလား … ဒင်းတို့က ပေးတာယူ… ကျွေးတာစား၊ ခိုင်းတာလုပ်ဆိုတဲ့ အချိုးမျိုး လုပ်မှာပေါ့…
အခုတော့ သူ့ခဗျာ… ပြောရှာပါတယ်… ရွာက အကြွေးတွေ ထူနေလို့ပါတဲ့… ဒါပေမယ့်စိတ်မပျက်ပါနဲ့- ဒီနယ်မှာ ဘယ်ရွာမှ အကြွေးနဲ့မကင်းပါဘူးတဲ့။
ဒါဘာပဲပြောပြော… သတင်းအချက်အလက်တွေကို ရွာသူရွာသားတွေကိုဝေမျှတာပဲ… အင်မတန်မှသင့်တော်ကောင်းမွန်တဲ့အကျင့်တစ်ခုပါ။ ကိုယ့်ရွာသားတွေကို ရွာမှာအကြွေး ဘယ်လောက်ထူနေကြောင်းပြောရဲတာ နည်းတဲ့အရည်အချင်းလား။
သူပြောဖို့မေ့နေတာလေးတွေလည်းရှိတာပေါ့လေ …
• ဘာကြောင့်ဒီလောက်အကြွေးတွေတင်သွားရတာလဲဆိုတာ…
• ရွာရဲ့ငွေစာရင်းရှင်းတမ်းလေးတွေ…
• ရွာကသစ်တောကြိုးဝိုင်းတွေ ဘယ်မျက်လှည့်ဆရာက ဖျောက်သွားတယ်ဆိုတာ…
• ရွာကထွက်တဲ့ ကျောက်စိမ်းတုံးကြီးတွေ၊ အဖိုးတန်သယံဇာတတွေ စာရင်းမရှိအင်းမရှိ ပျောက်ပျောက်သွားတာတွေ…
• ရွာအနီးအနားကတောင်တွေအလုံးလိုက်ပျောက်သွားတဲ့ကိစ္စတွေ…
• ရွာသားတွေရဲ့လယ်ယာမြေတွေ နေရင်းထိုင်ရင်း ပျောက်ပျောက်သွားတာတွေ…
• ရွာကမြစ်ကြီးကို ရောင်းစားထားတဲ့ စာချုပ်ပါအချက်အလက်တွေ…
• ရွှေထူးတို့ရွာလေး ခါးကော့သွားရတဲ့ ပိုက်လုံးကြီးတွေကိစ္စ…
• မြန်မာစကားလုံးဝမပြောတတ်တဲ့ မျက်စေ့မှေးမှေးလူမျိုးတွေဘယ်ကဘယ်လိုရွာကို ရောက်လာတယ်ဆိုတာ.
• ရွာကဇရပ်မှာ သူလက်ခံထားတဲ့ ဂျက်၊ကွင်း၊ကင်း ကုလားသုံးကောင်အကြောင်းတွေ…
• တန်ဆောင်မုန်းလပြည့်ညမှာ ဘုန်းဘုန်းတွေကို သူ မီးသင်္ကန်းကပ်လှူတဲ့ကိစ္စတွေ
ဒါလေးတွေသာ သူရှင်းပြဖို့မေ့နေတာ…
ပတ်မကြီးဖောက်မှာတော့ အကြောက်သားရယ် …..
ဟုတ်မှာပါလေ… သူ့ရဲ့ပွင့်လင်းမြင်သာမှုကိုနားလည်တာဆိုလို့ တစ်ရွာလုံးမှာ ဇာဇာထက်နဲ့ ဇွန်သဉ္ဖာ (၂)ယောက်ပဲ ရှိပါတယ်လေ…။
အေးဗျာ… ရွှေထူးရယ်၊
– ရွာကအိမ်မြေလယ်ဈေးနှုန်းက..ပိုကြွယ်ဝတဲ့ ဘေးကရွာထက် ဈေးပိုကြီးသွားတာ အရေးကြီးဆုံးပြသနာပါပဲ..